မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁ ထောင်ဝန်းကျင် ပြန်ဖြစ်လာ
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာအရေအတွက်ဟာ နိုဝင်ဘာလ လဆန်းပိုင်းကစပြီး ၁ ထောင်ဝန်းကျင်အထိ ပြန်များလာပါတယ်။ ဒါဟာ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွေ ပိုပြီးများများ လုပ်လာနိုင်တာကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ အတည်ပြုလူနာအများဆုံးဖြစ်နေတဲ့ ရှမ်းပြည်နယ်ထဲက လားရှိုးမြို့ မြို့မဈေးကြီးကို မနေ့ နိုဝင်ဘာ ၅ ရက်နေ့မှာ ယာယီပိတ်လိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်အတည်ပြုလူနာ အရေအတွက်ဟာ အောက်တိုဘာလထဲမှာ ရာဂဏန်းအထိ ကျသွားခဲ့ရာကနေ နိုဝင်ဘာလ ၂ ရက်နေ့မှာ ၁၀၇၄ ဦးအထိ အတည်ပြုလူနာ ပြန်များခဲ့ပါတယ်။ အဲဒီနေ့ထဲက နေ့စဉ် ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ ဝန်းကျင်မှာ ရှိနေတာပါ။ အတည်ပြုလူနာအများဆုံးက ရှမ်းပြည်နယ်မှာဖြစ်ပါတယ်။ ရှမ်းပြည်နယ် လားရှိုးမြို့မှာ ကိုဗစ်ပိုးတွေလူနာတွေ ဒီရက်ပိုင်း များလာသလို သေဆုံးမှုတွေလည်း တိုးလာတာကြောင့် မြို့မဈေးကို မနေ့ နိုဝင်ဘာ ၅ ရက် သောကြာနေ့မှာ ပြန်ပိတ်ခဲ့ရတယ်လို့ လားရှိုးမြို့ ငြိမ်းချမ်းသစ္စာ ပရဟိတအသင်းက အတွင်းရေးမှုး ဦးဆန်းမောင်က ပြောပါတယ်။
“မနေ့က ကျွန်တော်တို့ ဈေးမှာ ပြန်ပြီးတော့ စစ်တာလေ၊ ဈေးသည် ၃ ယောက်ပြန်တွေ့တယ်၊ Positive လေ။ အဲ့ဒါနဲ့ မြို့မဈေးကြီးပေ့ါ၊ ဈေးက ဒီနေ့ ပိတ်လိုက်ပြီ။ ဒီ ၃ ရက်မှာ အတော်လေး တိုးလာတယ်။ တစ်ရက်မှာ ၅ ယောက်လောက်တော့ သွားတယ် ( သေဆုံးသူ) ပုံမှန်အရလေ။ ဟိုရက်တွေတုန်းက ကျွန်တော်တို့ဖက်မှာ အတော်လေးလျော့သွားပြီးတော့မှ တစ်ရက်ကို တခါတစ်လေ တစ်ယောက်၊ တခါတစ်လေ ၃ ယောက် အဲ့လောက်ပဲ ရှိတော့တာလေ။ အခု ဒီရက်ပိုင်းတော့ ၅ယောက်၊ ၆ ယောက်၊ ၇ ယောက် အဲ့လိုပြန်ဖြစ်လာတယ်။”
အခုလို ကိုဗစ်အတည်ပြုလူနာတွေ ပြန်များလာရတာက စစ်ဆေးပေးတဲ့ ဓါတ်ခွဲနမူနာတွေ ပိုများလာလို့ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက ခုလိုပြောပါတယ်။
“ စစ်တဲ့ အပေါ်မှာ မူတည်တာပေါ့။ စစ်တာများရင် တွေ့တာလဲ များနိုင်တာပေါ့။ ရာခိုင်နှုန်းသဘောကလဲ ဒီလိုပါပဲ။ စစ်တာကလည်း ၂သောင်း ၈ ထောင်၊ ၃သောင်း အဲ့ပတ်ဝန်းကျင်တွေ စစ်တာ။ ဒုတိယလှိုင်းထက်စာရင် အများကြီးတောင် တိုးစစ်နိုင်တဲ့ အနေအထားရှိတာပေါ့။ ဒါပေမယ့် ပိုးတွေ့ရာခိုင်နှုန်း အနေအထားကို ကြည့်ရင်တော့ ကျွန်တော်တို့က ဒီ တတိယလှိုင်းကို အတိုင်းအတာတစ်ခု အထိတော့ ကောင်းကောင်းလေး ထိန်းချုပ်ထားနိုင်ပြီဆိုတာတော့ ပေါ်နေတယ်ပေါ့နှော်”
အခုရက်ပိုင်းအတွင်း ကျန်းမာရေးဌာနက တရက်ကို ဓါတ်ခွဲ နမူနာ ၂ သောင်းကနေ ၃ သောင်းနီးပါး စစ်ဆေးပေးနေပါတယ်။ အရင် ကိုဗစ်ပိုးတွေ ပြင်းထန်စဉ်တုန်းက ကူးစက်မှုတွေကို လျော့ချနိုင်ဖို့ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေ ၁၁၉ မြိုနယ် ရှိခဲ့ပါတယ်။ ပိုးကူးစက်မှု လျော့လာတဲ့ မြို့နယ်တစ်ချို့ကို ပထမတစ်ကြိမ် ၆ မြို့နယ်၊ ဒုတိယတစ်ကြိမ်မှာ ၄၄ မြို့နယ် စုစုပေါင်း မြို့နယ် ၅၀ ကို လက်ရှိမှာ Stay at Home သတ်မှတ်ချက် ပယ်ဖျက်ပေးထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာ ကိုဗစ်ကူးစက်မှုတွေကြောင့် Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်က ၆၉ မြို့နယ်ရှိပါတယ်။ အရင်ကထက်စာရင် အတည်ပြုလူနာ ရာခိုင်နှုန်းလျော့သွားသလို၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ကန့်သတ်ချက်တွေ ဖြည်လျော့ပေးနေပေမယ့် ပြည်သူတွေ အနေနဲ့ ကိုဗစ်ကူးစက်မှုတွေအတွက် လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်တွေကို မပေါ့လျော့ဘဲ လိုက်နာကြဖို့ လိုအပ်တယ်လို့ ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။
“အဓိကကတော့ မပေါ့ဖို့လိုပါတယ်။လှိုင်းတစ်ခု ပြီးဆုံးပြီလို့ ပြောဖို့ကတော့ စောပါသေးတယ်။ ကျနော်တို့ ဒါတွေကို ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ သူက တစ်စပေါ်ရင် နောက်ကလိုက်ရင်းနဲ့ ဘယ်နှစ်ယောက်ကူးစက်တာလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ နေ့စဉ်တွေ့ရတဲ့ ကိန်းဂဏန်းဆိုတာကလဲ အတက်အကျရှိနိုင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့အခါမှာ အပတ်စဉ်အတက်အကျနဲ့ပဲ ပိုးတွေ့ရာခိုင်နှုန်းနဲ့ ပိုးတွေ့စာရင်းကို ထုတ်ပြန်တာပေါ့နော်။ တစ်ရက်ချင်းကများများစစ်နိုင်တဲ့ နေ့မှာ များများတွေ့ပြီး စာရင်းတက်သွားတာ ဖြစ်နိုင်တယ်။ စစ်တာနည်းတဲ့ နေ့လဲ ရှိနိုင်တယ်ပေါ့နှော်။ နိုင်ငံတကာမှာတော့ သူက 3 days Average ကို ယူတာရှိတယ် 7 days Average ကို ယူတာရှိတယ်ပေါ့။ ကျွန်တော်တို့ကတော့ 7 days Average နဲ့ ပိုးတွေ့စာရင်းကို ထုတ်ပြန်ပေးနေပါတယ်။ အဲ့တော့ ကျလာပေမယ့် မပေါ့ဖို့လိုတာပေါ့နှော်။ အဓိကက ကာကွယ်ဆေးတွေ ထိုးနှံဖို့ကလည်း အဓိက ကျတာပေါ့နှော်။ အဲ့တော့ ဒါကို ဝိုင်းဝန်းဆောင်ရွက်ပြီးတော့ ဆက်ကျနိုင်ဖို့လည်း လိုပါတယ်။”
လက်ရှိမှာတော့ အသက် ၁၂ နှစ်နဲ့ အထက် ကျောင်းသူ ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီး နိုင်ငံအတွင်းက ကိုဗစ်ကူးစက်မှုတွေများနေသေးတဲ့ တိုင်းနဲ့ပြည်နယ် ၉ခုက မြို့နယ် ၄၆ ခုက စာသင်ကျောင်းတွေကလွဲရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေ၊ ပုဂ္ဂလိက ကျောင်းတွေနဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာပါတယ်။ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေကိုလည်း ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးပြီး တက္ကသိုလ်တွေ ပြန်ဖွင့်နိုင်ရေးအတွက်လည်း စစ်ကောင်စီက ကြိုးစားပြင်ဆင်နေပါတယ်။
.............................................
{{Unicode}}