မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူ တစထက်တစ များလာနေပြီး တနေ့တာတွေ့ရှိတဲ့ အတည်ပြုလူနာဦးရေဟာ ၁၀၀ ကျော်လာတဲ့အထိ ရှိနေပါတယ်။ နိုင်ငံတချို့နဲ့ မြန်မာရဲ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာပါ ကူးစက်မြန် ကိုဗစ်မျိုးဗီဇပြောင်း ရောဂါပိုးမျိုးကွဲသစ် တွေ့ရှိထားတာကြောင့် ကပ်ရောဂါစည်းမျဉ်းတွေ လိုက်နာဖို့ကို တိုက်တွန်းနေကြပြီး၊ ကူညီပေးနေသူတွေကလည်း ကြိုတင်ပြင်ဆင်တာတွေ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။
ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားကူးစက်မှု ဧပြီလဆန်းကစပြီး မြင့်တက်လာတာကနေ သင်္ကြန်ပြီးနောက်ပိုင်း အတည်ပြုလူနာဦးရေဟာ တစထက်တစ တိုးလာနေတာပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုဟာ နေ့စဥ်နီးပါး ၁၀၀ ဝန်းကျင်အထိ ရှိလာပါတယ်။ ဒါဟာ ဓာတ်ခွဲအတည်ပြုနိုင်တဲ့ အရေအတွက်ဖြစ်ပြီးတော့၊ အခုကာလမှာ ဖျားနာသူအများစုဟာ ကိုဗစ်ကပ်ရောဂါရှိ၊ မရှိ စစ်ဆေးတာမျိုးမရှိလို့ မြေပြင်မှာ ဖြစ်ပွား ကူးစက်သူတွေလည်း ဒီထက်ပိုများနိုင်တယ်လို့ ကပ်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ကပ်ရောဂါကူးစက်ခံရလို့ အကူအညီတောင်းလာတာမျိုး အခုရက်ပိုင်းထဲ မရှိသေးပေမယ့် ကြိုတင်ပြီး ပြင်ဆင်ထားတယ်လို့ မရမ်းကုန်းမြို့နယ်က ပရဟိတအသင်းတာဝန်ခံက ပြောပါတယ်။
"ကျနော်တို့အသင်း အခြေစိုက်တဲ့ဘက်မှာတော့ ကိုဗစ်လက္ခဏာရှိတဲ့ သူတွေကိုတွေ့တယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ကိုဗစ်လူနာ ပြန်ပြီးသယ်ယူရတာ မရှိသေးဘူးဆိုတော့လေ ပြောရခက်တယ်။ တချို့မြို့နယ်တွေမှာတော့ ပရဟိတအသင်းတွေ ကိုဗစ်လူနာ သယ်ယူနေရတာတော့ တွေ့ရတယ်ဗျ။ ကျနော်တို့ဘက်မှာက ကိုဗစ်သံသယလူနာလောက်ပဲ။ ဖျားကြတယ်ဆိုရင် နီးစပ်ရာ ဆေးခန်းသွားပြပြီး ဆေးသောက်ကြတဲ့သူတွေ များတဲ့အခါကျတော့ ကိုဗစ်လူနာသယ်ယူရတာတော့ မလုပ်ရသေးဘူးပေါ့လေ။ ကျနော်တို့ အသင်းအနေနဲ့ကတော့ လိုအပ်တာတွေတော့ ပြင်ဆင်ထားပါတယ်ဗျ။"
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB.1.16 (Arcturus) ကို မြန်မာနိုင်ငံက ဓာတ်ခွဲအတည်ပြု လူနာသစ်တွေဆီမှာ ဖြစ်ပွားကူးစက်တာ မတွေ့ရသေးပေမယ့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ တွေ့ရှိထားပါတယ်။ ပြည်တွင်းမှာ ဓာတ်ခွဲတွေ့ရှိတဲ့ အတည်ပြုလူနာတွေဆီမှာ မျိုးဗီဇပိုးသစ် မတွေ့ရဘူးဆိုပေမယ့် ဒီလို ဗစ်မျိုးစိတ်က ကူးစက်နှုန်းမြန်ဆန်လို့ ပြည်တွင်းမှာလည်း ရှိနေနိုင်လောက်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ကိုဗစ်လှိုင်းဒဏ်တွေတုန်းက ဖြစ်ပွားကူးစက်ခံရသူနဲ့ သေဆုံးသူတွေ အတော်များများရှိခဲ့လို့ အခုပိုးတွေ့သူဦးရေ များလာတဲ့ကာလမှာ ကပ်ရောဂါကုသ၊ ကာကွယ်ရေးအပိုင်းတွေကို ကြိုတင်ပြီး ပြင်ဆင်နေကြတာပါ။
"ကိုဗစ်စဖြစ်ကတည်းက ကျနော်တို့က လှိုင်းအသီးသီးမှာ ကူညီခဲ့ရတဲ့အခါကျတော့ အရေးကြုံလာခဲ့ရင် PPE ပြင်ဆင်ထားတာမျိုးတွေ၊ လူနာတင်ယာဉ်ပေါ်မှာ ပိုးသတ်ဆေးကိရိယာ ပြင်ဆင်ထားတာမျိုးတွေ၊ ဒါတွေကတော့ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေကြဖြစ်ပါတယ်။ လက်ရှိမှာလည်း ကာကွယ်ဆေးထိုးထားတဲ့ ပြည်သူအရေအတွက်ကလည်း များတဲ့အတွက် ဖြစ်တယ်ဆိုရင်တောင် အရင်လောက် ထိခိုက်သေဆုံးမှုက မများဘူးလို့ ကျနော်တို့သိရတယ်။ များသောအားဖြင့်ကလည်း ဆေးရုံ၊ ဆေးခန်းသွားတာထက် အိမ်မှာပဲ ကုသမှုခံယူပြီး နေကြတာဖြစ်တဲ့အတွက် ကျနော်တို့ဆီကိုလည်း ဆက်သွယ်မှု မရှိသေးတာပါ။ ဖြစ်တဲ့အနေအထားပေါ် မူတည်ပြီးတော့ အခြေအနေက ဘယ်လိုပြောင်းလဲမှု ရှိမလဲဆိုတာကတော့ ကျနော်တို့ကပြောဖို့ ခက်နေပါသေးတယ်ဗျ။"
ကိုဗစ်မျိုးဗီဇပိုးသစ် Arcturus က အိုမီခရွန်မျိုးကွဲဖြစ်လို့ ကူးစက်မြန်ပြီး၊ ရောဂါလက္ခဏာတွေ အနေနဲ့ ဖျားနာတာ၊ နှာစေး၊ ချောင်းဆိုး၊ ခေါင်းကိုက်တာနဲ့ လည်ချောင်းနာတာတွေ ဖြစ်တတ်ပါတယ်။ ထူးခြားတဲ့ ရောဂါလက္ခဏာက မျက်စိနာတာဖြစ်ပြီး၊ ကပ်ရောဂါကာကွယ်ရေး နည်းလမ်းတွေအတိုင်း အခုဖြစ်ပွားနေတဲ့ ကူးစက်မြန်တဲ့ ကိုဗစ်ပိုးသစ်ကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေကိုလည်း အွန်လိုင်းကနေတဆင့် ကျန်းမာရေးပညာပေးနေတဲ့ ဒေါက်တာသူရိန်လှိုင်ဝင်း ပြောပြထားပါတယ်။
"သူ့မှာက ထူးထူးခြားခြားဖြစ်တယ်ဆိုတဲ့ ရောဂါလက္ခဏာတခုတော့ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မျက်စိနာတာ။ မျက်စိနာတာက အရင်ကိုဗစ်တွေမှာက ရှိတော့ရှိတယ်၊ သူ့လောက်မဆိုးဘူး။ အခုက မျက်စိနာတာက အခုမျိုးစိတ်သစ်မှာ တော်တော်များများ ဖြစ်ကြတယ်ပြောတယ်။ ကျန်တဲ့ ရောဂါလက္ခဏာတွေကတော့ အတူတူလောက်ပဲ။ ပထမဦးဆုံးကတော့ ကာကွယ်ဆေးထိုးရမယ်ပေါ့နော်။ ကာကွယ်ဆေးထိုးထားတဲ့ သူတွေမှာ ရောဂါလက္ခဏာ လျော့နည်းတယ်ဆိုတဲ့ ကိစ္စက အတူတူပဲ။ အဲတော့ ကာကွယ်ဆေးကတော့ မဖြစ်မနေထိုးရဦးမှာပဲ။ အရင်ထိုးထားတဲ့ ကာကွယ်ဆေးနဲ့ ဝေးသွားပြီဆိုရင်တော့ ထပ်ဆောင်းကာကွယ်ဆေး Booster တကြိမ်လောက်တော့ ထပ်ပြီးထိုးသင့်တယ်။ နှာခေါင်းစည်း ပြန်တပ်ဖို့လိုမယ်။ မကြာခဏ လက်ဆေးဖို့လိုတယ်။ အရင်အတိုင်းပဲ လူထူထပ်တဲ့နေရာ သိပ်မသွားဘဲ ကိုယ်တိုင်လည်း ဖျားနာနေတယ်ဆိုရင် အပြင်မထွက်နဲ့။ ကိုဗစ်ကာကွယ်ဆေး Booster ပြန်ထိုး၊ နှာခေါင်စည်းတပ်၊ လက်ဆေး ဒီလောက်ဆိုရပါတယ်။"
ကပ်ရောဂါဖြစ်ပွား ကူးစက်တာ၊ ရောဂါလက္ခဏာ ပြင်းထန်တာနဲ့ သေဆုံးနှုန်းကို လျှော့ချနိုင်ဖို့အတွက် ကိုဗစ်ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။ အသက် ၅နှစ်အထက် ရှိသူတိုင်း ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံဖို့နဲ့ တတ်နိုင်သမျှ လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်တာ၊ နှာခေါင်းစည်း Mask တပ်ဖို့ အပါအဝင် လက်ကို ဆပ်ပြာနဲ့ စနစ်တကျဆေးကြောတာ ဒီလို ကပ်ရောဂါကာကွယ်ရေး အခြေခံနည်းလမ်းတွေကို ဆက်ပြီး ကျင့်သုံးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။