(Zawgyi / Unicode)
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုတဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်အမှုတွေကို သောကြာနေ့တိုင်း နှစ်ပတ်တကြိမ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။ လက်ရှိအားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စုစုပေါင်း ၁၁ မှုနဲ့ စွဲဆိုထားပြီး တရားရုံးက စွဲချက်တင်တဲ့အဆင့် မဆုံးဖြတ်ရသေးပါဘူး။ စက်တင်ဘာလ တတိယပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အမှုတွေနဲ့ ပတ်သက်လို့ ကိုရန်နိုင် စုစည်းတင်ပြပေးထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က တရားစွဲထားတဲ့ အမှုတွေကိုတော့ အခုတပတ်အတွင်း နေပြည်တော်က သီးသန့်တရားရုံးမှာ ပြန်ပြီးတော့ ကြားနာစစ်ဆေးခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် တရားရုံး ကြားနာစစ်ဆေးမှုတွေကို ၂ လကျော်ကြာ ရပ်နားထားခဲ့ပြီးတဲ့နောက် အခုတပတ်မှာ ပြန်လည် စတင်စစ်ဆေးခဲ့တာပါ။
ဒီတပတ်မှာတော့ မန္တလေးတိုင်း တရားလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ စွဲဆိုထားတဲ့ အမှု ၄ မှုကိုလည်း သောကြာနေ့က စတင်စစ်ဆေးခဲ့ပါတယ်။ ဒီအမှုတွေဟာ နောက်ထပ် ထပ်တိုးတာမဟုတ်ဘဲ ပြီးခဲ့တဲ့လတွေကတည်းက စွဲဆိုထားတဲ့ အမှုတွေဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။
“၄ မှုက မန္တလေးတိုင်း တရားလွှတ်တော်မှာ စီရင်ပိုင်ခွင့်ပေးတာ၊ အဲဒီတော့ မန္တလေးတိုင်း တရားလွှတ်တော်က စစ်မှာ။ အဲဒီ ၄ မှုက မန္တလေးတိုင်း တရားလွှတ်တော်က နေပြီးတော့ ၁၇ ရက်နေ့က နေပြည်တော်မှာပဲ ရုံးလာထိုင်ပါတယ်။ ဒီ ၄ မှုအတွက်က ဒေါ်အောင်ဆန်းစုကြည် သတ်သတ်က ၂ မှုပေါ့ဗျာ။ သူ့တယောက်တည်းကို ၂ မှု။ အဲဒီဟာတွေကတော့ ၂ ပတ်တခါ စစ်သွားပါလိမ့်မယ်၊ သောကြာနေ့တိုင်း။”
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က အဂတိလိုက်စားမှု ၅ မှု အပါအဝင် စုစုပေါင်း အမှု ၁၁ မှုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ ဒီအမှုတွေနဲ့ ပတ်သက်ပြီး ရဲက အမှုဖွင့်ထားတာကို တရားရုံးမှာ စစ်ဆေးတဲ့အဆင့်မှာ ရှိနေသေးပြီး ၁ မှုမှ စွဲချက်မတင်ရသေးဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
“တမှုမှ မတင်ရသေးပါဘူး။ အမှုလိုတာက ရာဇဝတ်မှုရဲ့ ထုံးစံက တရားလိုသည် အမှုတင်သွင်းသူသည် ရဲကနေပြီးတော့ လုပ်တာပေါ့၊ ရဲစွဲချက်နဲ့ပေါ့၊ တရားရုံးကို တင်တယ်။ တရားရုံးက ဒီအမှုကို လက်ခံပြီးရင် တရားလိုနဲ့ လိုပြသက်သေတွေကို စစ်တယ်။ တရားလိုနဲ့ လိုပြသက်သေတွေ စစ်ပြီးတဲ့အခါ အဲဒါတွေကုန်သွားတဲ့အခါ ဒါမှမဟုတ် ရုံးကနေပြီးတော့ လုံလောက်ပြီလို့ ထင်တဲ့အခါ စွဲချက် လျှောက်လဲချက် နှစ်ဖက်ပေးရတယ်။ ပေးပြီးတော့မှ စွဲချက်တင်၊ စွဲချက်တင်ပြီးတဲ့အခါ စွဲချက်တင်တယ်ဆိုရင် အပြစ်မရှိဘူးလို့ ကျနော်တို့ ငြင်းဆိုတယ်ဆိုရင် စွပ်စွဲခံရသူက သက်သေပြရတယ်။ ပြီးတော့မှ အဓိက အမိန့်ချတာပေါ့။ အခုက စွဲချက် လျှောက်လဲချက် တမှု ပေးပြီးသွားပြီ။ ဒါပေမယ့် အမိန့်မချသေးပါဘူး။ ပြီးခဲ့တဲ့ရုံးချိန်းမှာ ၅၀၅(ခ) ပေါ့ဗျာ၊ အဲဒီအမှုအတွက် စွဲချက်တင်သင့်မတင်သင့် ချမှတ်မယ့်ရက် ပေးပါတယ်။ လာမယ့် အင်္ဂါနေ့မှာ စွဲချက် အမိန့်ချပါမယ် ရုံးက၊ စွဲချက် တင်မလား၊ မတင်ဘူးလားဆိုတာ။ အမှုဖွင့်တယ်ဆိုတာ ရဲစခန်းမှာ ဖွင့်တာဗျ။ ရဲစခန်းမှာ အမှုဖွင့်ပြီးတော့ အမှုက သက်ဆိုင်ရာက ခွင့်ပြုပြီး စီရင်ပြီး တရားရုံးကို တင်တော့ တရားရုံးက အဲဒီအမှုကို လက်ခံထားတာ၊ လက်ခံပြီး စစ်နေတာ။”
ဒီထဲမှာ ရန်ကုန်တိုင်း တရားလွှတ်တော်နဲ့ မန္တလေးတိုင်း တရားလွှတ်တော်တွေမှာ စွဲထားတဲ့ အမှုတွေကိုလည်း နေပြည်တော်မှာပဲ စစ်သွားမှာဖြစ်တဲ့အတွက် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့အမှုတွေ အားလုံးကို နေပြည်တော် တနေရာတည်းမှာပဲ စစ်သွားဖို့ ပြင်ဆင်ထားပုံရတယ်လို့ မြင်ရပါတယ်။ အခုလို အမှုတွေအားလုံးကို နေပြည်တော်တနေရာတည်းမှာပဲ စစ်သွားဖို့ လုပ်နေပေမယ့်လည်း မူလက အမှုအခြေအနေတွေအပြင် ၂ လကြာ တရားရုံးစစ်ဆေးမှုတွေကို ရပ်နားခဲ့ရတာတွေကြောင့် ရိုးရှင်းတဲ့အမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တရားရုံးတွေဘက်က မျှော်မှန်းထားသလို ရက်ပေါင်း ၁၈၀ အတွင်း ပြီးစီးနိုင်ချေကတော့ ပိုပြီးတော့ နည်းလာတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။
---------------------
(Unicode)