အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ လုပ်ငန်းတွေကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး တားမြစ်မိန့်နဲ့ စည်းမျဉ်းသတ်မှတ်မိန့်တွေ လိုအပ်သလို ချမှတ်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ဒီလ အစောပိုင်းက ထုတ်ပြန်လိုက်ပါတယ်။ စားသုံးသူရေးရာနဲ့ ဥပဒေ ပညာရှင်တချို့ကတော့ ဒီအမိန့် ညွှန်ကြားချက်နောက်မှာ အခွန်ကောက်တာ အပါအဝင် လုံခြုံရေး စိစစ်ဖို့အထိ ရည်ရွယ်ချက်တွေ ပါနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို မဆုမွန်က တင်ပြပေးပါမယ်။
အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ လုပ်ငန်းတွေကို တားမြစ်တာ၊ စည်းမျဉ်းသတ်မှတ်တာ၊ ကြီးကြပ်တာ၊ ကာကွယ်တာတွေကို လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်တာပါ။ စီးပွားကူးသန်းဌာနကို ဒီအမိန့် ထုတ်ပြန်ခွင့် အပ်နှင်းထားတဲ့အကြောင်း ဇူလိုင်လ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုအချိန်မှာ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေ၊ တနိုင်တပိုင် အွန်လိုင်း ဈေးသည်တွေကို အခွန်ကောက်ဖို့ ထိန်းချုပ်တာဆိုရင်လည်း လက်ရှိစီးပွားရေး အခြေအနေနဲ့တော့ လျော်ကန်မှုမရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဗွီအိုအေကို ပြောပါတယ်။
"ကုန်ကုန်ပြောမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံသည် အွန်လိုင်းမားကတ်တင်းက ဖွံ့ဖြိုးကာစပဲ ရှိသေးတယ်။ အဲဒီအွန်လိုင်း မားကတ်တင်းကိုသွားပြီးတော့ အခွန်သွားကောက်တယ်ဆိုတာ အချိန်မတန်သေးဘူးလို့ပဲ ထင်တယ်။ အတိုင်းအတာတခုအထိ အချိန်တန်လာလို့ အခွန်ကောက်တာ မပြောလိုဘူး။ နောက်တခုက ဒီ၂၀၂၁မှာ အာဏာသိမ်းလိုက်တဲ့ အတွက်ကြောင့် ဖွံ့ဖြိုးနေတဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံး ဇောက်ထိုးမိုးမျှော်နဲ့ ထိုးကျသွားတဲ့ အခြေအနေရှိတာကို စစ်ကောင်စီအနေနဲ့ နားလည်လားလို့ ကျနော်မေးချင်တယ်။"
ပြည်တွင်းမှာတော့ နိုင်ငံတကာနဲ့ဖက်စပ် အွန်လိုင်း လုပ်ငန်းတွေကလွဲလို့ ကျန်တဲ့ အိမ်တွင်းမှု အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေ အများအပြား ရှိနေပါတယ်။ ဒီထဲမှာ အများစုက စားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်း၊ အထည်အလိပ်၊ စာအုပ်၊ အလှအပနဲ့ အသေးစား ကျောက်မျက် လုပ်ငန်းတွေ ပါဝင်ကြပါတယ်။ အခုလို အခြေအနေမှာ အွန်လိုင်း အရောင်းအဝယ်တွေကို တားမြစ်၊ ကြီးကြပ်တာဟာ စစ်ကောင်စီ အနေနဲ့ အတိုက်အခံတွေ လှုပ်ရှားမှုတွေကို ကန့်သတ်ဖို့၊ လုံခြုံရေးအရ စိုးရိမ်ပြီး ကန့်သတ်တဲ့သဘောမျိုးလည်း ဖြစ်နိုင်တယ်လို့ အမြင်တချို့ ရှိတဲ့အပေါ်မှာ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက အခုလို သုံးသပ်ပြောဆိုပါတယ်။
