သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ကိုဗစ်ကူးစက်သူ တကျော့ပြန် မြင့်တက်လာနေ


ကိုဗစ်ကပ်ရောဂါကြား ကိုရင်များဆွမ်းခံကြွနေပုံ။ ဂျူလိုင် ၁၅၊ ၂၀၂၁။
ကိုဗစ်ကပ်ရောဂါကြား ကိုရင်များဆွမ်းခံကြွနေပုံ။ ဂျူလိုင် ၁၅၊ ၂၀၂၁။

[[Zawgyi/Unicode]]

မြန်မာနိုင်ငံ အခုရက်ပိုင်း ကိုဗစ်ရောဂါပိုး ကူးစက်နှုန်းတွေ တကျော့ပြန်မြင့်တက် လာနေပါတယ်။ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၇ ရက် မနေ့ကတရက်တည်း ကူးစက်ခံသူ ၂၂၃ ဦး ရှိလာပြီး အဲဒီထဲက ပြည်တွင်း ကူးစက် မှု ၂၀၉ ဦးအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။ လူထုတွေက အပြင်သွားရင် Mask မတပ်တော့တာ၊ ကိုဗစ်စည်းကမ်းတွေမလိုက်နာတာ များတယ်လို့ ကျန်းမာရေးပညာရှင်နဲ့ ပရဟိတအသင်းတွေက ပြောပါတယ်။ရန်ကုန်ကလာတဲ့ ကိုဗစ် သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ စက်တင်ဘာ ၆ ရက်နေ့ ကူးစက်ခံရသူ ၁၄၆ ဦးရှိပြီး အဲဒီအထဲမှာ ပြည်တွင်း ကူးစက်သူက ၁၃၅ ဦးရှိတဲ့အကြောင်းနဲ့ စက်တင် ဘာ ၇ ရက် မနေ့က တရက်တည်းမှာ ကူးစက်ခံသူ ၂၂၃ ဦး ရှိတဲ့အကြောင်း၊ အဲ့ဒီထဲက ပြည်တွင်းကူးစက်သူ ၂၀၉ ဦးရှိတဲ့အကြောင်း ဖေါ်ပြပါတယ်။ ရန်ကုန်မြို့ ရွှေသန်လျင်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းကတော့ မြန်မာနိုင်ငံမှာ လူတွေက လက်ရှိ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်မားလာတာမို့ လူထုတွေက စားဝတ်နေရေး ပြေလည်ဖို့ကိုပဲ လုံးပန်းနေရပြီး ကူးစက်မြန် ကိုဗစ်ရောဂါ ကာကွယ်ရေးကိုအာရုံစိုက်ဖို့ အားနည်းလာတယ်လို့ မြင်တဲ့အကြောင်း ပြောဆိုပါတယ်။

“Mask ကတော့ မတပ်သလောက်ကို ဖြစ်နေကြပါပြီ။ အခုက အရမ်းပေါ့သွားတာလည်း တပိုင်းပေါ့။ အခုလောလောဆယ်က အားလုံးစီးပွားရေးအခြေအနေက ကုန်ဈေးနှုန်းတွေတက်တော့ စားဝတ်နေရေးအတွက်ပဲ လုံးပမ်းနေရတော့ ဒီရောဂါကို ဘယ်သူမှပြန်ပြီးတော့ သိပ် သတိမထားနိုင်၊ ဂရုမစိုက်နိုင်တော့တဲ့အနေအထားမျိုးတွေပေါ့နော်။ ဘာလို့လဲဆိုတော့ အခုက နောက်ဆုံး Mask တွေကအစပေါ့နော်- မဝယ်နိုင်ကြတော့တဲ့ အခြေအနေပေါ့။ စားဝတ်နေရေး လုံးပမ်းနေတော့ ဒီလို Mask ကို အဓိကထားပြီး ဝယ်ဖို့ သတိမရတော့ဘူး။ သိတယ်မလား လူထုတွေလည်း အခက်အခဲတွေ အမျိုးမျိုးရှိတာပေါ့။ အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေကလည်း မကောင်း၊ နောက် ကုန်ဈေးနှုန်းတွေက တက်ဆိုတော့။”

ပြည်းတွင်းကူးစက်နှုန်း အခုလို မြင့်တက်နေချိန်မှာ ပြည်သူလူထုအနေနဲ့ ကိုဗစ်စည်းကမ်းတွေကို ပိုမို အားစိုက် ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ရွှေသန်လျင်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက ကြုံပြု ပြောဆိုပါတယ်။

“ အဓိက ပြည်သူလူထုအနေနဲ့ကတော့ ဂရုတစိုက်ရှိဖို့တော့ လိုတာပေါ့နော်။ ဒီ ဥစ္စာကို အလေးထားဆောင်ရွက်ဖို့။ ဘာလို့လဲဆိုတော့ပထမလှိုင်းရော၊ ဒုတိယလှိုင်းရော၊ တတိယလှိုင်းရော၊ လှိုင်းတွေက စုံလာခဲ့ပြီဆိုတော့ အတွေ့အကြံတွေ အများကြီးရထားပြီးပြီလေ။ ကာကွယ်ရေးစနစ်ကို ကိုယ်ကိုယ်တိုင်ပေါ့နော်- ပြည်သူကိုယ်တိုင်ကိုက ဆောင်ရွက်ဖို့လိုတဲ့အပိုင်းတွေပေါ့။”

လူနေထူတပ်ပြီး ကူးစက်နှုန်း အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာ လူတွေက အပြင် သွားရင် Mask မတပ်ကြတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတဦးဖြစ်တဲ့ မနီလာက ပြောပါတယ်။

“ကိုဗစ်- စိတ်ထဲမှာကို အဲ့လို လူတော်တော်များများက မရှိနေကြတော့ဘူး၊ သိလား။ သွားလာနေကြ တချို့ဆို မသိဘူးကွာ၊ Mask တွေလည်း မတပ်ကြတော့ဘူး။ နီလာတို့ကတော့ အမြဲတမ်းတပ်တယ်။ ပုံမှန် အရင်ကတည်းကလေ၊ Mask က ဘယ်သွားသွားတပ်တယ်။ အပြင်မှာ ရုံးတွေဘာတွေဆို တော်ရုံတန်ရုံ မချွတ် ဘူး၊ ဒီတိုင်းပဲတပ်ထားတာ။ ကိုဗစ်ကြောက်လို့လေ။ ကိုဗစ်ဖြစ်ရင် ကိုဗစ်တာနဲ့ ဆေးကုရတာနဲ့ ကုန်ဈေးနှုန်းတွေကတက်နဲ့ အဆင်မပြေဘူးလေ။ အဲ့တော့ မဖြစ်ခင် ကြိုပြီးကာကွယ်ထားရတာ။”

အခု နောက်ပိုင်း မျိုးဗဇပြောင်း ကူးစက်မြန် ကိုဗစ်ပိုးဟာ အရင်ကလို ပြင်းထန်တဲ့လက္ခဏာ သိပ်မတွေ့ရတာကြောင့်လည်း လူတွေက သိပ်စိုးရိမ်တဲ့လက္ခဏာ မပြကြတော့တာပါ။

ဘာပဲဖြစ်ဖြစ် ကူးစက်မှုနှုန်း လျော့ကျဖို့ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်းနဲ့ ကူးစက်မှုဖြစ်တာနဲ့ နီးစပ်ရာဆေးရုံဆေးခန်းမှာ အမြန်ဆုံးကုသမှုခံယူဖို့ ရန်ကုန်မြို့က အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်မင်းထွန်း တိုက်တွန်းထားပါတယ်။

“ကူးစက်မှု အဓိကလျော့ဖို့က နံပါတ် (၁) ပေါ့နော်။ အဲ့ဒါမှလည်း ဒီ တယောက်ကနေ တယောက်ပေါ့နော် ထိန်းနိုင်မှာပေါ့နော်။ အဓိက Mask တပ်ဖို့က နံပါတ် (၁) အရေးကြီးဆုံးမှာပေါ့နော်။ Mask တပ်ဖို့မှ တခြားလူကူးစက်မှုမဖြစ်မှာပေါ့နော်။ ကူးစက်မှုဖြစ်တယ်ဆိုတာနဲ့ ချက်ချင်းနီးစပ်ရာ ဆေးရုံဆေးခန်းသွားပြီး ကုသမှုခံယူဖို့ နံပါတ် (၂) အရေးကြီးပဲပေါ့နော်။ အဲ့ဒါမှ ကျနော်တို့ ကူးစက်မှုထိန်းနိုင်မှာပေါ့နော် ပြည်တွင်းကူးစက်မှုပေါ့နော်။”

ပြီးခဲ့တဲ့လတွေအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ဆယ်ဂဏန်းပဲရှိရာကနေ သြဂုတ်လအတွင်းမှာ ကိုဗစ်ရောဂါလူနာသစ် ၁,၁၀၀ ကျော် တိုးလာခဲ့တာပါ။ အဲဒီအထဲက ပြည်ပက ပြန်လာသူ ၃၂၉ ဦး၊ ပြည်တွင်းကူးစက်သူက ၇၃၇ ဦးနဲ့ သေဆုံးသူက ၄ ဦး ရှိနေကြောင်း ကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ စက်တင်ဘာ ၁ ရက်ကနေ ၇ ရက်အထိ ကူးစက်ခံရသူ ၈၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ပြည်ပက ပြန်လာသူ ၅၀ ဦးနဲ့ ပြည်တွင်း ၇၅၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]













XS
SM
MD
LG