(Zawgyi/Unicode)
တိုက်ပွဲတွေရပ်နေတာ တလကြာပြီဖြစ်တဲ့ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်မှာ မနေ့ကနဲ့ ဒီကနေ့ မနက်ပိုင်းက ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြား တိုက်ပွဲပြန်ဖြစ်ပါတယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေကြားမှာ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ မကြာခန တိုက်ပွဲဖြစ်လေ့ရှိပြီး ဖြစ်တိုင်းမှာလည်း ဒေသခံအရပ်သားတွေ အိုးအိမ်စွန့် ထွက်ပြေးကြရပါတယ်။ ဒီအခြေအနေအပြည့်အစုံကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။
တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ သီပေါမြို့နယ် နောင်အန်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံကပြောပါတယ်။
"ဒီနေ့လည်း သူက အနဲအကျဉ်းတော့ဖြစ်တယ်။ ဒါပေမဲ့ တိုက်ပွဲကြီး ဖြစ်လားမဖြစ်လား မသိဘူးပေါ့။ နောက်ဆုံးအခြေအနေကြတော့ မသိသေးဘူး။ မနေ့က မိုးလင်းအရုဏ်တက်ခါနီးမှာ၊ ဒီမနက်ပိုင်း ၄ နာရီဝန်းကျင် လောက်မှာ သီပေါမြို့နယ် နန့်လန်နဲ့သီပေါကားလမ်းတလျှောက်မှာ နောင်အန်ကျေးရွာအုပ်စုရှိမယ်။ နောင်ကော်ကြီးကျေးရွာအုပ်စုရှိမယ်။ ကားလမ်းရဲ့အရှေ့ဘက်ခြမ်းကနေ SSPP တို့က သူတို့အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်လာတယ်။ ထိုးစစ်ဆင်လာတော့ တိုက်ပွဲဖြစ်တယ်ခင်ဗျ။ မနေ့က မနက်ပိုင်းဖြစ်ပြီးတော့မှ နေ့လည်ပိုင်းငြိမ်သွားတယ်။ ညနေပိုင်း နည်းနည်းပါးပါးဖြစ်တယ်ပေါ့နော်။ ၅ နေရာ ၆ နေရာလောက်ဖြစ်နေတာပေါ့။ ထိခိုက်မှုအခြေအနေတော့ မသိသေးဘူးခင်ဗျ။ စစ်ရေးအခြေအနေကျတော့ တင်းမာနေတယ်။"
သီပေါမြို့နယ်ဘက် တိုက်ပွဲဖြစ်တာကို SSPP တပ်မှူးတဦးက အတည်ပြုပြောပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
"သီပေါတဝိုက်မှာဖြစ်တယ်။ ၂၂ ရက်အထိတော့ဖြစ်တယ်။ ထိခိုက်မှုတွေမကြားဘူး။"
တိုက်ပွဲကြောင့် သီပေါမြို့နယ် နောင်အန်ကျေးရွာနဲ့ အနီးနားရွာသားတွေ စစ်ရှောင်နေရတယ်လို့ RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံကပြောပါတယ်။
"တိုက်ပွဲနဲ့နီးစပ်တဲ့ရွာသားတွေ ပြေးရတာပေါ့နော်။ အနည်းဆုံးတော့ လေးငါးရွာလောက်တော့ရှိမယ်ခင်ဗျ။ စစ်ရှောင်တော့ နည်းနည်းဒုက္ခရောက်တာက အခုက ကိုဗစ်အချိန်ဆိုတော့ နီးစပ်ရာရွာတွေကို သွားပေါင်းနေတာဆို အဲဒီရွာကလည်း ကိုဗစ်ကူးမှာစိုးရိမ်တဲ့အခြေအနေ အနေအထားရှိတယ်။"
လက်ရှိစစ်ရှောင်ရွာသားတွေဟာ နေရပ်ပြန်ဖို့အခြေအနေစောင့်ကြည့်နေတယ်လို့ ဒေသခံအကူညီပေးရေးအဖွဲ့ဝင် အမျိုးသမီးတဦးကပြောပါတယ်။
"ဒီရွာသားတွေ သေနတ်သံကြားရင် သူတို့ကကြောက်နေတာပဲ။ ကြောက်ပြီးတော့ ဘုန်းကြီးကျောင်းကိုရှောင်လာတယ်။ အခြေအနေငြိမ်သွားပြီဆိုရင် ပြန်သင့်ရင်လည်းပြန်မယ်လို့ ပြောကြတာပဲ။ တချို့ကတော့ပြောတယ်။ ငြိမ်သွားပေမယ့် ကျမတို့ တရက်နှစ်ရက်စောင့်ကြည့်ဦးမယ်လို့ အဲဒီလိုပြောတယ်။"
RCSS/SSA နဲ့ SSPP/SSA တို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ နမ္မတူ၊ ကျောက်မဲဘက်မှာ တိုက်ပွဲတွေဖြစ်နေသလို ရှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင်ဒေသဘက်မှာလည်း တိုက်ပွဲဖြစ်တာတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ ရှမ်းလက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေကြောင့်ရော၊ စစ်တပ်နဲ့ဖြစ်တဲ့ တိုက်ပွဲတွေကြောင့်ပါ ရွာသား သောင်းနဲ့ချီ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးခက်ခဲနေသလို COVID-19 ရောဂါ ကူးစက်ခံရမှာကိုလည်း စိုးရိမ်နေကြရပါတယ်။
ရှမ်းပြည်နယ်တွင်း ရှမ်းလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား တိုက်ခိုက်နေတာရပ်တန့်ဖို့ ရှမ်းနိုင်ငံရေး အဖွဲ့အစည်းတွေ ရှမ်းသံဃာတော်တွေက အကြိမ်ကြိမ် ဝင်ရောက်ညှိနှိုင်းပေးခဲ့ပေမဲ့ တိုက်ပွဲတွေ ရပ်သွားခြင်း မရှိသေးပါဘူး။
..................................................................................................
(Unicode)