သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ ပွင့်ဆိုင်မှာ ဖွဲ့စည်းပုံပြင်ရေးဆွေးနွေး


သမ္မတဦးသိန်းစိန်၊ (တ-ဗဟို)၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် (ယာ) ၊ ဒေါ်အောင်ဆန်းစုကြည် (ဒု-ယာ)၊ တိုင်းရင်းသားကိုယ်စားလှယ် ဦးအေးမောင် (ဒု-ဝဲ)၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဝဲ) နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း (တ-ဝဲ)
သမ္မတဦးသိန်းစိန်၊ (တ-ဗဟို)၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် (ယာ) ၊ ဒေါ်အောင်ဆန်းစုကြည် (ဒု-ယာ)၊ တိုင်းရင်းသားကိုယ်စားလှယ် ဦးအေးမောင် (ဒု-ဝဲ)၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဝဲ) နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း (တ-ဝဲ)

မနေ့တုန်းက ကျင်းပခဲ့တဲ့ ထိပ်သီးခေါင်းဆောင် ၆ ဦးရဲ့ ဆွေးနွေးပွဲအတွင်းမှာတော့ ဖွဲ့စည်းပုံပါ အချက်အလက်အချို့ ပြင်ဆင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ခဲ့ကြတာမို့ နောက်တကြိမ်လုပ်မယ့် ဆွေးနွေးပွဲဟာ ပိုပြီး အရေးကြီးလိမ့်မယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူ တဦးဖြစ်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။ မသိဂီထိုက်က တင်ပြပေးထားပါတယ်။

လက်ရှိ ပဋိပက္ခတွေလျှော့ချဖို့နဲ့ ရွေးကောက်ပွဲအောင်မြင်ဖို့ နိုင်ငံရေး တည်ငြိမ်မှု ရဖို့ ဆွေးနွေးကြရင်း၊ ဖွဲ့စည်းပုံပါအချက်အလက်အချို့ ပြင်ဆင်ဖို့ လိုအပ်ချက်တွေ ရှိတယ်ဆိုတာကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ် လို့ ဒေါက်တာအေးမောင် က ပြောပါတယ်။ ပြင်ဆင်ရာမှာ နှစ်ဘက်စလုံးက အလျှော့အတင်း လုပ်သွားဖို့ လိုအပ်ချက်ကိုလည်း ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေါက်တာအေးမောင်
ဒေါက်တာအေးမောင်

“တိုင်းရင်းသားအများစု လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ခွင့်ဆိုတဲ့ကဏ္ဍကို ဖွဲ့စည်းပုံက ဘယ်လောက်အထိ ဖြေလျှော့ပေးနိုင်မလဲဆိုတဲ့ ကဏ္ဍကို ကာကွယ်ရေးဦးစီးချုပ်တို့ဘက်က စဉ်းစားတဲ့အခါမှာတော့ဖြင့်- အရေးကြီးအဆိုမှာပါခဲ့တဲ့အတိုင်းပါပဲ၊ ဇယား (၁) က ပြည်ထောင်စုရဲ့ ဥပဒေပြုပိုင်ခွင့် တော်တော်များများကို ဇယား (၂) ကို ပြောင်းပေး။ နောက် Resourcing Sharing လုပ်သင့်သလောက်ကို လုပ်ပေး။ နောက် …တနည်းအားဖြင့် ဇယား (၁) နဲ့ (၅) ကို အခြေခံဥပဒေပုဒ်မ ၄၃၆ (ခ) ပါအတိုင်း referendum မလုပ်ဘဲနဲ့ decentralize လုပ်သင့်သလောက်လုပ်ပြီး အချိန်ကာလကလည်း အင်မတန် တိုတောင်းတာမို့လို့ ဆောင်ရွက်ပေးရုံနဲ့ ကျနော်တို့လိုလားတဲ့ ဖွဲ့စည်းပုံကြီးတခုဟာ အကျိုးရှိရှိနဲ့ အားလုံးအတွက် အဆင်ပြေနိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ချဉ်းကပ်တဲ့အခါမှာ ကျနော်တို့အားလုံးကတော့ ထပ်မံဆွေးနွေးပြီးမှ ၄၃၆ (က) ပါ အချို့ပုဒ်မများကိုလည်း အသေးစိတ်နီးပါးလောက် သူ့ဘက် ကိုယ့်ဘက် ပြောင်းလဲဖို့ ညှိနှိုင်းပြီးမှ ကိုယ်တောင်းချင်တာ- ကိုယ်ပြောင်းချင်ပေမယ့်လို့ ပြောင်းသင့်မှပြောင်း၊ ကိုယ်မပြောင်းချင်ပေမယ့်လည်း ပြောင်းသင့်ရင်ပြောင်း စသဖြင့်ပေါ့- ကိုယ့်ဘက် သူ့ဘက်ကို အလျှော့အတင်းနဲ့ ဆွေးနွေးဖို့လိုအပ်တယ်၊ အထွေထွေသဟဇာတဖြစ်ရေး မူဘောင်တခုအောက်မှာ သွားသင့်တယ်ဆိုတာမျိုးနဲ့ အပြန်ပြန်အလှန်လှန် ဆွေးနွေးကြတာ နှစ်နာရီ မိနစ်နှစ်ဆယ်လောက် ရောက်ပါတယ်။”

