၂၀၂၃ နှစ်ကုန်ပိုင်း စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တိုက်ပွဲတွေ အရှိန်မြှင့်လာတာနဲ့ တချိန်ထဲမှာပဲ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ပိုစိပ်လာပါတယ်။ တရုတ်ရဲ့ ဒီလိုခြေလှမ်းလာတာဟာ အမေရိကန်ရဲ့ Burma Act ဥပဒေပြဌာန်းမှုနဲ့ NUG ကိုယ်စားလှယ်ရုံးကို ဝါရှင်တန်မှာ ဖွင့်ခွင့်ပေးတဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေတယ်လို့ သုံးသပ်သူတချို့ကဆိုပါတယ်။ အင်အားကြီးနှစ်နိုင်ငံဟာ မြန်မာ့အရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေကော ရှိပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင် မေးမြန်းထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ ဒီတပတ်မှာတော့ ကျမတို့ မြန်မာနိုင်ငံမှာ လက်တလော ဖြစ်နေတဲ့ အခြေအနေတွေနဲ့ တရုတ်-မြန်မာ ဆက်ဆံရေးတို့ကို ဆက်စပ်ပြီးတော့ ဆွေးနွေးပေးစေချင်ပါတယ်။ အခုတလောမှာပေါ့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေးက အဝင်-အထွက် ပိုများလာတာ ဘာကြောင့်ပါလဲ။ တရုတ်-မြန်မာ ဆက်ဆံရေးက အရေးကြီးနေပါတယ်ဆိုတဲ့ အချိန် ဖြစ်နေပါသလား။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။ မှန်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးခါစကတော့ နိုင်ငံတကာကလည်း အပြင်းအထန် ရှုတ်ချကြတယ်။ အဲဒီတုန်းက တရုတ်က ဒီဟာကို ဇွတ်မထောက်ခံခဲ့ဘူး။ တရုတ်က စောင့်ကြည့်နေခဲ့တဲ့သဘော ရှိတယ်။ ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက်ချတာကိုတောင်မှ တရုတ်က အခါတိုင်းလို ဗီတိုအာဏာသုံးပြီး မပယ်ချခဲ့ဘူး။ ကြားနေခဲ့တယ်ဆိုတော့ သိပ်ပြီးတော့ မဝင်စွက်ဖက်ချင်ဘူး၊ စောင့်ကြည့်နေမယ်သဘောနဲ့ နေလာခဲ့ဟန်တူပါတယ်။ အခုနောက်ပိုင်းမှာ ပိုပြီးပြင်းထန်လာတာက တချို့ပညာရှင်တွေက အမေရိကန်ရဲ့ အခန်းကဏ္ဍကြောင့် ဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။ အဲဒါက ဘာလဲဆိုရင် အမေရိကန်က Burma Act ဆိုပြီးတော့ NDAA ဥပဒေနဲ့ တွဲပြီးတော့ ဗမာနိုင်ငံကို ဘယ်လိုကူညီမယ်။ တော်လှန်ရေးကိုဆိုပြီး လုပ်တယ်။ အဲဒီအပေါ် တရုတ်ကလည်း ငါတို့လည်း လုပ်ရတော့မယ်ဆိုတဲ့သဘော ဖြစ်လာတယ်။ ဒုတိယတချက်ကတော့ NUG အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ကိုယ်စားလှယ်ရုံးကို အမေရိကန်ပြည်ထောင်စု မြို့တော်မှာ ဖွင့်လှစ်ခွင့်ပေးခဲ့တယ်။ အဲဒီကိစ္စမှာဆိုရင် တရုတ်က