[[Zawgyi/Unicode]]
လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ ချင်းပြည်နယ်ထဲမှာ ခရစ္စမတ်ပွဲတော်ကို ဒီနှစ် စည်စည်ကားကား ကျင်းပဖြစ်မှာမဟုတ်ဘူးလို့ ခရစ်ယာန်အသင်းတော် တာဝန်ရှိသူတွေက ပြောကြပါတယ်။ စစ်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်အများအပြား ဒုက္ခရောက်နေချိန် အကျဉ်းရုံး ဆုတောင်းဝတ်ပြုမှုတွေကိုပဲ လုပ်သွားမယ်လို့ ပြောပါတယ်။ ပျော်ရွှင်ရမယ့်ပွဲတော်အစား ငြိမ်းချမ်းရေးအတွက် ဆုတောင်းမယ့် ခရစ္စမတ်ပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့ ခရစ္စမတ်ပွဲတော်ချိန်ဆိုရင် မိသားစုတွေ ပြန်ဆုံကြ၊ စုဝေးစားသောက်ကြ၊ ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲလုပ် လက်ဆောင်တွေ ပေးလေ့ရှိပါတယ်။ အဲဒီလို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတဲ့ ခရစ္စမတ်ပွဲတော်မျိုး ဒီနှစ်တော့ လုပ်ဖြစ်မှာမဟုတ်ဘူးလို့ ခရစ်ယာန်ဘာသာဝင် အများစုရှိတဲ့ ချင်းပြည်နယ်က ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။
အဲဒီအစား ဒုက္ခရောက်နေသူတွေအတွက် ဆုတောင်းဝတ်ပြုပွဲတွေကိုပဲ အကျဉ်းရုန်းလုပ်သွားဖို့ ပြင်ဆင်ထားကြပါတယ်။ မြို့ခံအများအပြား စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ချင်းပြည်နယ်၊ ကန်ပလက်မြို့နယ်တွင်း ဘေးလွတ်ရာ ခိုလှုံနေကြရတဲ့ နေရာတွေကနေပဲ ဆုတောင်းပွဲလုပ်ဖို့ စီစဉ်ထားတယ်လို့ ခရစ်ယာန်အသင်းတော် တာဝန်ရှိသူတဦးကပြောပါတယ်။
“ကန်ပလက်မှာလည်း ဝတ်ပြုတာတွေ မရှိတော့ဘူးလေ ကျနော့်အသင်းတော်က၊ ဒါပေမယ့် ကျနော်တို့က တောမှာပဲ ထွက်ပြေးနေရတယ်ဆိုတော့ ပြေးတဲ့နေရာမှာ ဒီတိုင်းပဲ ဆုတောင်းကြမလားလို့။ ဆုတောင်းပွဲလေးတွေ ကျနော်တို့ ခရစ်ယာန်မိသားစုပဲဆိုတော့ လုပ်ကြရင်ကောင်းမလားလို့ အဲ့လိုပဲစီစဉ်တယ်။ ထွက်ပြေးနေရတယ်။ ဆိုပါတော့ စစ်ရှောင်တယ်ပေါ့လေ၊ စစ်ရှောင်တယ်ဆိုတော့ နေရာထိုင်ခင်းကအစ ပြီးတော့ နေရေး ထိုင်ရေး ပြုလုပ်မယ့်နေရာတွေရော ဝတ်ပြုမယ့်နေရာတွေရော အများစုကတော့ အဆင်မပြေတဲ့အတွက် မလုပ်နိုင်တာဖြစ်မယ်။”
မြန်မာ နှစ်ခြင်းခရစ်ယာန်မိတ်သဟာယကလည်း ခရစ္စမတ်ပွဲတော်တွေ ကျင်းပမယ့်အစား အမှန်တရားအတွက် နည်းမျိုးစုံနဲ့တိုက်ပွဲဝင်နေကြတဲ့သူတွေအတွက် စားဝတ်နေရေးဆိုင်ရာ အခက်အခဲတွေကို ကူညီပေးကြဖို့ အသင်းတော်တွေနဲ့ အသင်းတော်ဝင်တွေကို နိုဝင်ဘာလ ၂၂ ရက်နေ့က မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပါတယ်။
ယေရှုခရစ်တော်ဖွားမြင်တဲ့နေ့ အထိမ်းအမှတ်အဖြစ် ခရစ်ယာန်ဘာသာဝင်တွေ အမြတ်တနိုးထားတဲ့ ခရစ္စမတ်နေ့မှာ ပျော်ရွှင်နေရမယ့်အစား အိုးပစ်အိမ်ပစ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရလို့ အများကြီး စိတ်မကောင်းဖြစ်ရတယ်လို့ကန်ပလက် စစ်ဘေးဒုက္ခသည်တယောက်က ပြောပါတယ်။
“ရောက်တဲ့နေရာမှာ အကျဉ်းချုံးလေး ဆုတောင်းပွဲလေးပေါ့။ လုပ်ရဖို့ အစီစဉ်တော့ ရှိတယ်။ အဲ့အပေါ်မှာတော့ အများကြီး စိတ်မကောင်းဖြစ်ရတယ်။ ကျနော်တို့ ခရစ်ယာန်တွေရဲ့ နေ့ထူးနေ့မြတ်တွေမှာ ကျနော်တို့ ဘုရားကျောင်းတွေမှာ အသင်းသူအသင်းသားတွေ စုံစုံညီညီနဲ့ ဘုရားရှိခိုး ဝတ်ပြု ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပခဲ့တဲ့နေ့တွေ နှစ်စဉ်နှစ်တိုင်းပေါ့ ကျင်းပဖို့ နေ့ထူးနေ့မြတ်မှာ အိုးပစ်အိမ်ပစ်ပြေးနေရတဲ့အပေါ် အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။”
အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးဒုက္ခရောက်နေကြပါတယ်။ ယာယီစစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခရစ်ယာန်မိသားစုတွေနဲ့ အကျဉ်းရုံး ဆုတောင်းပွဲတွေ လုပ်သွားမယ်လို့ မင်းတပ်မြို့နယ် ဘာသာရေးခေါင်းဆောင်တဦးက ဗွီအိုအေကိုပြောပါတယ်။
“ခရစ္စမတ်အစီအစဉ်ကတော့ နေ့ထူး အဲ့ဒီ ၂၅ ရက်နေ့မှာတော့ ဆုတောင်းဝတ်ပြုမယ်။ နောက်ရှိတဲ့ဟာလေး camp မှာသော်လည်းကောင်း၊ camp မှာရှိတဲ့သူ မိသားစုနဲ့ မိတ်သဟာယဖွဲ့ ဝတ်ပြုဆုတောင်း နောက်မိတ်ဆုံစား အဲ့လိုမျိုးတွေ အစီအစဉ်ရှိတယ်။ လက်လှမ်းမီသလောက်တော့ ၂၅ ရက်ကတော့ လုပ်ကြဖို့တော့ အစီစဉ်တော့ ရှိကြပါတယ်။”
ခရစ္စမတ်ပွဲတော် မကျင်းပနိုင်ပေမယ့် မိသားစုအလိုက် အဆင်ပြေသလို ဖြတ်သန်းကြမယ်လို့ မတူပီမြို့နယ်၊ ရမ်တိန်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
“ခရစ္စမတ်ပွဲတော်နဲ့ ပတ်သက်ပြီးတော့ အားလုံးလိုလိုက မလုပ်တဲ့သူကများတယ်ပေါ့နော်။ ဒီကာလမှာ ဒီလိုမျိုးအခြေအနေဖြစ်တဲ့အတွက်ကြောင့်ပေ့ါနော်။ အားလုံးက ကြေကွဲဝမ်းနည်းပြီးတော့ ဒါမျိုးမလုပ်တဲ့သူက များတယ်ပေါ့နော်။ ပြည်နယ်အဆင့်ရော မြို့နယ်အဆင့်ရော မလုပ်တဲ့သူကများတယ်။ တနေရာနဲ့ တနေရာပေါ့နော် မလုပ်တဲ့သူကများတယ်။ လုပ်တဲ့သူကလည်း အခုချိန်မှာဆိုရင်တော့ အဆင်မပြေဘူး။ မိသားစုနဲ့ပဲပေါ့နော်။ အခုက အဲ့လိုမျိုး အဆင်ပြေသလို ကျနော်တို့ လုပ်နေကြတယ်။”
လက်ရှိနိုင်ငံရေးနဲ့ ကျန်းမာရေးအခြေအနေအရ ခရစ္စမတ်ပွဲတော်ကို နေရာတော်တော်များများမှာ အရင်နှစ်ကလိုမျိုး ခမ်းခမ်းနားနား မကျင်းပဖို့ ဆုံးဖြတ်ထားကြပြီး ကျေးရွာဘုရားကျောင်းတွေမှာပဲ ဆုတောင်းဝတ်ပြုမှုတွေကို လုပ်သွားမယ်လို့ နောက်ထပ် ချင်းပြည်နယ်ဒေသခံတဦးက ပြောပါတယ်။
“အခု ခရစ္စမတ်နီးလာပြီဆိုတော့ ခရစ္စမတ် မနှစ်တုန်းကလို သိပ်ပြီးတော့ အစီအစဉ် ကြီးကြီးကျယ်ကျယ်စီစဉ်တာတို့လည်း မရှိဘူး။ လူတွေတော့စုံတယ်။ ဒါပေမယ့် ကြီးကြီးကျယ်ကျယ်တော့ မလုပ်ပေမယ့် ဘုရားကျောင်းမှာ အဲ့လိုလုပ်ကြတယ်။”
စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ထဲက ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားသုံးနှိမ်နှင်းတဲ့အတွက် ဒေသခံတွေ ရရာလက်နက် စွဲကိုင် တုံ့ပြန်နေကြပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား အိုးအိမ်ပစ် ထွက်ပြေးပြီး ဘေးလွတ်ရာမှာ ခိုလှုံနေကြရပါတယ်။
ထန်တလန်မြို့မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ဒီဇင်ဘာလအထိ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူနေအိမ် မီးလောင်ကျွမ်းမှု ၁၀ ကြိမ်ထက်မနည်းရှိပြီး ဘုရားရှိခိုးကျောင်း ၁၃ ခုအပါအဝင် အိမ်ခြေ ၆၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။ ချင်းပြည်နယ်တခုလုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် ထိခိုက်ပျက်စီးတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းပေါင်း ၂၀ ထက်မနည်းရှိတယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားထားပါတယ်။
===========
[[Unicode]]
===========