တက်ရောက်သူ ခေါင်းဆောင်တွေအကြား ပိုပြီး ရင်းနှီးနွေးထွေးအောင်လို့ ဆွေးနွေးပွဲပုံစံကို ပြောင်းလဲသွားဖို့၊ ဆွေးနွေးပွဲမူဘောင်ချမှတ်ဖို့ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

၆ ပွင့်ဆိုင်ဆွေးနွေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
၆ ပွင့်ဆိုင်ဆွေးနွေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

“ဒေါ်အောင်ဆန်းစုကြည်အခြမ်းဘက်ကို ရောက်တဲ့အခါမှာ ဆွေးနွေးပွဲ မူဘောင်တခုတော့လိုပါတယ်၊ ဆွေးနွေးပွဲ ပုံသဏ္ဍန်လေးကလည်း အလှမ်းကွာဝေး နေတဲ့အခါမှာ ပိုပြီး ရင်းနှီးချစ်ကြည်ပြီးမှ နွေးထွေးတဲ့ပုံစံလေးဖြစ်အောင် နီးနီးကပ်ကပ် ဆွေးနွေးတဲ့ပုံစံလေး ဖန်တီးပေးပါ၊ အဲဒါမျိုးလေးနဲ့ချဉ်းကပ်မှ ဆွေးနွေးမှုရဲ့ frame-work တခု ပုံစံလေးနဲ့ ဘာပြီးရင်ဘာဆွေးနွေးမယ်၊ ဘာအကြောင်းအရာကို အဓိကထားမယ်-စသဖြင့် ပိုပြီး ထိထိရောက်ရောက် လေးနဲ့ အကွက်စိတ်စိတ်လေး ဆွေးနွေးသွားကြရအောင်ဆိုတဲ့သဘောနဲ့ တင်ပြပါတယ်။”

အခုဆွေးနွေးပွဲဟာ ဦးတည်ချက်ကို ခြုံငုံအောင် ဆွေးနွေးနိုင်ခဲ့ပြီး အကျိုးရှိတဲ့ဆွေးနွေးမှု၊ အောင်မြင်တဲ့ ဆွေးနွေးမှုတရပ်ဖြစ်တယ်လို့လည်း ဒေါက်တာ အေးမောင်က သူ့အမြင်ကို ပြောခဲ့ပါတယ်။

“ကျနော်တို့သုံးသပ်တာက ဒီ ဒုတိယတကြိမ်ဆွေးနွေးပွဲဟာ အင်မတန် အရေးကြီးပါတယ်။ ပထမတကြိမ် ဆွေးနွေးပွဲကနေ ဦးရဲထွဋ်တင်ပြသလိုပါပဲ၊ ယုံကြည်မှုနဲ့ နွေးထွေးမှု ခံစားကြရပါတယ်။ အပြန်အလှန် ပွင့်ပွင့်လင်းလင်း တင်ပြကြတာပါ။”

ဖွဲ့စည်းပုံပြင်ရေးအပါအဝင် နိုင်ငံရေးပြဿနာရပ်တွေကို ဖြေရှင်းဖို့ သမ္မတ၊ ပြည်ထေင်စုလွှတ်တော်နာယက၊

သမ္မတဦးသိန်းစိန်
သမ္မတဦးသိန်းစိန်

ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ လေးပွင့်ဆိုင် ဆွေးနွေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကနဦး တင်ပြတောင်းဆိုခဲ့တာပါ။ ပြည်ထောင်စုလွှတ်တော်ကတော့ ၆ ပွင့်ဆိုင် ဆွေးနွေးဖို့ လူထပ်တိုး အဆိုပြုခဲ့ပေမယ့် ဒီမတိုင်ခင်ကတော့ ၄၈ ဦးတဲ့၊ ၄၄ ဦးပါ စတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကိုပဲ အစိုးရဘက်က ပြင်ဆင် လုပ်ခဲ့တာပါ။ အခု ၆ ပွင့်ဆိုင် ဆွေးနွေးမှုအတွင်းမှာလည်း ဒီထက်လူတိုးဖို့ သမ္မတဘက်က အဆိုပြုတာတွေရှိခဲ့ပါတယ်။

