သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ပြည်ပအစွန်းရောက်တွေ ပြသနာ


Nanyang နည်းပညာတက္ကသိုလ်ရဲ့ RSiS ခေါ် Rajaratnam နိုင်ငံတကာလေ့လာရေး ဌာနရဲ့ အောက်တိုဘာ ၁၈ ရက်နေ့ ထုတ်စာစောင်။
Nanyang နည်းပညာတက္ကသိုလ်ရဲ့ RSiS ခေါ် Rajaratnam နိုင်ငံတကာလေ့လာရေး ဌာနရဲ့ အောက်တိုဘာ ၁၈ ရက်နေ့ ထုတ်စာစောင်။

စင်္ကာပူ အခြေစိုက် နိုင်ငံတကာ တက္ကသိုလ်တစ်ခုက မြန်မာ ရိုဟင်ဂျာ ပဋိပက္ခကို သုံးပြီး နိုင်ငံတကာ အစ္စလာမ်အစွန်းရောက်တွေက ဂျီဟတ် စစ်ဆင်ရေး ပြင်ဆင်နေကြတယ်လို့ လေ့လာတွေ့ရှိလိုက်ပါတယ်။ Nanyang နည်းပညာတက္ကသိုလ်ရဲ့ RSiS ခေါ် Rajaratnam နိုင်ငံတကာလေ့လာရေး ဌာနရဲ့ အောက်တိုဘာ ၁၈ ရက်နေ့ ထုတ်စာစောင်မှာ နိုင်ငံတကာ သုတေသီတွေက ခုလို ထောက်ပြလိုက်တာပါ။ ဒီအကြောင်း မြန်မာနိုင်ငံမှာ လုံခြုံရေးကိစ္စရပ်တွေကို လေ့လာသုံးသပ်နေတဲ့ Dr. မင်းဇော်ဦး ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ ဒေါက်တာမင်းဇော်ဦးခင်ဗျ။ မကြာသေးခင်က ရခိုင်ပြည်နယ် မောင်တောမြို့မှာပေါ့ ဖြစ်ခဲ့တဲ့တိုက်ခိုက်မှုတွေအပြီးမှာပေါ့နော်။ နိုင်ငံတကာက အစ္စလာမ်မစ်အကြမ်းဖက်စစ်သွေးကြွတွေ ပါဝင်ပတ်သက်နေတယ် ဆိုပြီးတော့ မကြာသေးခင်က RSIS လို့ခေါ်တဲ့ စာစောင်တခုမှာ ပါလာတာပေါ့နော်။ အဲ့သလိုပါလာတဲ့အထဲမှာ အဓိက သူတို့သုတေသနလုပ်ပြီးတော့ ပြောထားတာက Harakah al-Yaqin ဆိုတဲ့အဖွဲ့က အဓိက လုပ်တယ်လို့ သူတို့ပြောထားပါတယ်။ အဲ့တော့ အဲ့တာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုထင်ပါသလဲ။

ဒေါက်တာမင်းဇော်ဦး။ ။ ကျျနော်တို့ လေ့လာတွေ့ရှိသလောက်ကတော့ ၂၀၁၁ လောက်ကတည်းက ရခိုင်ပြည်နယ်မှာရှိတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာပြသနာတွေ အပေါ်မှာ အခြေခံပြီးတော့ အထူးသဖြင့် ဦးသိန်းစိန်အစိုးရ တက်ပြီးတော့ သိပ်မကြာဘူး ဒီလိုအရေးအခင်းတွေ ဖြစ်ကြတဲ့ အပေါ်မှာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတွေက စိတ်ဝင်စားမှုက ပိုပြီးတော့မြင့်တက်လာတယ်ပေါ့။ ဒီ အယ်လ်ကိုင်းဒါးနဲ့ ဆက်စပ်တဲ့အဖွဲ့တွေရယ် နောက်ပြီးတော့ JI လို့ခေါ်တဲ့ Jemaah Islamiah လို့ခေါ်တဲ့ အင်ဒိုနီးရှားအခြေစိုက်အဖွဲ့တွေရယ် သူတို့နဲ့ဆက်စပ်နေတဲ့ အဖွဲ့တွေက ပထမဆုံး ဝင်ရောက်ပတ်သက်ဖို့ ကြိုးစားလာတဲ့ဟာကို ကျနော်တို့ Research တွေအရ တွေ့ရှိရတယ်။ နောက်ပိုင်းမှာတော့ ISIS တို့ ပေါ်လာပြီး သူတို့နဲ့မျိုးကွဲ သူတို့နဲ့ချိတ်ဆက်တဲ့အဖွဲ့တွေလည်း အများကြီးပါလာတာရှိတယ်။

နောက်ပြီးတော့ ဟိုးအရင်ကတည်းက မြန်မာပြည် အထူးသဖြင့် ရခိုင်မှာပေါ့ တချို့လူတွေက ပါကစ္စတန်တို့ ဘာတို့မှာ သွားပြီးတော့ အာဖဂန်နစ္စတန်တို့မှာ စစ်တွေ သွားတိုက်ခဲ့တာတွေရှိတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ ဒီအစီရင်ခံစာထဲမှာပေါ့နော် အတိအကျ သူတို့တွေ့ရှိ ထားတာ တခုက ၂၀၁၆ ဒီနှစ်ပေါ့နော် ဧပြီလမှာပဲ IS ရဲ့စာစောင်ဖြစ်တဲ့ Dabiq မှာ ဘင်္ဂလားဒေ့ရှ်က အစ္စလာမ်အစွမ်းရောက်ပေါ့နော် Abu lbrahim ကနေ ရိုဟင်ဂျာညီအကိုတော်တွေအတွက် ဝိုင်းဝန်း တိုက်ခိုက်ပေးကြဖို့ နောက်မြန်မာပြည် မှာလည်း စစ်ဆင်ရေးတွေ လုပ်မယ်ဆိုတဲ့ပုံစံမျိုး ပြောသွားတယ်လို့ အတိအကျရေးထားတာ တွေ့ရပါတယ်။ အဲ့တာနဲ့ပတ်သက်လို့ရော။

