(Zawgyi/Unicode)
KIO ကချင်လက်နက်ကိုင်အဖွဲ့ရဲ့ ပညာရေးအခြေခံဒေသဖြစ်တဲ့ မိုင်ဂျာယန်မှာ Covid 19 ကူးစက်မှုဟာ ကျောင်းသားတွေအကြားမှာ အများစု ကူးစက်ပျံ့နှံ့နေပါတယ်။ လောလောဆည် ပိုးတွေ့သူ ၂၀၀ နီးပါး ရှိကြောင်း KIO ရဲ့ Covid 19 ကာကွယ် တားဆီး နှိမ်နင်းရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။ ကိုဗစ်အတည်ပြုလူနာ ရာချီရှိနေပေမဲ့ ကုသရေးအတွက် ဆေးဝန်ထမ်း လိုအပ်ချက်တွေရှိနေတယ်လို့ပြောပါတယ်။ KIO ထိန်းချုပ်နယ်မြေထဲက ကိုဗစ်ကပ်ရောဂါအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်း ကိုသိန်းထိုက်ဦး ပြောပြမှာပါ။
KIO ကချင်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ အဓိကနေရာနှစ်ခုဖြစ်တဲ့ ဌာနချုပ်လိုင်ဇာနဲ့ ပညာရေးကျောင်းတွေ တည်ရှိရာ မိုင်ဂျာယန်မြို့မှာ ဒီတစ်ပတ်အတွင်း ဆေးစစ်ချက်အရ နောက်ဆုံးရရှိတဲ့ ကိုဗစ်အတည်ပြုလူနာစာရင်းဟာ ၂၀၀ နီးပါးရှိနေပါတယ်။ အတည်ပြုလူနာအများစုက မိုင်ဂျာယန်မြို့က ဖြစ်ကြောင်း KIO Covid 19 ကာကွယ်ရေးနဲ့ တားဆီးနှိမ်နင်းရေးကော်မတီ အတွင်းရေးမှုး ဗိုလ်မှုးကြီး ဟိန်းဝမ်က VOA ကို ပြောပါတယ်။
“ လိုင်ဇာမှာတော့ နဂိုအတိုင်းပဲ။ ဘာမှ သိပ်အပြောင်းအလဲ မရှိဘူး။ အခုက လောလောဆည် မိုင်ဂျာယန်မှာပဲ။ မိုင်ဂျာယန်မှာဆိုရင် တစ်ရာနဲ့ ကိုးဆယ့် လေးယောက်။ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ။ မနေ့ ၁၂၊ ၁၃ တော့ ဘာမှ မရသေးဘူး။ ”
ပြီးခဲ့တဲ့ ၆ရက်နေ့အထိ လိုင်ဇာမြို့မှာတော့ Covid 19 အတည်ပြုလူနာ ၂၀ ဦးတွေ့ရှိထားတာပါ။ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်နေကြသူတွေဟာ လိုင်ဇာမြို့မှာ နေထိုင်သူတွေမဟုတ်ဘဲ ပြင်ပက လာရောက်သူတွေဖြစ်ပြီး မြို့အဝင်ဆေးစစ်ချိန်မှာ တွေ့ရှိသူတွေ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ လူစုလူဝေးများရာ ကျောင်း၊ ဆေးရုံစတဲ့နေရာတွေမှာ ပျံကျ ကောက်ယူစစ်ဆေးရာမှာ ကူးစက်လူနာ ထပ်မံမတွေ့ဘူးလို့ ဗိုလ်မှုးကြီး ဟိန်းဝမ်က ပြောပါတယ်။မိုင်ဂျာယန်မှာ အတည်ပြုလူနာတွေ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတာနဲ့ အခက်အခဲကို သူက အခုလို ဆက် ပြောပါတယ်။
“ အဓိက ဆိုလိုရှိရင် ကျောင်းမှာဖြစ်တယ်။ ကျောင်းသားတွေကို Positive ဖြစ်တဲ့သူတွေကို သူတို့ကို သီးခြား သပ်သပ်ခွဲလိုက်ပြီ။ ဝင်းကျယ်တဲ့နေရာမှာ သူတို့ကို ပြောင်းထားလိုက်တယ်။ တချို့တတွေတော့ ရိုးရိုးဖျားတာလည်းရှိတယ်။ ဒါပေမဲ့ အဲဒီမှာလည်း Swab တွေ မပြတ်တမ်းယူပြီးတော့ စစ်ဆေးနေတယ်။ ဒီလူငယ်ပိုင်းဆိုတော့ တော်တော် ဆိုးဆိုးရွားရွားတော့ မရှိဘူး။ အဓိက အာဟာရနဲ့ အားဆေးတချို့တွေပဲ treatment ပေးပြီးတော့ ပြုစုနေတယ်။ ပြုစုစောင့်ရှောက်တဲ့အခါ လူများတယ်ဆိုတော့ အဲဒီမှာ ဝန်ထမ်းတွေ ဆေးဝန်ထမ်းတွေ လူအင်အားတွေ တော်တော်လိုတယ်။ အဲဒါသာ အခက်အခဲတော့ ရှိတယ်။”
