နိုင်ငံပေါင်း ၅၀ မှာရှိနေတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ၊ ဒုက္ခသည်တွေနဲ့ သူတို့ကို ကူညီစောင့်ရှောက်ပေးနေတဲ့ အသိုင်းအဝိုင်း စတဲ့ လူဦးရေ သန်းပေါင်း ၈၀ ကျော်အတွက် အသက်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအကူအညီပေးဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံလိုအပ်နေကြောင်း IOM အဖွဲ့ကြီးက ပန်ကြားလိုက်ပါတယ်။
ဒါအပြင် လက်ရှိ IOM ရဲ့ အကြီးမားဆုံး ထောက်ပံမှုဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၈ သိန်းကျော်အတွက်ပေးနေတဲ့အကူအညီဖြစ်ကြောင်း IOM ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကိုပြောပါတယ်။ ဂျီနီဗာ IOM ဌာနချုပ်ကနေ ဗွီအိုအေသတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းလွှာကို မအင်ကြင်းနိုင်က ပြောပြမှာပါ။
ကမ္ဘာမှာ ပုံစံမျိုးစုံ၊ အနေအထားမျိုးစုံနဲ့ ဖြစ်လာတဲ့အရေးပေါ်အခြေအတွေ တိုးတိုးလာနေတာဟာ အရင်က တခါမှ မဖြစ်ခဲ့ကြောင်းနိုင်ငံတကာ ရွှေ့ပြောင်း အခြေချနေ ထိုင်သူများ အရေး ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ အစည်း IOM ကပြောပါတယ်။ ပဋိပက္ခတွေ၊ သဘာ၀ ဘေးအန္တရာယ်တွေကြောင့် လူ သန်းပေါင်းများစွာဟာ သူတို့နေအိမ်တွေကနေ မဖြစ်မနေ စွန့်ခွာထွက်ပြေးခဲ့ရကြောင်းနဲ့ အဲဒီထဲက လူအများအပြားဟာ သူတို့ဘဝရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှားနေရကြောင်း IOM အဖွဲ့ကြီးက ပြောပါတယ်။
အခုလို IOM အဖွဲ့ကြီးကလိုအပ်နေတဲ့ ရန်ပုံငွေဟာ အရေးပေါ် အသက်ကယ်ဆယ်ရေး အကူအညီ သက်သက်မဟုတ်ပဲ အဲဒီထက် ပိုပြီး ကျယ်ပြန့်ကြောင်း IOM ပြောခွင့်ရ အမျိုးသမီး Olivia Headon ကပြောပါတယ်။ ဒီရန်ပုံငွေဟာ လူတွေကို သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်နိုင်ပြီး ကောင်းမွန်တဲ့ အနာဂတ်ဘ၀ ပြန်ပြီးတည်ဆောက်နိုင်အောင် အကူအညီပေးဖို့ဖြစ်ကြောင်း Olivia Headon က ဗွီအိုအေကို ပြောပါတယ်။
"ကျမတို့က သူတို့ကို ငွေကြေးထောက်ပံရုံ ဒါမှမဟုတ် စားနပ်ရိက္ခာတွေပေးရုံ သက်သက်မဟုတ်ပါဘူး။ သူတို့ကို ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်အောင် အကူညီပေးပါတယ်။ လာမယ့် နှစ်တွေအတွင်း သူတို့ ဆိုင်ဖွင့်ချင်တဲ့သူတွေလည်း ဆိုင်ဖွင့် စီးပွားရှာနိုင်သလို လာမယ့်နှစ်တွှေအတွင်း သူတို့ဘာသာသူတို့ ရပ်တည်နိုင်ဖို့၊ကိုယ်ပိုင်ဝင်ငွေရှာနိုင်ဖို့ လုပ်ပေးတာပါ။"
ဒါအပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုကြောင့် ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၈၀၀,၀၀၀ ကျော်ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာ IOM ရဲ့ အကြီးမားဆုံး ကူညီထောက်ပံရေးလုပ်ငန်းရှိနေကြောင်း Headon ကဆိုပါတယ်။ သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်ယိုယွင်းမှုဘေး ရင်ဆိုင်နေရတဲ့ ထောင်နဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုလည်း ဒီရံပုံငွေကနေ အကူအညီပေးမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
IOM အဖွဲ့ကြီးကနေ အခြား အဓိက အကူအညီပေးနေတဲ့နေရာတွေထဲမှာ လစ်ဗျား၊ ဆီရီးယား၊ တောင်ဆူဒန်၊ ရီမင်၊ ကွန်ဂိုနဲ့ အီရတ်နိုင်ငံတို့ပါဝင်ကြောင်း Headon ကဆိုပါတယ်။ ပဋိပက္ခတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဘဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်တွင်းမှာပဲ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဘေးဒုက္ခကို ဒီနိုင်ငံတွေအားလုံးမှာရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
နိုင်ငံပေါင်း ၅၀ ထဲက အကာအကွယ်မဲ့နေသူတွေကိုIOM က ဦးစားပေး ကူညီဖို့ ကြိုးစားသွားမှာဖြစ်ကြောင့် သူကဆိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေ၊ မိသားစုကို တဦးတည်းဦးဆောင်နေရသူတွေနဲ့ မိဘမဲ့ကလေးတွေအတွက် အသက်ဘေးကယ်ဆယ်ရေးနဲ့ ရေရှည်ပြန်လည်ထူထောင်ရေး ရန်ပုံငွေရဲ့တဝက် ထောက်ပံမှာဖြစ်တယ်လို့ IOM ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကိုပြောပါတယ်။