ဖမ်းဆီးခံ Dawei Watch သတင်းဌာန ဝန်ထမ်း ၃ ဦး ပြန်လည်လွတ်မြောက်
{{Zawgyi/Unicode}}
စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဝန်ထမ်း ၃ ဦး အင်္ဂါနေ့က ပြန်လွတ်လာကြောင်း Dawei Watch သတင်းဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြောဆိုထားပါတယ်။
Dawei Watch သတင်းဌာနက သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဇော်နဲ့ မမိုးမြင့်၊ နောက် ဒီဇိုင်နာ ကိုသားကြီးတို့ကိုတနသာၤရီတိုင်း ထားဝယ်မြို့တွင်း နေရာအသီးသီးကနေ ဇန်နဝါရီလ ၁၈ ရက်နေ့ ည သန်းခေါင် အချိန်မှာ ဖမ်းဆီးသွားတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဖမ်းခံရစဉ်အတွင်း ကူညီပေးခဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း Dawei Watch က ပြောဆိုထားပါတယ်။
ဒါပေမယ့် သူတို့ကို ဘာကြောင့် ဖမ်းဆီးရသလဲ ဆိုတာနဲ့ ဘာကြောင့် ပြန်လွှတ်ပေးခဲ့သလဲ ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ သူတို့ သုံးယောက်လုံးကိုတော့ စွဲချက်တင်ထားတာ မရှိကြောင်း သတင်းဌာနရဲ့ အယ်ဒီတာတဦးက AFP သတင်းအေဂျင်စီကို ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း သတင်းဌာနတွေကို ထုတ်ဝေခွင့် လိုင်စင် ရုပ်သိမ်း၊ သတင်းထောက်တွေကို ဖမ်းဆီးခဲ့တာပါ။
...............................................
{{Zawgyi/Unicode}}