သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှုမကျူးလွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အယူခံ တရားရုံးပယ်ချ 


ယခင်မှတ်တမ်းရုပ်ပုံ | ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ရှမ်းပြည်မှာ လူထုကို မဲဆွယ်စည်းရုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၅၊ ၂၀၁၅)
ယခင်မှတ်တမ်းရုပ်ပုံ | ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ရှမ်းပြည်မှာ လူထုကို မဲဆွယ်စည်းရုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၅၊ ၂၀၁၅)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမှု ၅ မှုကို ကျူးလွန်ခဲ့ခြင်း မရှိလို့ အပြစ်မရှိကြောင်း အထူးအယူခံ တက်တာကို နိုင်ငံတော် အထူးတရားရုံးက ပယ်ချခဲ့ပါတယ်။ ဒီလို ပယ်ချ တာဟာ တရားရေးအပေါ် နိုင်ငံရေးက လွှမ်းမိုးမှုကို မီးမောင်းထိုးပြတာ ဖြစ်တယ်လို့ တရားရေး အသိုင်းအဝိုင်းက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ၁ မှု၊ သဘာဝဘေး စီမံခန့်ခွဲမှု ၂ မှုနဲ့ စကားပြောစက် လက်ဝယ်ထားရှိလို့ ဆက်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန်အမှု ၂ ခု၊ စုစုပေါင်း ၅ မှုအတွက် ပြစ်ဒဏ် ၆ နှစ် ချခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့က လွတ်ငြိမ်း သက်သာခွင့် ကြေညာချိန်မှာ စစ်ကောင်စီက အဲ့ဒီပြစ်ဒဏ်တွေကို လျော့ပေါ့ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီလွတ်ငြိမ်းသက်သာခွင့် မကြေညာခင် ဒီနှစ် ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက ဒီအမှုတွေနဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်း အထူးအယူခံကို နိုင်ငံတော် အထူးတရားရုံးကို ရှေ့နေတွေက တင်ပြထားတာပါ။ လွတ်ငြိမ်းခွင့်မပေးခင် တင်ထားတဲ့ တင်ပြချက် ဖြစ်သလို၊ လွတ်ငြိမ်းခွင့် ပြုသည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပုဒ်မတွေကို ကျူးလွန်ခဲ့ခြင်း မရှိတာကြောင့် အပြစ်မရှိကြောင်း အထူးအယူခံတင်တာကို နိုင်ငံတော်အထူးတရားရုံးက မနေ့က ပယ်ချလိုက်တာပါ။

ဒီလို ပယ်ချလိုက်တာဟာ တရားရေးအပေါ် နိုင်ငံရေးက လွှမ်းမိုးမှုကို မီးမောင်းထိုးပြတာ ဖြစ်တယ်လို့ တရားရေး အသိုင်းအဝိုင်းက သူတဦးက သုံးသပ်ပြောဆိုပါတယ်။

"အခုအမှုတွေ အကုန်လုံးက နိုင်ငံရေးစနစ်တခုမှာဖြစ်တဲ့ အပြောင်းလဲ တခုထဲက အမှုတွေ။ အဲ့တော့ အဲဒါကနိုင်ငံရေးပေါ်ပဲ အခြေခံပြီးတော့ ဆုံးဖြတ် သွားကြတာလေ။ ဖြေလျော့တာကလည်း နိုင်ငံရေးနဲ့ပဲ နွယ်သွားတယ်။ ချထားတဲ့ အမှုတွေကလည်း ၂ နှစ် ၃ နှစ်လောက် ချထားတဲ့ အမှုတွေကို လျော့ပေးတာ။ ၂ နှစ် ၃ နှစ်ချထားတာတွေက တနှစ်၂ နှစ်နေ ပြီးသွားမှာ။ အဲ့ဒါက လုပ်ထုံးလုပ်နည်းအရ နိုင်ငံရေးအရ လျှော့တဲ့အထဲ ထည့်ပေးလိုက်တာ။ ဘယ်လို ပုဂ္ဂိုလ်မျိုးမှ တရားဥပဒေ စိုးမိုးတာနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ အရသာကို မခံစားရဘူးဆိုတာ ပြနေတဲ့ စနစ်ပေါ့။"

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကတော့ ဒီအမှုတွေမှာ အပြစ်မရှိကြောင်း ပေါ်လွင်တဲ့အထိ အယူခံ အဆင်ဆင့် ဆက်တက်သွားဖို့ ပြင်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဥပဒေကြောင်းအရ ချမှတ်ထားတဲ့ ပြစ်ဒဏ် မကျူးလွန်ဘူးဆိုတာကို ချမှတ်ခံရသူ ဘက်က တရားရုံး အဆင့်ဆင့် အယူခံတက်ပိုင်ခွင့် ရှိပါတယ်။

မြို့နယ်တရားရုံးကနေ ခရိုင်၊ ပြီးရင် တိုင်း၊ ဗဟိုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော် အထူးတရားရုံး အဲ့ကနေမှ တရားရေးဥပဒေအရနောက်ဆုံး တရားသူကြီးချုပ်ဆီ အဆင့်ဆင့် အယူခံတတ်နိုင်ကြောင်း ဖော်ပြထားတာပါ။ နိုင်ငံတော် အထူးတရားရုံး အဆင့်မှာတင် အဆင့် ၃ ဆင့် တင်သွင်းခွင့်ရှိကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အထူးတရားရုံးက ပယ်ချခဲ့တဲ့ အခုအမှုတွေဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အစောဆုံး တရားစွဲဆိုထားတဲ့ အမှုတွေ ဖြစ်ပါတယ်။ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၉ မှုအတွက် ချမှတ်ထားတဲ့ ပြစ်ဒဏ် ၃၃ နှစ်ထဲက ၆ နှစ်ကို သြဂုတ်လ ၁ ရက်နေ့က လျှော့ပေါ့ပေး လိုက်ပေမဲ့ ကျန်နေသေးတဲ့ ၁၄ မှု အတွက် ထောင်ဒဏ်က ၂၇ နှစ် ကျခံရဦးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG