ဗြိတိန်နဲ့ မြန်မာအကြား သံတမန်ထားရှိမှုကိစ္စ အပြန်အလှန်တင်းမာမှုဟာ မြန်မာစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုဖို့ နိုင်ငံတကာရဲ့တွန့်ဆုတ်မှုသဘော ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK တာဝန်ရှိသူက ပြောပါတယ်။ မြန်မာစစ်ကောင်စီဟာ အာဆီယံနဲ့ဆက်ဆံရေးအပါအဝင် နိုင်ငံတကာမှာ သံတမန်ရေးအကျပ်အတည်း ကြုံနေရတယ်လို့လည်း သူက ထောက်ပြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြမှာပါ။
စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့် သူ့အနေနဲ့ မြန်မာနိုင်ငံကနေ ဇူလိုင်လ (၁၃) ရက်နေ့က ရုတ်တရက်ထွက်ခွာလိုက်ရပြီလို့ ဗြိတိန်သံရုံးတာဝန်ခံ Pete Vowles က သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားထားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက နောက်တရက် ဇူလိုင် (၁၄) ရက်နေ့မှာ တုံ့ပြန်ရှင်းလင်းပါတယ်။ ဗြိတိန်သံအမတ်ကြီးအဆင့်ကနေ သံရုံးတာဝန်ခံအဆင့် လျှော့ချထားတဲ့ Mr. Peter Vowles ကို လက်ခံမှာမဟုတ်ဘဲ၊ သူ့နေရာမှာ နောက်တယောက်နဲ့ အစားထိုးပေးဖို့ စစ်ကောင်စီက ဗြိတိန်အစိုးရကို ပြီးခဲ့တဲ့ နှစ်အကုန်ပိုင်းမှာ အကြောင်းကြားထားတဲ့အတိုင်း မြန်မာနိုင်ငံ ပြင်ပရောက်နေတဲ့ Mr. Vowles ကို သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ သိမ်းဆည်းဖို့ ဇွန်လ (၂၁) ကနေ ဇူလိုင် (၁၅) ရက်နေ့အထိ ပြည်ဝင်ခွင့်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် Mr. Peter Vowles မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ကိစ္စဟာ သံတမန်လုပ်ထုံးလုပ်နည်းအရသာဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အမှုဆောင်ညွှန်ကြားရေးမှူး Mark Farmaner ရဲ့အမြင်ကတော့-
မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ တစိတ်တပိုင်း မှန်နေပါတယ်။ ဗြိတိန်အစိုးရနဲ့ ဗြိတိန်သံအမတ်ကြီး Peter Vowles ဟာ မြန်မာနိုင်ငံရဲ့ တရားဝင် အုပ်ချုပ်သူမဟုတ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ခန့်အပ်လွှာပေးအပ်တာမျိုး မလုပ်ချင်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ကိုသူ တရားဝင်တယ်ဆိုတဲ့အနေနဲ့ သူလိုချင်နေတဲ့ သံအမတ်ခန့်အပ်လွှာပေးတာကို ဓါတ်ပုံရိုက်ယူတဲ့အခွင့်အရေးကို မပေးဖို့၊ ဗြိတိန်အစိုးရက ဆုံးဖြတ်ထားတာပါ။ ဒါဟာ ဗြိတိန်အစိုးရရဲ့ ကောင်းမွန်ပြီး စည်းစနစ်ကျတဲ့ ရပ်တည်ချက်ဖြစ်ပြီး စစ်တပ်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ သိသာထင်ရှားပါတယ်။ နောက်ဆက်တွဲအနေနဲ့ အခုလို ထုတ်ပြန်ချက်မျိုး ကျနော်တို့ တွေ့ရတာပါ။
ဒါအပြင် အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာမှာ အသိအမှတ်ပြုမှုရဖို့ ကြိုးစားနေပေမယ့်၊ ဝိုင်းဖယ်ကျဉ်ခံရတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ Mark Farmaner က အခုလိုပြောပါတယ်။
