သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေ တရုတ်ကူညီ


ကချင်ပြည်နယ်၊ မြစ်ကြီးနားက ဒုက္ခသည်စခန်းအတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တိုင်းရင်းသားများ။
ကချင်ပြည်နယ်၊ မြစ်ကြီးနားက ဒုက္ခသည်စခန်းအတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တိုင်းရင်းသားများ။
KIO ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာအစိုးရကြား တိုက်ပွဲတွေဖြစ်နေတဲ့ ၃ နှစ်နီးပါးကာလအတွင်းမှာ ပထမဦးဆုံးအကြိမ် တရုတ်ကြက်ခြေနီ အဖွဲ့ကနေ ကချင်ပြည်နယ် လိုင်ဇာမှာရှိတဲ့ IDP ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို လာရောက်ပေးအပ်ခဲ့ပါတယ်။ ကချင် ဒုက္ခသည်တွေကူညီရေး ကော်မတီကနေတဆင့် ဒုက္ခသည်တွေအတွက် ပေးအပ်တဲ့ ဒီအကူအညီတွေထဲမှာ အဓိကကတော့ အိမ်သုံးပစ္စည်းတွေ ပါဝင်တယ်လို့ ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။ တချိန်တည်းမှာပဲ လိုင်ဇာကနေ အစိုးရတပ်တွေ ဆုတ်ခွာနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

KIO ဌာနချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ထဲက IDP ဒုက္ခသည်စခန်း ၁ ခုနဲ့ လိုင်ဇာမြို့ပြင်က IDP ဒုက္ခသည်စခန်း ၂ ခုတို့ကို တရုတ်ကြက်ခြေနီအဖွဲ့ ပြီးခဲ့တဲ့ သောကြာနေ့က သွားရောက်ခဲ့ပြီး အဲ့ဒီမှာရှိတဲ့ ဒုက္ခသည်တွေအတွက် အိမ်သုံးပစ္စည်းတွေကို ပထမဆုံးအကြိမ် ကူညီထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးပိုင် ရှင်ဟွာသတင်းမှာတော့ - တရုတ်ကြက်ခြေနီအဖွဲ့ကနေ ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ပေးအပ်တဲ့ တရုတ်ငွေ ယွမ် ၅ သန်း၊ အမေရိကန်ဒေါ်လာ ၈ သိန်း ၂ သောင်း တန်ဖိုးရှိတဲ့ လူသားချင်းစာနာမှု အကူအညီတွေဟာ သောကြာနေ့ ရောက်ရှိသွားပြီး ဒုက္ခသည်အိမ်ထောင်စု ၁ သောင်းအတွက် ပေးအပ်သွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။
လောလောဆယ် လိုင်ဇာမှာရှိတဲ့ ဒုက္ခသည် အိမ်ထောင်စု ၄,၀၀၀ ကျော် အတွက်ကိုတော့ ကချင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးကော်မတီက လက်ခံရရှိခဲ့တယ်လို့ ဦးဒွဲပီဆာ က ပြောပါတယ်။

“လိုင်ဇာမှာပေးတာတော့ ၄ ထောင် ၂ ရာလုံးပေါ့။ ကျန်တဲ့ဟာ ၈၀၀ တော့ တခြားကိုပေးမယ်ဆိုတာ ပါတယ်။ ကျနော်တို့သတင်းအရဆိုရင်တော့ ကမ်ပိုင်ဒီ-ပေါ့။ ကမ်ပိုင်ဒီဆိုတာ ဗမာအစိုးရရုံးရှိတဲ့ နယ်စပ်နေရာပေါ့။ အဲဒီမှာ ဗမာပြည်ကြက်ခြေနီအဖွဲ့ကို လွဲှပေးမယ်ဆိုတာ သတင်းလောက်တော့ကြားတယ်။ စောင်တွေ၊ အခင်းတွေပါတယ်။ နောက် ဆန်၊ ဆန်က တစ်ပြည်လောက်ပဲထင်တယ်။ နောက် ဆား၊ သကြား၊ ဆီ၊ အိမ်သုံးပစ္စည်း ဆယ်မျိုးလား၊ ဘယ်လောက်လဲတော့ ကျနော်တို့လည်း ကောင်းကောင်း မဖွင့်ရသေးဘူးနော်။ သူတို့အစိုးရတပ်နဲ့ ကြက်ခြေနီကို တာဝန်ပေးတဲ့သဘော သက်ရောက်တယ်။ သူတို့ တရုတ်ပြည်က Red Cross – secretary ကိုယ်တိုင်ပါပြီးမှ ယူနန်ပြည်နယ်၊ -- ပြည်နယ်အဆင့်ဆင့်ပေါ့လေ- လူကြီး ၅ ယောက်နဲ့ အဖွဲ့ဝင်တွေအားလုံး အယောက် ၂၀ လောက် ရောက်လာပါတယ်။”

