သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွင်းကုန်ခွန်တိုးမည့် ကန်အစီအစဉ် အန္တရာယ်များဟု တရုတ်သတိပေး


တရုတ်အလျုမီနီယံ စက်ရုံ
တရုတ်အလျုမီနီယံ စက်ရုံ

တရုတ်နိုင်ငံက တင်သွင်းကုန်တွေအပေါ် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ လောက် တန်ဘိုးရှိတဲ့ အခွန်တွေစည်းကျပ်မယ့် အစီအစဉ်ဟာ ကုန်သွယ်မှုတွေမှာ အန္တရာယ်ရှိတဲ့ အခြေအနေတရပ်ကို တွန်းပို့ရာရောက်လိမ့်မယ်လို့ တရုတ်နိုင်ငံက တုံ့ပြန်သတိပေးလိုက်ပါတယ်။

တရုတ်ကုန်ပစ္စည်း ၁၃၀၀ နီးပါးအပေါ် အခွန်ကောက်မယ့် အစီအစဉ်ကို သမ္မတ Donald Trump လက်မှတ်ရေးထိုးပြီး နာရီပိုင်းအတွင်း ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ ချောက်ထဲကျမယ့် အခြေအနေကို အမေရိကန်အနေနဲ့ အသေအချာ ပြန်လည်စဉ်းစား သုံးသပ်ဖို့ တိုက်တွန်းခဲ့တာပါ။

ဒီကနေ့ သီးခြား ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ သံမဏိနဲ့ အလျုမီနီယံတွေအပေါ် အခွန်ကောက်မယ့် အစီအစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ ဆောင်ရွက်မယ့် အစီအစဉ်တွေကို ဖော်ပြခဲ့သလို၊ လိုအပ်ရင် အမေရိကန်သွင်းကုန် ၁၂၈ မျိုးအပေါ် ပစ်မှတ်ထား အခွန်ကောက်မယ်လို့လည်း ပြောပါတယ်။

တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ သွင်းကုန်ခွန်စည်းကျပ်မယ့် အစီအစဉ်သစ်မှာတော့ သစ်သီးဝလံ၊ သစ်စေ့၊ ဝိုင်နဲ့ သံမဏိပိုက်တွေအပေါ် အခွန် ၁၅ ရာခိုင်နှုန်း၊ ဝက်သားနဲ့ အလျူမီနီယံ သွင်းကုန်တွေအပေါ် ၂၅ ရာခိုင်နှုန်း ကောက်ခံကောင်း ကောက်ခံသွားမှာပါ။ ၂ နိုင်ငံကြား ကုန်သွယ်ရေးမှာ ပြင်ဆင်ရမယ့် ကိစ္စတွေကို သဘောတူညီချက် မရခဲ့ရင်တော့ ကုန်သွယ်ရေးမှာ ဒေါ်လာ ၃ ဘီလီယံလောက် တန်ဘိုးရှိတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်မှာ ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံက သတိပေးထားပါတယ်။

အမေရိကန်သမ္မတရဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ အနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှာ ဖြေရှင်းမယ်လို့လည်း တရုတ်အစိုးရက ပြောဆိုခဲ့တာပါ။ တကယ်လို့သာ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာခဲ့ရင်လည်း အဆုံးတိုင် တိုက်ပွဲဝင်မှာ ဖြစ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG