၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) က ဆုံးဖြတ်လိုက်ပါတယ်။ အမျိူးသား ဒီမိုကရေစီချုပ် (NLD) က ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့ပြီးနောက်ပိုင်း အလားတူ ဆုံးဖြတ်ချက်ကို CRPP အဖွဲ့က ဒီကနေ့ ဆုံးဖြတ်ချလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
ဒီမိုကရေစီစံနစ်အတွက်ရော၊ အခွင့်အရေး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မှာမဟုတ်လို့ အများပြည်သူက လက်မခံတဲ့ ၂၀၀၈ ဖွဲစည်းပုံကို အတည်ဖြစ်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို CRPP အဖွဲ့က သပိတ်မှောက်တယ်လို့ ဒီကနေ့ ဆုံးဖြတ်ချက်ချလိုက်တာပါ။ အမျိူးသား ဒီမိုကရေစီ အဖဲ့ွချုုပ် NLD က ပြီးခဲတဲ့ သြဂုတ်လ ၁၉ ရက်နေ့ကပဲ ရွေးးကောက်ပွဲကို သပိတ်မှောက်ကြောင်း ထုတ်ပြန်ကြေညာအပြီး အခု CRPP အဖွဲ့ဆီက အလားတူ ဆုံးဖြတ်ချက် ထွက်လာတာပါ။
အရင်ကတည်းကလည်း ရွေးကောက်ပွဲကို လက်မခံဘူးလို့ CRPP က သဘောထားတွေကို ထုတ်ပြန်ထားပြီး ဖြစ်ပေမဲ့ ဒီကနေ့မှာတော့ အများပြည်သူ တရားဝင် သိရှိအောင် ဆုံးဖြတ်ချက်ချ ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။
“CRPP အဖွဲ့ဝင်များဖြစ်ကြတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ စသည်အားဖြင့် မီဒီယာတွေမှာ ဒါမှ မဟုတ်ရင်လည်း ကျေညာချက်တွေ ထုတ်ပြီးတော့ ဆုံးဖြတ်ပြီး ပြောပြီးဖြစ်ပါတယ်။ အဲဒီတော့ ဒီနေ့ကတော့ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ အမျိုးမျိုး ပြောဆိုတာတွေ ကြားနေရတယ်လေ။ ဒီအပေါ်မှာ ပြည်သူတွေအနေနဲ့ရော၊ နိုင်ငံရေးအဖွဲ့ဝင်တွေ အနေနဲ့ရော တခါတည်း တသဘောတည်းကို နားလည်မှုရနိုင်အောင် CRPP အနေနဲ့ တခုတည်းသော အသံ ဖြစ်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်တာပါ။”
အခုရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတချို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီတိုင်းရင်းသား ခေါင်းဆောင်တွေ အနေနဲ့ရော တခြား နိုင်ငံရေးပါတီတွေပါ အခု ရွေးကောက်ပွဲဟာ နိုင်ငံရေးပြသနာတွေ အားလုံးကို ပြေလည်အောင် ဖြေရှင်းနိုင်မယ့် အခွင့်အလမ်း မရှိဘူးဆိုတာကို သတိထား သုံးသပ်စေချင်တယ်လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။
“တိုင်းရင်းသားပါတီများအနေနဲ့ပဲဖြစ်ဖြစ် ဒီမိုကရေစီကို လိုလားတဲ့ နိုင်ငံရေးပါတီများ အနေနဲ့ပဲဖြစ်ဖြစ် ရွေးကောက်ပွဲကို ဝင်တဲ့နေရာမှာ တကယ်တော့ တိုင်းပြည်အတွက် တိုင်းရင်းသားလူမျိုးအတွက် ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ မရှိနိုင်ဘူးလို့ အဲန်ကယ်လ်တို့က သုံးသပ်ပါတယ်။ ဒါကြောင့်လဲ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဒီလို ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ပေးမထားဘူး၊ စစ်တပ်ကပဲ ချုပ်ကိုင်ထားမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်တယ်ဆိုတာကို အခု ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့ နီးလာတဲ့အခါ ပိုပြီးတော့ သိသာထင်ရှားလာတာ တွေ့ရတယ်။”
ဒါပေမဲ့ တိုင်းရင်းသားဒေသတချို့မှာ ဖြစ်နေတဲ့ ပြဿနာတွေ၊ လက်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် မလွဲမသွေ ရွေးကောက်ပွဲဝင်ဖို့ လိုတာကြောင့် ဖြစ်တယ်လို့ ရွေးကောက်ပွဲဝင်ကြမယ့် တိုင်းရင်းသား ခေါင်းဆောင်တချို့က ပြောပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်တဲ့ CRPP အဖွဲ့အနေနဲ့ ဒီအခြေအနေတွေကို မျက်ကွယ်ပြုရာ ကျမနေဘူးလားလို့ ကျမ မေးကြည့်ပါတယ်။
“ဒီလိုပြောလို့တော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ပြည်နယ် အသီးသီးမှာ တိုင်းရင်းသားပါတီတွေကပဲ နေရာရရ တခြား ပါတီတွေကပဲ အနိုင်ရရ၊ ဒီပြည်နယ်တွေကို ပေးထားတဲ့ ပြည်နယ်ဥပဒေပြုခွင့်အာဏာ အရကိုယ်နှိက်ကိုက ဘာမှမလုပ်နိုင်တဲ့ အခွင့်အလမ်း အလားအလာ မရှိတဲ့အတွက်ကြောင့် ပြည်နယ်ကို ကိုယ်စားပြုတဲ့ ပါတီတွေကပဲ နိုင်နိုင်၊ တခြား အဖွဲ့ဝင်တွေကပဲ နိုင်နိုင်၊ ဘာမှ ပြည်နယ်အတွက် တိုင်းရင်းသားတွေအတွက် လုပ်ပေးနိုင်မယ့် အခွင့်အလမ်း မရှိပါဘူး။”
CRPP အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင် ပြောပြခဲ့တာပါ။ ဒီကနေ့ CRPP အဖွဲ့ရဲ့ လစဉ် ပုံမှန်ကျင်းပတဲ့ အစည်းဝေးမှာ NLD အပါအဝင် တိုင်းရင်းသား အဖွဲ့အသီးသီးဟာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ရွေးကောက်ပွဲ ပြီးသွားရင်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီမိုကရေစီ အခွင့်အရေး တိုင်းရင်းသား အားလုံး အခွင့်အရေးတွေအတွက် ပင်လုံမှု ပင်လုံ သဘောတူညီချက် တွေကို အခြေခံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတခု ချမှတ်နိုင်ဖို့အတွက်ကိုလည်း CRPP အဖွဲ့က ဆက်လက် ကြိုးပမ်းသွားကြဖို့ ကိစ္စကို သဘောတူခဲ့ကြတယ်လို့လည်း ပြောပါတယ်။