ချက်ချင်းတုံ့ပြန်တာကို တွေ့ရပါတယ်။ တရုတ်အထူးကိုယ်စားလှယ်က တိုင်းရင်းသားနယ်စပ်ဒေသ တိုင်းရင်းသားတချို့ကို ခေါ်ပြီးတော့ တွေ့ခဲ့တာတွေ ရှိခဲ့တယ်။ ဒါကို Counter-balance လုပ်တာပေါ့။ ပြန်ပြီးထိန်းညှိတာဆိုတော့ အမေရိကန်က Proactive ပိုပြီးတက်တက်ကြွကြွ လုပ်ရှားလာတာကို တွေ့တာကြောင့် တရုတ်ကလည်း မြန်မာနိုင်ငံနဲ့ စစ်ကောင်စီ၊ မြန်မာနိုင်ငံအရေးကို ထဲထဲဝင်ဝင် ကိုင်တွယ်လာတာ တွေ့ရပါတယ်။
နောက်ဆုံးကတော့ ကျားဖြန့်ကိစ္စ၊ တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေ - အထူးသဖြင့် ကိုးကန့်ဒေသမှာ ဖြစ်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေ။ ဒီလုပ်ငန်းတွေက တရုတ်လူမျိုးတွေကို ပစ်မှတ်ထားတယ်။ တရုတ်တွေကို နစ်နာစေတယ်။ တရုတ်လူမျိုးတွေ ဒုက္ခရောက်စေတယ်ဆိုတာက တရုတ်အစိုးရ သိပ်ခံပြင်းစရာ ဖြစ်တယ်။ တချိန်တည်းမှာ ဒီစီးပွားရေးုလုပ်ငန်းတွေဟာ မြန်မာစစ်ကောင်စီနဲ့လည်းပဲ တနည်းမဟုတ်၊ တနည်း အကျိုးစီးပွားအရ ပတ်သက်နေတယ်ဆိုတာကို တရုတ်က သိရတော့ နှိမ်နင်းဖို့ပြောတယ်။ စစ်ကောင်စီက ထိထိရောက်ရောက် မနှိမ်နင်းဘူး။ အဲဒါကြောင့်လည်း ဒီအချိန်မှာ ပိုပြီးအရေးယူ ဖြစ်လာတယ်။ ဒါကြောင့် တိုင်းရင်းသားတချို့ လုပ်တာကိုတောင်မှ မျက်စိမှိတ်နေခဲ့တယ်ဆိုပြီးတော့ ပြောကြတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ တရုတ်-မြန်မာ ဆက်ဆံရေးက သိပ်အရေးပါလာတယ်ဆိုတာ ထင်ရှားပါတယ်။
နောက်ဆုံး တရုတ်ပြည်ရဲ့ Vice Foreign Minister အဆင့်မြင့်အရာရှိကြီးတဦး ဆိုပါတော့၊ ဝန်ကြီးတော့ မဟုတ်ပါဘူး။ သူက မြန်မာန်ိုင်ငံသွားပြီးတော့ မြန်မာ့စစ်ကောင်စီရဲ့ အကြီးအကဲဆုံးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့တယ်။ တရုတ်နိုင်ငံထဲမှာ မြန်မာနိုင်ငံရဲ့ Interests တွေ၊ အဓိက ခါးပတ်လမ်း - Belt and Road Initiative ကိစ္စ။ နောက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ဒေသကို စိတ်ချရဖို့အတွက် ဖြစ်တယ်။ နောက်ပြီးတော့ ဒေသတွင်း တည်ငြိမ်မှု ရှိရေးမှာလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောတယ်။ နောက်ဆုံးအချက်အနေနဲ့တော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်လည်း အတတ်နိုင်ဆုံး ကြိုးပမ်းပေးမယ်ဆိုပြီးတော့ တရုတ်က ပြောပါတယ်။ အခုအချိန်မှာ တရုတ်ရဲ့ အခန်းကဏ္ဍက သိပ်အရေးကြီးလာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒါဆိုရင် တရုတ်ရဲ့ သဘောထားကို ဘယ်လိုနားလည်ရပါမလဲ။ တဘက်မှာလည်း စစ်ကောင်စီနဲ့ တီးတိုးတီးတိုး လုပ်တယ်။ တိိုင်းရင်းသားအဖွဲ့တွေနဲ့လည်း တီးတိုးတီးတိုး လုပ်တယ်။ ဒီတော့ သူက အသွားနှစ်ဘက်မူနဲ့ သွားနေတာပါလား။