လက်ရှိအချိန်မှာ မိုင်ဂျာယန်မှာ လူ ၁ သောင်းကျော်ကို ကိုဗစ်ပိုး ရှိ မရှိ ဆေးစစ်ထားပြီး ရလာမယ့်အဖြေကို စောင့်ဆိုင်းနေပါတယ်။
လက်ရှိ KIO ထိန်းချုပ်နယ်မြေမှာ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေသူတစ်ဦးက Covid 19 ကူးစက်နေတဲ့အခြေအနေဟာ လူအများအပြားကူးစက်လာရင် ဒါမှမဟုတ် ကူးစက်မှုက ရေရှည်ဆက်ရှိနေရင် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာကရိယာ လိုအပ်မှုတွေ ရှိလာနိုင်ကြောင်း ပြောပါတယ်။
“ရေရှည် ဒီထက် များလာတယ်ဆိုရင် အစားအသောက် အခက်အခဲကတော့ ပထမဦးဆုံးဖြစ်လာနိုင်တယ်။ လောလောဆည်ကတော့ ကိုယ့်အိမ်မှာ ကိုယ် စားဖို့ တစ်ပတ်၊ နှစ်ပတ်စာတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ဘယ်လောက်ရှည်မလဲဆိုတဲ့အပေါ် မူတည်ပြီးမှ အခက်အခဲရှိနိုင်တယ်။ ဒုတိယတစ်ခုက ဆေးဝါးတွေ အခက်အခဲရှိနိုင်တယ်။ အခုက မြန်မာနိုင်ငံအပိုင်းကနေပြီးတော့ ဆေးဝါးတွေက လုံး၀ တင်သွင်းလာခွင့် မရှိတော့ဘူး။ အစားအသောက်လည်း တင်သွင်းခွင့်မရှိဘူး။ နောက်ကာကွယ်ရေးပစ္စည်းတွေက ဘယ်လောက် ကြာကြာ ခံမလဲဆိုတာ မသိဘူး။ ဘာလို့လည်းဆိုရင် လူနာအရေအတွက်ကများရင် ကာကွယ်ရေးပစ္စည်းလည်း များမယ်ပေါ့။ ”
အခြားအခက်အခဲကတော့ ငွေကြေးထုတ်ယူရမှု၊ အောက်စီဂျင်ရရှိမှု၊ ကျေးလက်တွေမှာ ဖြစ်လာရင် သယ်ယူပို့ဆောင်ဖို့ လူနာတင်ယာဉ်အခက် စတာတွေလည်း ရှိလာနိုင်ကြောင်း ထောက်ပြပါတယ်။
လိုင်ဇာမြို့မှာ အတည်ပြုလူနာတွေ စတင်တေ့ွရှိခဲ့ပြီးနောက် ဒီလ ၅ ရက်နေ့ကစလို့ မြို့ အဝင်အထွက်တွေကို ပိတ်ပင်လိုက်သလို မိုင်ဂျာယန်မြို့မှာလည်း ဒီလ ၈ရက်နေ့က စတင်ပြီး အသွားအလာ ကန့်သတ်မှုတွေ ဆောင်ရွက်ထားပါတယ်။
လူအများစုဝေးနိုင်တဲ့ ကျောင်းတွေ၊ သင်တန်းတွေ၊ ဘုရားကျောင်းတွေကို ဒီလ ု၁၂ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပိတ်ထားဖို့ကိုလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အတွင်းက မြို့နယ် ၁၀ မြို့နယ်မှာ Covid 19 အတည်ပြုလူနာတွေရှိနေပါတယ်။ မြစ်ကြီးနားနဲ့ ဗန်းမော်မြို့နယ်တွေကိုတော့ ဇူလို ၁၃ ရက် အင်္ဂါနေ့ကစတင်ပြီး Stay at Home သတ်မှတ်ထားပါတယ်။
.................................................................................................
(Unicode)