တရုတ်နဲ့ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်ရဖို့ ရက်ကို အတိအကျ အထူးပြု သတ်မှတ်ထားတာ မျိုး မရှိတဲ့အတွက် အခွန်ကောက်ခံမှု အသစ်ချမှတ်ဖို့ မတ်လ ၁ ရက်နေ့ နောက်ဆုံး သတ်မှတ်ထားတာကို ရက်ပြောင်းရွှေ့နိုင်တယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောပါတယ်။
လက်ရှိမှာ ဆွေးနွေးမှုတွေဟာ အဆင်ပြေနေတယ်လို့ သမ္မတက အင်္ဂါနေ့က သမ္မတအိမ်ဖြူမှာ သတင်းထောက်တွေကို ပြောပါတယ်။ ဆွေးနွေးမှုအဆင်ပြေပြီး ဖြစ်ထွန်းတိုးတက်မှုတွေက များတဲ့အပြင် ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ ရက်အတိအကျကို အထူးပြု သတ်မှတ်ထားတာ မရှိတဲ့အတွက် ဘာတွေဖြစ်လာမယ်ဆိုတာ စောင့်ကြည့်ဖို့လည်း ပြောပါတယ်။
ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးမှု အခြေနေကတော့ သိပ်ရှုပ်ထွေးနေတယ်လို့လည်း သမ္မတက ပြောပါတယ်။
ဆွေးနွေးညှိနှိုင်းမှုတွေကနေ သဘောတူညီမှု မရခဲ့ရင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန် တရုတ်ပို့ကုန်တွေ အပေါ် အခွန်အခကို ၁၀ ရာခိုင်နှုန်း ကောက်ခံနေရာကနေ ၂၅ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံဖို့ လုပ်မယ့် နောက်ဆုံးရက်အဖြစ် မတ်လ ၁ ရက်နေ့ကို သမ္မတ Trump က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ညှိနှိုင်းရေးမှူးတွေကြား သဘောတူညီမှု ရဖို့ နီးလာမယ်ဆိုရင်တော့ ဒီသတ်မှတ်ရက်ကို ရွှေ့ဆိုင်းနိုင်တယ်လို့ သမ္မတက ပြောခဲ့တာပါ။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin နဲ့ အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Robert Lighthizer အပါအဝင် ၂ နိုင်ငံ အကြီးတန်းအဆင့် အရာရှိတွေရဲ့ ဆွေးနွေးပွဲတွေ မတိုင်ခင် ၂ နိုင်ငံ အငယ်တန်းလက်ထောက်အရာရှိ အဆင့် ဆွေးနွေးပွဲတွေကို အင်္ဂါနေ့က ဝါရှင်တန်ဒီစီမှာ ကျင်းပနေတာပါ။
တရုတ်ကိုယ်စားလှယ်အဖွဲ့ကို တရုတ်အစိုးရ ထိပ်တန်းစီးပွါးရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တရုတ်ဒုတိယဝန်ကြီးချုပ် Liu He ကပဲ ထပ်ပြီး ဦးဆောင် ဆွေးနွေးဖို့ရှိပါတယ်။