ဖြေ ။ ။ အဲဒီလိုပဲ ပြောရမှာပါ။ သိပ်တော့မဆန်းပါဘူး။ ဟိုတုန်းကလည်း တရုတ်နိုင်ငံဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံအားပေးတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာ မဆလအစိုးရနဲ့လည်း ရင်းရင်းနှီးနှီး ဆက်ဆံတယ်။ သူ့သဘော သူ့အပြောကတော့ ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံတာ Party-to-Party Relation ပါတီချင်းဆက်ဆံရေး။ အစိုးရနဲ့ ဆက်ဆံတာက Government-to-Government အစိုးရချင်း ဆက်ဆံရေး ဆိုပြီးတော့ ပြောတယ်။ အကြောင်းပြတာပါ - အစိုးရနဲ့ ပါတီဆိုတာ ကွာမှမကွာဘဲ။ အဲဒီပါတီကပဲ အဓိကထား အုပ်ချုပ်နေတာပဲဆိုတော့ မလိမ်တပတ် လုပ်တာပါပဲ။ အသွားနှစ်ဘက်နဲ့ ဆက်ဆံနေတယ်ဆိုတာကို တွေ့ရပါတယ်။ အခုအခါမှာလည်း နယ်စပ်ဒေသ တိုင်းရင်းသားတွေ၊ အထူးသဖြင့် အရှေ့မြောက် တိုင်းရင်းသားတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံမှု ရှိတယ်။ ဒီဘက်မှာလည်း အစိုးရနဲ့ ဆက်ဆံနေတယ်ဆိုတော့ အဲဒီသဘောပါပဲ။ Party-to-Party လို့သာ မသုံးတော့တာ ဖြစ်ပါတယ်။
မေး ။ ။ ဒါပေမဲ့ တရုတ်က ကြားဝင်စေ့စပ်ဖို့ ကြိုးစားနေပေမဲ့လည်း တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်။ ဒီပြဿနာမှာ တရုတ်က တကယ်ပဲ ဖြေရှင်းပေးနိုင်မလား။
ဖြေ ။ ။ တကယ်ပဲ ဖြေရှင်းပေးနိုင်မလားဆိုတာထက်၊ တကယ်ပဲ ကြားဝင်စေ့စပ်သလားဆိုတာကို အရင်ဆုံး ကျနော် စဉ်းစားမိတယ်။ စစ်ကောင်စီကိုတော့ ပြောမယ် - သူတို့ဆွေးနွေးတဲ့အခါမှာတော့ အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ သံတမန်လောကမှာ။ တကယ်ပြောတဲ့အခါ ဘယ်လောက်ပြောသလဲဆိုတာကို မပြောတတ်ဘူး။ အထူးသဖြင့် စစ်ကောင်စီကိုတော့ ကျနော်တို့ ပြောခဲ့တာ နှစ်နိုင်ငံအရေး ဘယ်လိုဖြေရှင်းမလဲ။ Deepen the Cooperation ပိုပြီးနက်နက်ရှိုင်းရှိုင်း၊ ခိုင်ခိုင်မာမာ ဆက်လုပ်မယ်ဆိုတာကို ပြောတယ်။ တဘက်မှာတော့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင် အင်အားစုတွေ။ အထူးသဖြင့် ကိုးကန့်ဒေသ။ ကိုးကန့်က တရုတ်လူမျိုးတွေပါပဲ။ အဲဒီကို အခြေပြုပြီးတော့ တရုတ်တွေ နစ်နာတဲ့ စီးပွားရေးကို စစ်ကောင်စီက ပါဝင်လုပ်နေတယ်ဆိုတာကို