သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ၃ ကြိမ်မြောက် တွေ့မည်


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ၃ ကြိမ်မြောက် တွေ့မည်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ၃ ကြိမ်မြောက် တွေ့မည်

မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ မနက်ဖြန် စက်တင်ဘာလ ၃၀ ရက်နေ့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အတည်ပြု ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို နောက်ပြန်လှည့်လို့ မရတဲ့ အခြေအနေ ရောက်တဲ့အထိ ဒီ့ထက်မက အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းနေချိန်မှာပဲ အခုလို တွေ့ဆုံကြမှာပါ။ မနက်ဖြန် တွေ့ဆုံမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဘန်ကောက်ရောက် ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက NLD ကို ဆက်သွယ် မေးမြန်းရာမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အခုလို အတည်ပြုပါတယ်။

“ဟုတ်ပါတယ်၊ မနက်ဖြန် နေ့ခင်း ခါတိုင်းလိုပဲ စိမ်းလဲ့ကန်သာမှာပါ။ နေ့ခင်း ၁ နာရီပါ။ သူတို့ ၂ ဦးတည်းပါ။ ဒါက အရင်ဟာတွေရဲ့ အဆက်ပေါ့နော။ ရှေ့ကဟာ ဘာလဲဆိုတာလည်း ကျနော်တို့ မပြောနိုင်ဘူးလေ။ ဒီဟာရဲ့ နောက်ဆက်တွဲပေါ့။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရကြားမှာ ပြောဆိုနေကြတဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းတို့ NLD က လူကြီးတွေ အနေနဲ့ ဘယ်လို ခန့်မှန်းလို့ ရပါသလဲ။

“အပြုသဘော ဆောင်တယ်လို့ပဲ ကျနော်တို့ ယုံကြည်ပါတယ်။ သူတို့ ဆွေးနွေးချက်တွေ အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပြီးပါပြီ။ ဒါပေမဲ့ အသေးစိတ်တော့ ကျနော်တို့ မသိပါဘူး။ အသေးစိတ် ဆိုတာကလည်း လုပ်ငန်းပေါ့။ လုပ်ငန်းတွေ ဘယ်လိုစကြမလဲ၊ ဘာလုပ်ကြမလဲဆိုတာ ကျနော်တို့လည်း စောင့်မျှော်နေရတဲ့ အဆင့်မှာပါ။”

NLD အနေနဲ့ တရားဝင် ရပ်တည်နိုင်ဖို့ အတွက်ကို မှတ်ပုံပြန်တင်တော့မယ့် အလားအလာတွေ တွေ့နေရတယ်၊ မှတ်ပုံပြန်တင်တော့မယ့် အခြေအနေ တွေ့နေရတယ်ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာများ ပြောသံကြားပါလဲ။

“ကျနော်တို့ကတော့ NLD ပါတီ မှတ်ပုံတင်ဖို့ ကိစ္စဟာ လက်တွေ့ကျကျ စဉ်းစားမယ်။ ဟိုတုန်းက အချိန်အခါနဲ့ အခုအချိန်အခါ အပြောင်းအလဲတွေ ရှိတယ်။ ကျနော်တို့ မှတ်ပုံတင်ဖို့နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေက ကျနော်တို့လည်း လက်ခံနိုင်တယ်ဆိုရင် ကျနော်တို့ ဒီဟာကို စဉ်းစားမယ်။ ကြိုတင်ပြီးတော့ ဆုံးဖြတ်ထားတာတော့ မရှိဘူး။ ဒါကို စဉ်းစား သုံးသပ်မယ် ဆိုတာကိုပဲ အဲဒီလို နားလည်မှုနဲ့ ရှိနေတာပါ။”

မနက်ဖြန်ကျရင်တော့ သတင်းထုတ်ပြန်ချက်တွေ ဘာတွေ လုပ်ဦးမှာပေါ့နော်၊ သူတို့ ထုံးစံအတိုင်း။

“ဟုတ်ကဲ့ လုပ်ပါလိမ့်မယ်၊ သူတို့ Joint ထွက်ပါလိမ့်မယ်။”

မနေ့တုန်းက ဦးဉာဏ်ဝင်းလည်း NLD CEC တယောက် အနေနဲ့ ပိုလန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့လိုက်ရမယ်လို့ ယူဆပါတယ်။ ပိုလန်နိုင်ငံမှာလည်း ဒီမိုကရေစီရေး အတွက်ကို အတော်လေး လှုပ်ရှား ရုန်းကန်ခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ ရှင်းပြခဲ့တယ်လို့ ကြားရပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးဟာလည်း သိပ်ကို အရေးကြီးတယ်လို့ ပြောသွားတယ်လို့ ကြားရပါတယ်။

“နောက်အရေးကြီးတာတခု သူပြောတယ်၊ ဒီမိုကရေစီ Reformation အတွက် ရတဲ့နေရာမှာ ရာခိုင်နှုန်း နည်းပါစေ၊ ဒီလိုကနေစမှ ဖြစ်မယ်ဆိုတာမျိုး သူ့ရဲ့ ယူဆချက်ကို သူပြောသွားတာ။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ဝန်ကြီး ဦးအောင်ကြည်တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ပထမတကြိမ်၊ သြဂုတ်လ ၁၂ ရက်နေ့မှာ ဒုတိယတကြိမ် တွေ့ဆုံခဲ့ကြပြီး ပူးပေါင်း ဆောင်ရွက်ရေးတွေနဲ့ ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာတွေ ရှိပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့မှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး လူထုအကျိုးအတွက် အမြင်မတူတာတွေ ဘေးဖယ်ထားပြီးတော့ ဘုံအကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်ကြမယ်လို့ ပြောဆိုထားဖူးပါတယ်။

XS
SM
MD
LG