ယူကရိန်းနိုင်ငံအတွက် မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်စနစ်တွေနဲ့ တန်ပြန်ပစ်ရေဒါတွေအပါအဝင် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာ ၈၂၀ သန်းကို ထောက်ပံ့မှာ ဖြစ်တယ်လို့ အမေရိကန်အစိုးရက သောကြာနေ့က ကြေညာပါတယ်။ အခုလိုနောက်ဆုံး ယူကရိန်းကိုပေးတဲ့ စစ်ရေးအကူအညီဟာ ရုရှားရဲ့ တာဝေးပစ်ဒုံးကျည် အသုံးပြုမှုကို တန်ပြန်ဖို့ဖြစ်သလို ရုရှားစစ်လက်နက်တွေထက် ပိုမိုသာလွန်တဲ့ အဆင့်မြင့်လက်နက်နည်းပညာစနစ်တွေကို ကူညီဖို့ ယူကရိန်းအရာရှိတွေက အနောက်နိုင်ငံတွေကို တောင်းဆိုခဲ့တဲ့အတိုင်း အမေရိကန်က ပံ့ပိုးတာ ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီလကုန်မှာ ရုရှားက ယူကရိန်းကို စပြီးကျူးကျော်ချိန်ကတည်းက ဘိုင်ဒန်အစိုးရအနေနဲ့ ဒေါ်လာ (၇) ဘီလီယံနီးပါး အပါအဝင် ယူကရိန်းကို လုံခြုံရေးအကူအညီ ပေးခဲ့တဲ့ ပမာဏပေါင်း အခုဆိုရင် ဒေါ်လာ (၇.၆) ဘီလီယံထိ ရှိသွားပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့က ပြောပါတယ်။
ဒါအပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းနိုင်ငံက လိုအပ်နေသမျှကာလပတ်လုံး ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဒီသီတင်းပတ်က ပြုလုပ်တဲ့ နေတိုးမဟာမိတ် ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ သမ္မတဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို အမေရိကန်က စစ်ရေးအကူအညီတွေကို အသုတ်လိုက်ပေးနေရာမှာ အခု (၁၄) ကြိမ်မြောက်မှာတော့ ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် ခရုဇ်ဒုံးကျည်တွေနဲ့ လေယာဉ်တွေကို ခုခံကာကွယ်ပေးနိုင်တဲ့ NASAMS လို့ လူသိများတဲ့ လေကြောင်းရန် ကကွယ်ရေးစနစ်နှစ်ခု ပါဝင်ပါတယ်။
===Unicode ====