အခုလို တရုတ်နိုင်ငံက ကူညီဖို့အတွက် KIO ဘက်ကနေ တောင်းလျှောက်ဖို့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက တရုတ်ဘက်က အလွတ်သဘော ပြောဆိုတာတွေ ရှိခဲ့ပေမယ့် KIO ဘက်ကတော့ အကူအညီပေးဖို့ တောင်းခံမှုတွေ မလုပ်ခဲ့ဘူးလို့ ဦးဒွဲပီဆာ က ဆက်ပြောပြပါတယ်။

“၂၀၁၁ နှောင်းပိုင်းကနေ စာတင်ပါ။ စာတင်ရင် ကူညီမယ်ဆိုတာ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က တခါတည်းမဟုတ်ဘူးလေ။ ၂ ခါ၊ ၃ ခါပေါ့။ ဗဟိုမှာလည်း ဒါ စဉ်းစားတာပဲ။ စာတင်လို့တော့ ကျနော်တို့က မတင်ဘူးဆိုတဲ့ အပိုင်းမှာပေါ့။ ကူညီချင်တယ်ဆိုရင်လည်းပဲ ဒုက္ခရှိပြီးသားဆိုတာ သူတို့ သိပြီးသားပဲ။ ကျနော်တို့ စာတော့ မတင်ဘူးဆိုပြီး စာမတင်ခဲ့ဘူး။ သူတို့အစီအစဉ်က နဂိုရ်ကနေ ရှိတော့ရှိတယ်။ အခုမှ တကယ့် တရားဝင် လာကူညီတာလို့ ကျနော်တို့ သတ်မှတ်လို့ရပါတယ်။”

လိုင်ဇာမြို့ KIO ထိန်းချုပ်ရာပတ်ဝန်းကျင်မှာ ဒုက္ခသည်စခန်း ၄ ခုရှိပြီး ဒုက္ခသည်ဦးရေကတော့ ၁ သောင်း ၅ ထောင်နီးပါး ရှိပါတယ်။ ဒါ့အပြင် KIO ဌာနချုပ်ရှိရာ လိုင်ဇာဒေသတဝိုက်မှာ အစိုးရတပ်တွေဘက်က တပ်အင်အား အလုံးအရင်းနဲ့ ချထားတာရှိခဲ့ပေမယ့် အခုရက်ပိုင်းမှာတော့ တော်တော်များများဟာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာရှိတဲ့ တပ်စခန်းဆီ ပြန်ဆုတ်ခွာနေတာတွေ ရှိနေတယ်လို့လည်း ဦးဒွဲပီဆာ က ပြောပါတယ်။ ဘာကြောင့် ဆုတ်ခွာတယ်ဆိုတာ အတိအကျ သတင်းမရသေးပေမယ့် ထူးခြားမှုတော့ ရှိတယ်လို့ သူက အခုလို ပြောပါတယ်။

“လိုင်ဇာပတ်ဝန်းကျင်မှာ သူတို့ အင်အားထိုးထားတာလေ- ဖြည့်ထားတဲ့ အင်အားတွေပေါ့-လဲတာလားတော့ မသိဘူး။ ကားအစီး ၁၀၀ တချို့ ပြောတာတော့ ၉၉ စီး၊ ဗန်းမော်၊ မိုးမောက်ဘက်ကို ပြန်ခေါ်သွားတယ်လို့ ပြောကြတယ်။ ပြန်ဆင်းသွားတာပေါ့။ ရှေ့တန်းကနေ ပြန်ဆင်းသွားတာ။ သူတို့ ဗန်းမော်ကနေ ဖားကန့်ကို ပြန်လှည့်သလားတော့ မသိဘူး။ ဖားကန့်ဘက်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာလည်း သတင်းတော့ မကြားဘူး။ ကောလဟာလသတင်းဆိုရင်တော့ နည်းနည်း တန်ဖိုးရှိတဲ့ ကျောက်စိမ်းရတယ်၊ တနိုင်တပိုင်လုပ်တဲ့လူတွေ တူးမိတော့ - နည်းနည်းတန်ဖိုးရှိတဲ့ ကျောက်စိမ်းရတယ်၊ ဒါကို ဗမာတပ်တွေက နေရာယူပြီးမှ လုံခြုံရေး အင်အားဖြည့်ထားတယ်ဆိုတာတော့ ဒါလောက်တော့ ကြားပါတယ်။ ဒါနဲ့ ပတ်သက်သလားတော့ မသိဘူး။”

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာပါ။ ဒီစစ်ပွဲတွေ စတင်ကတည်းက ကချင်ပြည်နယ်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေပြီး စစ်ပြေးဒုက္ခသည်ဦးရေဟာလည်း ၁ သိန်းကျော်သွားပြီ လို့ ဒုက္ခသည်အရေး ဆောင်ရွက်သူတွေက ပြောဆိုထားကြပါတယ်ရှင်။
XS
SM
MD
LG