အဓိကပြဿနာကတော့ မြန်မာစစ်တပ်ကို နိုင်ငံရဲ့တရားဝင်အုပ်ချုပ်သူအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံထားခြင်း မရှိတာပါ။ သေချာတကတော့ နိုင်ငံအများစုဟာ သူ့တို့သံတမန်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူတွဲပြီး ဓါတ်ပုံရိုက်တာမျိုး မလိုလားကြပါဘူး။ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး လို နိုင်ငံတကာတရားရုံးတွေမှာ ရင်ဆိုင်ရဖို့ရှိနေပြီး သူ့ဘဝတသက်လုံး အကျဉ်းထောင်ထဲမှာပဲနေသင့်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သံတမန်ရေးအရ အတူတွဲဓါတ်ပုံရိုက်တဲ့ အခွင့်အရေးမျိုး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မပေးသင့်ပါဘူး။
နိုင်ငံအတော်များများဟာ မြန်မာနိုင်ငံမှာ သူတို့သံတမန်အဆင့်တွေကို တိတ်တိတ်ဆိတ်ဆိတ် လျှော့ချနေကြတယ်လို့လည်း Mark Farmaner ကပြောပါတယ်။
အခု နိုင်ငံတော်တော်များများက ဒီအတိုင်း လုပ်နေကြတာ ကျနော်တို့ တွေ့နေရတယ်။ စစ်ကောင်စီကို ခန့်အပ်လွှာပေးဖို့ မလိုတဲ့ သံရုံးတာဝန်ခံတွေကိုပဲစေလွှတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပနဲ့ ကမ္ဘာတဝှမ်းက နိုင်ငံတော်တော်များများဟာ သူတို့ သံအမတ်ကြီးတွေရဲ့ သက်တမ်းကုန်တဲ့အခါမှာ မြန်မာနိုင်ငံသံတမန်ကိုယ်စားလှယ်အတွက် သံရုံးတာဝန်ခံ အဆင့်အရာရှိတွေကို တိတ်တိတ်ဆိတ်ဆိတ် ခန့်အပ်နေကြပါတယ်။ အာဏာသိမ်းပြီးချိန်ကစလို့ အခုအချိန်ထိ စစ်ကောင်စီနဲ့ တရားဝင်တွေ့ဆုံပြီး သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်ချင်တဲ့ နိုင်ငံသုံးနိုင်ငံပဲ ရှိတယ်လို့ ကျနော်တို့ သိထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ပြန်ပြီးတုန့်ပြန်တဲ့အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို မပေးတာ၊ အချိန်မှီ ဝင်ခွင့်မရအောင် တင်းကျပ်ထားတာ စတာတွေကြောင့် မြန်မာနိုင်ငံက နိုင်ငံခြားသံရုံးတော်တော်များများမှာ ဝန်ထမ်းအပြည့်နဲ့ သူတို့လုပ်ငန်းတွေ လည်ပတ်လုပ်ဆောင်ဖို့ အခက်အခဲရှိနေတယ်လို့လည်း Mark Farmaner ကပြောပါတယ်။
ဗြိတိန်အစိုးရကတော့ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်သွယ်ရေးဆက်ပြီး ထားရှိလိုတဲ့အတွက် သံရုံးတာဝန်ခံအသစ်တဦးကို ခန့်အပ်ပြီး စေလွှတ်ဖို့ရှိတယ်လို့လည်း Mark Farmaner က ပြောပါတယ်။ ဗြိတိန်နိုင်ငံလန်ဒန်မှာရှိတဲ့ မြန်မာသံရုံးမှာတော့ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို စစ်ကောင်စီက ရာထူးကနေ ရပ်ဆိုင်းလိုက်ပြီးနောက်၊ သံရုံးတာဝန်ခံအသစ် စေလွှတ်ခြင်းမရှိသေးဘဲ၊ လက်ရှိ စစ်သံမှူးကိုပဲ ယာယီသံရုံးတာဝန်ခံအဖြစ် ပေးအပ်ထားပါတယ်။
==== Unicode ====