ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ အမေရိကန်စစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ဒီကနေ့မှာတော့ အမေရိကန်၊ ထိုင်းနဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေ ပူးတွဲပြီး ကမ်းတပ်စစ်ဆင်ရေးအတွက် လေ့ကျင့်ကြပါတယ်။ ဒီကနေ့ စစ်ရေးလေ့ကျင့်မှုကိုတော့ သဘာဝကပ်ဘေးအန္တရာယ် ရင်ဆိုင်ရတဲ့အခါ စစ်အင်အားနဲ့ ပစ္စည်းအကူအညီ ပေးပို့တုံ့ပြန်နိုင်အောင် အဓိက ရည်ရွယ်လေ့ကျင့်ခဲ့ကြတာပါ။
ရွှေမြွေဟောက်လို့ အမည်ပေးထားတဲ့ အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတွေကြား ထိုင်းနိုင်ငံမှာ ပူးတွဲစစ်ရေး လေ့ကျင့်မှု အစီအစဉ်တွေကိုတော့ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်၊ အမေရိကန်ဘက်က လျှော့ချခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်မှာ သမ္မတ Donald Trump တက်လာပြီးနောက်မှာတော့ ၂ နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေလည်း ပြန်လည်တိုးတက်လာခဲ့တာပါ။
ဒေသတွင်းက အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်မှာ လေ့လာသူအဖြစ် တက်ရောက်ဖို့ အိမ်နီးချင်း မြန်မာနိုင်ငံကို ထိုင်းနိုင်ငံက ဖိတ်ကြားခဲ့တဲ့ အတွက်လည်း ဒီနှစ်မှာ ပြောစရာ ဖြစ်နေရပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခန့်မှန်းချေ ဒုက္ခသည် ၆ သိန်းခွဲကျော် ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ အမေရိကန် အပါအဝင် နိုင်ငံတကာက ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာပါ။
အထူးသဖြင့် ရခိုင်ပြည်နယ်က တကျော့ပြန် ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ကို ဖိတ်ကြားခဲ့တဲ့အပေါ် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။