ဥရောပ ၅ နိုင်ငံခရီး ဆက်တိုက် ထွက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၄ ရက်နေ့ နေပြည်တော်မှာ ပြန်လည် ကျင်းပမယ့် ပထမအကြိမ် စတုတ္ထ ပုံမှန်လွှတ်တော်အစည်းအဝေးကို တက်ရောက်ဖို့ ရွှေ့ဆိုင်းခဲ့ကြောင်း ပါတီက အတည်ပြု ပြောဆိုပါတယ်။ ခရီးပန်းလွန်းတဲ့အတွက် ပထမတပတ်ကို လွှတ်တော် အစည်းအဝေး မတက်နိုင်ကြောင်း ပြီးခဲ့တဲ့တပတ်က တင်ပြခဲ့ပြီးနောက် လွှတ်တော်ကလည်း ခွင့်ပြုခဲ့တဲ့အတွက် အခုလို ရွှေ့ဆိုင်းတာဖြစ်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း က တင်ပြထားပါတယ်။
အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၈ ရက်ကြာ ၅ နိုင်ငံခရီး ဆက်တိုက် သွားရောက်ခဲ့တဲ့အတွက် ခရီးပင်ပန်းလွန်းတာကြောင့် လာမယ့် ဇူလိုင်လ ၄ ရက် နေပြည်တော်မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို မတက်ရောက်နိုင်တာသာ ဖြစ်ပြီး လွှတ်တော်ဘက်ကလည်း ဒါကို ခွင့်ပြု လက်ခံတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို အတည်ပြု ပြောကြားခဲ့ပါတယ်။
“ဟုတ်တယ်။ ခရီးပန်းလာလို့ ၄ ရက်၊ ၅ ရက် နဲ့ ၆ ရက်ကို ကျနော်တို့ ခွင့်ယူထားပါတယ်။ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နေ့ကို မတက်ပါဘူး။ နောက်တပတ် ၉ ရက်နေ့က စတက်ပါမယ်။ ကျနော် ဆက်သွယ် မေးမြန်းပြီးပြီ။ ကျနော် ဆက်သွယ် မေးမြန်းပြီးပြီ။ သူတို့ လက်ခံတယ်လို့ ပြောပါတယ်။”
ခရီးစဉ်ပင်ပန်းလွန်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပထမတပတ် လွှတ်တော်အစည်းအဝေးကို မတက်ရောက်နိုင်ပေမဲ့လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကတော့ တက်ရောက်ကြမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဥရောပခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော် က ပြောပါတယ်။
“အမေစုကို ခွင့်ယူဖို့အတွက် ကျနော်တို့ အားလုံးပဲ ဝိုင်းဝန်းပြီးတော့ တိုက်တွန်းလိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ခရီးစဉ်တလျှောက်လုံးလည်း ပင်ပန်းထားတဲ့အတွက်ကြောင့် မိုလို့ အနားယူသင့်တယ်လို့ ကျနော်တို့ တိုက်တွန်းတာပါ။ ကျန်းမာရေး အခြေအနေကြောင့် မဟုတ်ပါဘူးခင်ဗျ။ သွေးအားနည်းလို့ ဆိုတာလည်း မဟုတ်ပါဘူး၊ နောက် တခြား ဘာကိစ္စကြောင့်မှလည်း မဟုတ်ပါဘူး။ ခရီးစဉ်မှာ ခရီးတလျှောက်လုံး ပင်ပန်းလာတဲ့အတွက်ကြောင့်မိုလို့ အဲဒီအတွက် အနားယူသင့်လို့ ကျနော်တို့က အနားယူပါလို့ ဝိုင်း တိုက်တွန်းလိုက်တာပါခင်ဗျ။ ခွင့်ရက် အနားယူပြီးသွားရင်တော့ အမြန်ဆုံး လိုက်လာမှာပါခင်ဗျ။ ကျနော်တို့က တက်ဖြစ်မှာပါခင်ဗျ။ ကျနော် မနက်ဖြန် သွားမှာပေါ့။ ၂ ရက်နေ့ သွားမှာပါခင်ဗျ။ ကိုယ်စားလှယ်တွေ အားလုံး တက်ဖြစ်မှာပါခင်ဗျာ။”
မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီက ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံဖို့တော့ ရှိတယ်လို့ အန်အယ်လ်ဒီ ပါတီကပြောဆိုပါတယ်။ ဇူလိုင်လ ၉ ရက်နေ့မှာတော့ လွှတ်တော် အစည်းအဝေးကို ပြန်လည်တက်ရောက်မှာဖြစ်ပါ တယ်။
ဆယ်စုနှစ် ၂ ခုနီးပါးကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီးနောက် ဥရောပကို ပထမဆုံးသွားရောက်တဲ့ ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နဲ့ ပြင်သစ် ၅ နိုင်ငံခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့တာပါ။ ပထမဆုံး ဆွစ်ဇာလန်နိုင်ငံကို သွားရောက်ခဲ့ပြီး အဲ့ဒီမှာ ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ်တာ (Didier Burkhalter) နဲ့ ပူးတွဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရုတ်တရက် နေမကောင်းတဲ့အတွက် သတင်းစာ ရှင်းလင်းပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။ တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ်ခရီးရှည်ကြောင့် သတင်းစာရှင်းလင်းပွဲအစ မိနစ်ပိုင်းအတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းတော့ ကျန်တဲ့ခရီးစဉ်အားလုံးကို ချောချောမွေ့မွေ့နဲ့ သွားရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်ခရီးစဉ်ပြီးနောက် နော်ဝေနိုင်ငံ အော်စလိုမြို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်က ချီးမြှင့်ထားတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် နိုဘဲလ် မိန့်ခွန်း ပြောတာပြင် နော်ဝေနိုင်ငံ ဘာဂင်မြို့မှာလည်း Rafto လူ့အခွင့်အရေးဆုကို လက်ခံခဲ့ပါတယ်။
အဲဒီနောက် အိုင်ယာလန်နိုင်ငံဘက် ခရီးဆက်ခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International ကချီးမြှင့်တဲ့ Ambassador of Conscience ဆုကို လက်ခံပါတယ်။
နောက်တော့ ဗြိတိန်နိုင်ငံမှာ ဗြိတိန် နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား ချားလ်စ်နဲ့ရော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်စတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဗြိတိန်ပါလီမန်မှာ သမိုင်းဝင် မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒါ့အပြင် တိဘက်ခေါင်းဆောင် ဒလိုင်းလားမားနဲ့လည်း လန်ဒန်မြို့မှာ တွေ့ဆုံပြီး ပြင်သစ်နိုင်ငံကို နောက်ဆုံးသွားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာတော့ ပြင်သစ်သမ္မတ Francois Hollande၊ သမ္မတဟောင်း နီကိုးလက်စ်ဆာကိုဇီ အပြင် ပြင်သစ်အစိုးရ အဖွဲ့ဝင်တချို့နဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့သလို ပါရီမြို့တော်သူ ဆုကိုလည်း ဒေါ်အောင်ဆန်းစုကြည် လက်ခံ ရယူခဲ့ပါတယ်။
ဇွန်လ ၂၉ ရက်နေ့မှာတော့ ဥရောပခရီးစဉ်အဆုံးသတ်ပြီး ဇွန်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ခဲ့တာပါ။ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာလူထုကလည်း သောင်းသောင်းဖြဖြနဲ့ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။