" ဖြစ်နိုင်ပါတယ်၊ ဖြစ်နိုင်တယ်ဆိုတာက ဥပမာ ဒရုန်းလိုပစ္စည်းမျိုးတွေ၊ နောက် electric နဲ့ပတ်သက်တဲ့ ပစ္စည်းမျိုးတွေကြ ဒါက သူတို့ လုံခြုံရေးရှုထောင့်ကနေ၊ နိုင်ငံတော်ပုန်ကန်မှု မြောက်နိုင်တဲ့ အနေအထားတွေ လုပ်နေမလားဆိုတဲ့ သူတို့စိုးရိမ်ချက်တော့ ရှိနိုင်တယ်။ ဒီအပေါ်မှာ အဘက်ဘက်ကနေ လိုက်ပြီး ကန့်သတ်တဲ့ အနေအထားမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်။"
တရားဝင်ရှိနေတဲ့ အစိုးရတရပ်ကို ဖြုတ်ချပြီး ဖွဲ့စည်းပုံဥပဒေနဲ့မညီဘဲ အာဏာသိမ်းထားတဲ့ အဖွဲ့အစည်းက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေဟာ တရားမဝင်ဘူးလို့လည်း တရားလွှတ်တော် ရှေ့နေ စောဘဦးလေးက ပြောပါတယ်။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာတော့ အွန်လိုင်းက ရောင်းဝယ်တဲ့ လုပ်ငန်းတွေကို စားသုံးသူရေးရာ ဦးစီးဌာနက ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာ ရှိပါတယ်။ အဓိကကတော့ Multi Level Marketing လို ဆင့်ပွားအရောင်းအဝယ်လုပ်ငန်းတွေ အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ရောက်လာတွေကို ထိန်းချုပ်အရေးယူနိုင်ဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အခု စစ်ကောင်စီက အခု အွန်လိုင်း စနစ်နဲ့ ရောင်းချမှု လုပ်ငန်းတွေကို တင်းကျပ်ဖို့ ကြိုးစားတာနဲ့ပတ်သက်လို့တော့ စားသုံးသူ အခွင့်အရေးနဲ့ အစားအသောက်ပညာရှင်တဦးက သူ့အမြင်ကို အခုလို ပြောပြပါတယ်။
"အခွန်မကောက်ဘူးဆို ပြဿနာမရှိဘူး၊ အခွန်တွေဘာတွေ ရှိမယ်ဆိုရင် ဒီအချိန်မှာ တိုင်းပြည်စီးပွားရေးကလည်း နည်းနည်း ကျဆင်းနေတဲ့ အချိန်ဆိုတော့ အဲဒါတော့ စဉ်းစဉ်းစားစား လုပ်သင့်တယ်ပေါ့။ အွန်လိုင်းမှာ တကယ် ထိန်းချုပ်လို့မရအောင် စားသုံးသူအခွင့်အရေး ချိုးဖောက်နေတဲ့ ပြဿနာတွေကလည်း ရှိနေတော့ ထိန်းချုပ်ဖို့လည်း လိုတော့လိုလိမ့်မယ်။ cosmetics တွေဆိုလည်း FDA ကိုဖြတ်ထားတာ မရှိဘူး ဆေးဝါးတွေ cosmetics တွေ။ အန္တရာယ်ရှိတဲ့ ဆေးဝါးတွေ side effect ရှိတဲ့ဆေးဝါးတွေ အနောက်တိုင်းပဲဖြစ်ဖြစ် တိုင်းရင်းဆေးပဲဖြစ်ဖြစ် စားသုံးသူအတွက် အန္တရာယ်ရှိတယ်။"
အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပေဒကိုတော့ ၂၀၁၂ မှာ ပြဋ္ဌာန်းခဲ့တာပါ။ အရေးကြီး ကုန်စည် သတ်မှတ်ခံထားရပြီ ဆိုရင် သူနဲ့ဆက်စပ်တဲ့ တင်သွင်း၊ ရောင်းချ၊ လက်ဝယ်ထားမှု၊ သိုလှောင်၊ သယ်ဆောင်၊ ဖြန့်ဖြူး အသုံးပြုမှုတွေကို သက်ဆိုင်ရာအဖွဲ့က လိုသလို ကြီးကြပ်၊ တားမြစ်နိုင်တယ် လို့ ဒီဥပဒေရဲ့ အခန်း(၃) ပုဒ်မ(၄)မှာ ဖော်ပြထားပါတယ်။ ဒါကိုချိုးဖောက်တယ်ဆိုရင် ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ကျခံရတာဖြစ်စေ ဒါမှမဟုတ် ကျပ်ငွေ ၅ သိန်းထက် မပိုတဲ့ ငွေဒဏ်ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဥပဒေပါ ပြစ်မှုအားလုံးကို ရဲက အရေးယူပိုင်ခွင့် ရှိတယ်လို့လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။