ဒေါက်တာမင်းဇော်ဦး။ ။ အဲ့တာကတော့ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ပြောတာက ဒါက သူတို့ထပ်တလဲလဲပြောနေတဲ့ကိစ္စလေ။ ကျနော်သိသလောက်ဆိုရင် ၂၀၁၃လောက်ကတည်းက သူတို့က ဒီကိစ္စတွေကိုပြောနေပြီ။ ISIS တင်မကဘူး။ အယ်လ်ကိုင်းဒါးကလည်း အိန္ဒိယ Indian subcontinent မှာ ရှိတဲ့ operational area လို့သတ်မှတ်တဲ့အခါမှာ ဘင်္ဂလားဒေ့ရှ်ရော အိန္ဒိယရော ဒီမြန်မာနိုင်ငံရော ပါတယ်ပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ ခုနကပြောတဲ့ Indian subcontinent မှာ ရှိတဲ့ အယ်လ်ကိုင်းဒါးအဖွဲ့ပေါ့နော်။ သူတို့ကလည်း သူတို့ရဲ့ စာစောင်ဖြစ်တဲ့ AL Balagh မှာ မြန်မာပြည်က ရိုဟင်ဂျာညီအကိုတော်တွေနဲ့ ဖိလစ်ပိုင်က ညီအကိုတော်တွေပေါ့နော် ပူးပေါင်းပါဝင်တိုက်ခိုက်ပေးဖို့ ပြောထား တာတွေလည်း တွေ့ခဲ့ရပါတယ်။ အဲ့ဒီ့အခါကျတော့ အခုလို ဒေသတွင်း မှာဖြစ်လာတဲ့အတွက် မြန်မာနိုင်ငံဘက်ကနေ ဘယ်လိုမျိုး ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုမယ်ထင်လဲ။

ဒေါက်တာမင်းဇော်ဦး။ ။ နှစ်ခုပေါ့နော်။ တခုကတော့ လောလောဆယ် လက်ငင်းချက်ချင်းရှိတဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေကို တားဆီးနိုင်ဖို့ လိုတယ်။ ဒုတိယကတော့ ဒီလိုပြသနာတွေကို ဖြစ်စေတဲ့ အရင်းခံပြသနာတွေပေါ့နော် ဒါတွေကိုရှင်းဖို့လိုတယ်။ ပထမအပိုင်းမှာ ပြောမယ်ဆိုရင် လောလောဆယ်ဖြစ်နေတဲ့ လုံခြုံရေးခြိမ်းခြောက်မှုကိုပြောမယ်ဆိုရင် ဒီလိုတိုက်ခိုက်မှုမျိုးတွေကို အထူးသဖြင့် ရခိုင်ဘက်ကတင်မကပဲနဲ့ လူနေထူထပ်တဲ့ နေရာတွေမှာ အကြမ်းဖက်မှုတွေ မလုပ်လာအောင် တန်ပြန်အကြမ်းဖက်မှုနှိမ်နှင်းရေးစီမံမှုတွေ အများကြီးလုပ်ဖို့ လိုမယ်။ ပြည်တွင်းတင်မကဘူးပေါ့နော် နိုင်ငံတကာမှာ ရှိတဲ့ ဒီလိုမျိုးတန်ပြန် အကြမ်းဖက် လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အများကြီး ဆက်စပ်ပြီးတော့ လုပ်ဖို့လိုတယ်။ ရေရှည်မှာကတော့ ရခိုင်ပြည်မှာ ရှိတဲ့ပြသနာကို ဒီအတိုင်း ကိုင်ထားလို့တော့ မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ပြသနာက ဒီလိုအကြမ်းဖက်မှုတွေ အကြမ်းဖက်သမားတွေ လာပြီးတော့ ဒီဟာကို ခုတုံးလုပ်ပြီးတော့ အမြတ်ထုတ်ဖို့အတွက် သူက ရေခံမြေခံလိုဖြစ်နေတာ။ အဲ့တော့ ဒါတွေကို ကျနော်တို့ဘက်က ရေရှည်ပြသနာတခုအနေနဲ့ ရေရှည်မှာ ဖြေရှင်းရမယ်လို့တော့ ကျနော်ကတော့ မြင်ပါတယ်။

ကိုဝင်းမင်း။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒေါက်တာမင်းဇော်ဦးခင်ဗျ။

မြန်မာနိုင်ငံမှာ လုံခြုံရေးကိစ္စရပ်တွေကို လေ့လာသုံးသပ်နေတဲ့ Dr. မင်းဇော်ဦး ကို ကိုဝင်းမင်းက မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Nanyang နည်းပညာတက္ကသိုလ်ရဲ့ RSiS ခေါ် Rajaratnam နိုင်ငံတကာလေ့လာရေး ဌာနရဲ့ အောက်တိုဘာ ၁၈ ရက်နေ့ ထုတ်စာစောင်ကို အောက်ပါလင့်မှာ အပြည့်အစုံဖတ်ရှု့နိုင်ပါတယ်။

http://www.rsis.edu.sg/wp-content/uploads/2016/10/CO16259.pdf

XS
SM
MD
LG