“တိုင်းရင်းသားကဏ္ဍနဲ့ပတ်သက်လို့ ညှိနှိုင်းတင်ပြကြတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်နာယကကြီးတို့ဘက်ကတော့ဖြင့် လက်ရှိ (၆) ဦးပါ အခြေအနေဟာ အင်မတန် ကျစ်လျစ်ပြီးမှ ထိရောက်တဲ့ဆွေးနွေးဘက်ဖြစ်ကြောင်းနဲ့ ဒီထက်မက တိုးချဲ့လာရင်လည်းပဲ ဒီကဏ္ဍ၊ ဒီ frame အတွင်းမှာပဲ ဆွေးနွေးမှာဖြစ်တဲ့အကြောင်း၊ သမ္မတကြီးတို့ဘက်က အထူးသဖြင့် တိုင်းရင်းသားကဏ္ဍမှာ ထပ်မံတိုးချဲ့စေချင်တဲ့သဘော ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကလည်း ခြောက်ဦးပဲ ထိရောက်စွာ ဆွေးနွေးနိုင်မယ့်သဘောကို တင်ပြပါတယ်။”

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်
မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်

ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့သဘောထားမှာတော့ မပြင်သင့်တဲ့ ကာလမှာ မပြင်ဘဲ ဆက်သွားသင့်တယ်ဆိုတဲ့ အမြင်ရှိပေမယ့် လိုအပ်ရင် ပြင်ရမယ် ဆိုတာကိုလည်း သဘောပေါက်နားလည်တာ တွေ့ရတယ် လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ ဆွေးနွေးပွဲအသေးစိတ်နဲ့ ပတ်သက်လို့ ခေါင်းဆောင်တွေအကြား အပြန်အလှန် လျှိ့ဝှက်ထားမယ်ဆိုပေမယ့်လည်း ပွင့်လင်းမြင်သာမှုရှိတဲ့ ဆွေးနွေးပွဲဖြစ် ပါတယ်လို့ ဒေါက်တာ အေးမောင်က ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်လည်း တင်ပြပါတယ်။ ‘ဦးအေးမောင်က ၁၂ ပါတီရဲ့ mandate နဲ့ ဒီဆွေးနွေးပွဲကို ပါလာတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အခါမှာ ဒီဆွေးနွေးပွဲရဲ့ ရလဒ် အသေးစိတ်နီးပါးလောက်ကို ၁၂ ပါတီကို ပြန်တင်ပြရမယ့်တာဝန် သူ့မှာရှိတယ်။ အဲဒါကြောင့် ဆွေးနွေးပွဲမှာ တကယ်တန်း ပေါက်ကြားနိုင်တာဟာ ဦးအေးမောင် တစ်ယောက်ပဲ ရှိတယ်။ သို့သော်လည်းပဲ ဦးအေးမောင်ဘက်က ပေါက်ကြားတာဟာ တာဝန်အရ ပေါက်ကြားတာဖြစ်တယ်၊ မပေါက်ကြားပါနဲ့လို့ ပိတ်လို့လည်းမရဘူး။ ဒါမျိုးသူ ဆွေးနွေးပါတယ်။ အဲဒီအခါမှာ ဒိထက်မက လူပုဂ္ဂိုလ်များလာလို့ ရှိရင် ပေါက်ကြားတဲ့လမ်းကြောင်းဟာ ပိုပြီးတော့ရှိမယ်။ ကျမတို့ကတော့ ကျမတို့ပါတီရဲ့ mandate အရ ဆွေးနွေးတာဖြစ်တဲ့အခါမှာ လုံးဝ မပေါက်ကြားဘူး၊ အာမခံရဲတယ်။’ - အဲဒါမျိုး ကျနော်တို့ အမြင်ချင်းဖလှယ်ကြတဲ့အခါမှာ ဒီ ခြောက်ဦးပါ ဆွေးနွေးပွဲရဲ့ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် အခြေအနေအကြောင်းအရပ်ရပ်ကို ပြည်သူသိအောင် ကျနော်တို့ ဆွေးနွေးပွဲကြီးရလဒ်၊ ဆွေးနွေးပွဲကြီး အောင်မြင်နိုင်ခြေ အားလုံးကို ပြန်လှန်သုံးသပ်နိုင်အောင် ကျနော်တို့ဘက်က ပွင့်လင်းမှု ရှိလာပါတယ်။”

ဆွေးနွေးပွဲကိုတော့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ လွှတ်တော်တွင်း တိုင်းရင်းသားပါတီတွေကို ကိုယ်စား ပြုတဲ့ ဒေါက်တာအေးမောင်တို့ ၆ ဦး ဟာ ဧပြီလ (၁၀) ရက်နေ့က နှစ်နာရီကျော်လောက် အပြန်အလှန် ဆွေးနွေးခဲ့ကြတာပါ။ နောက်တကြိမ် ဆွေးနွေးပွဲကိုတော့ သင်္ကြန်အပြီး လွှတ်တော်တွေ ပြန်စမယ့်ကာလမှာ ထပ်လုပ်ဖို့ စီစဉ်ထားကြပါတယ်။

XS
SM
MD
LG