ကရင်ပြည်နယ် ကော့ကရိတ်မြိုနယ်၊ ဝမ်းရေးမြို့နယ်၊ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်တွေမှာ စစ်ကောင်စီ တပ်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံး ဒဏ်ရာ ရသူတွေ ရှိနေပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။
ကရင်ပြည်နယ်ထဲက ကော့ကရိတ်မြိုနယ်နဲ့ ဝမ်းရေးမြို့နယ်တွေ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့ အတွက် ကော့ကရိတ်မြို့နယ်က ၂ ဦး သေဆုံးသေဆုံးခဲ့ရသလို ပဲခူးတိုင်းထဲက ညောင်လေးပင်ခရိုင် မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရသူ ၈ ဦးထက် မနည်း ရှိနေတယ်လို့ ဒေသ လူမှုအထောက်ကူပြု အဖွဲ့ တွေက ပြောပါတယ်။
ကရင်ငြိမ်းချမ်းရေးနဲ့ အထောက်အကူပြု ကွန်ယက် (KPSN) က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ် က ကော့ကရိတ်က အခြေအနေကိုအခုလိုပြောပါတယ်။
"ကော့ကရိတ်ထဲမှာသားအဖ နှစ်ယောက် ထိခိုက် သေဆုံးရတဲ့ ဖြစ်ရပ်မှာတော့ စကစ ရဲ့ ကော့ကရိတ်နဲ့ ကော့ကရိတ်နားမှာ ရှိတဲ့ နေရာကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အတွက် ရွာထဲမှာ နေထိုင်နေတဲ့ သားအဖနှစ်ယောက် ထိခိုက်သေဆုံးသွားတယ်။ နောက်ပြီးတော့ ကော့ကရိတ်မြို့နယ် ဝမ်းရေးဘက်ခြမ်းမှာလည်း လေယာဉ်နဲ့ လာပစ်သွားသေးတယ်"
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲ မှာတော့ စစ်ကောင်စီကလေကြောင်းကနေ ၃ ရက်ဆက်တိုက်တိုက်ခိုက်မူ ကြောင့် ကလေးငယ် ၃ ဦးအပါအဝင် လူ ၈ ဦး သေဆုံးခဲ့ရတယ်လို့ လည်းပြောပါတယ်။
နိုဝင်ဘာလ(၂၁)ရက်နေ့က မုန်းမြို့နယ် ငနွားဆိပ်ကျေးရွာမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့မှုလုပ်ခဲ့သလို ကျောက်ကြီးမြို့နယ် တောင်ကြောင် ပေါက်ကျေးရွာက အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး(၃)ဦးတို့ ထိခိုက်ဒဏ်ရာတွေရခဲ့ပါတယ် ။ ဒီလေကြောင်းတိုက်ခိုက်မူအတွင်း ရွာထဲမှာမနေကြတဲ့အတွက် သေဆုံးတာတွေတော့မရှိခဲ့ဘူးလို့လည်းပြောပါတယ်။
"တပ်မဟာ ၃ ဘက်မှာ လည်းလေယာဉ်နဲ့ ၃ကြိမ်လာပစ်တယ်၊ အိမ်တအိမ်တော့ မီးလောင်ပြာကျ သွားတယ်၊ နောက်တအိမ်ကတော့ စားဖိုဆောင် မီးလောင်သွားတယ် ရွာထဲမှာ လူတွေမနေကြတော့ ထိခိုက်သေဆုံးတာမရှိခဲ့ပါဘူး"
နိုဝင်ဘာလ(၂၂)ရက်ကတော့ မုန်းမြို့နယ်၊ ရေလဲကျေးရွာ ဆေးပေးခန်းနဲ့ ကားလမ်းတစ်လျှောက်ကို လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ဘုရားကျောင်းနဲ့ မူကြိုကျောင်းကျည်ထိမှန် ပျက်စီးကာ အနီးရှိ နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံးက သတင်း ထုတ်ပြန်ခဲ့ ပါတယ်ရှင်။