တရုတ်က သိပ်ခံပြင်းနေတော့ ကျနော်ထင်တယ် တရုတ်သည် ကိုးကန့်ကို မြန်မာနိုင်ငံ အချုပ်အခြာအာဏာထဲမှာ ရှိနေတာမှန်ပေမဲ့ စစ်ကောင်စီရဲ့ ဝင်ရောက်ချယ်လှယ်မှုကိုတော့ သူတို့မဖြစ်စေချင်ဘူး။ စစ်ကောင်စီရဲ့ ဝင်ရောက်ချယ်လှယ်မှုအောက်က ကင်းလွတ်သော ဒေသတခု ဆက်လက်တည်ရှိနေစေလိုဟန် ရှိပါတယ်။ အဲဒီအတွက် သူတို့ ဘယ်လိုပြောထားသလဲတော့ မသိဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုပေမဲ့ ကိုးကန့်ဘက်ကလည်း ကျနော်တို့ကို ဒီလိုပေးပါလို့ ဖြစ်ကောင်းဖြစ်မှာပေါ့။ အထင်ကို ပြောပြတာပါ။ ခန့်မှန်းချက်။ စေ့စပ်ပေးနေတယ်ဆိုတာတော့ မှန်ပါတယ်။ သို့ပေမဲ့ တကယ်တမ်း ဘယ်လိုပုံစံနဲ့ စေ့စပ်နေသလဲဆိုတာတော့ နားလည်ရခက်တယ်လို့ ပြောရမှာပါ။
မေး ။ ။ ဒီလဆန်းပိုင်းကပဲ NUG ရဲ့ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒ ထုတ်ပြန်တဲ့ထဲမှာ NUG ဟာ တရုတ်နိုင်ငံနဲ့ ကိစ္စရပ် တော်တော်များများမှာ လက်တွဲဆောင်ရွက်သွားမယ်ဆိုပြီးတော့ ဖော်ပြထားပါတယ်။ အခု ညီနောင်သုံးဖွဲ့နဲ့ဖြစ်တဲ့ ပြဿနာမှာ NUG က ဘယ်လောက်ပါဝင်ပတ်သက်နေပါသလဲ။
ဖြေ ။ ။ မေးခွန်းက နှစ်ပိုင်းပေါ့။ တရုတ်နဲ့ NUG ဆက်ဆံရေး ဆိုကြပါစို့။ မှန်ပါတယ်။ NUG ရဲ့ သဘောထား ထုတ်ပြန်ချက်ကို တွေ့ပါတယ်။ NUG က တရုတ်နဲ့ လူတွေရဲ့ အမြင်မှာ၊ တရုတ်ရဲ့အမြင်မှာလည်း ဖြစ်နိုင်တာပေါ့ သူတို့က အမေရိကန်ဘက်ကို ပါတယ်ဆိုပြီတော့။ တရုတ်ဘက်ကလည်း သံသယမကင်းတော့ NUG က အမေရိကန်နဲ့ နီးကပ်လေသလား။ ဒါကြောင့်လည်း NUG ရုံးဖွင့်တဲ့အချိန်မှာ တရုတ်က တိုင်းရင်းသားတွေနဲ့ တွေ့တာတို့ လုပ်ခဲ့တာ ဖြစ်တယ်။ အဲဒါကိုလည်း NUG က ပြန်လည်ဖြေရှင်းလိုဟန် ရှိပါတယ်။ အဲဒါကြောင့် သူတို့ ကြေညာချက်ထုတ်တယ်။ ကြေညာချက်ထုတ်တဲ့နေရာမှာ အဓိကအားဖြင့် တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အရေးကြီးတဲ့ ထိုင်ဝမ်ပေါ်လစီ - One China Policy ကို လက်ခံတယ်။ တနိုင်ငံတည်း မူဝါဒကို လက်ခံတယ်ဆိုပြီးတော့ NUG က ပြောပါတယ်။ အဲဒါဟာ တရုတ်ရဲ့ စိတ်တိုင်းကျ၊ အလိုကျ ကိစ္စတခု ဖြစ်ပါတယ်။ နောက်ပြီးတော့ နယ်စပ်ဖြတ် ရာဇဝတ်မှုကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မယ် ပြောထားတယ်ဆိုတော့ NUG ရဲ့ ရပ်တည်ချက်က မှန်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပါဝင်သလားဆိုတာလဲ ပါဝင်ပါတယ်။ ဝင်တိုက်ပါတယ်ဆိုတာထက် သူတို့ကို လုံးဝထောက်ခံနေတာပဲ။ နိုင်ငံရေးအရ လုံးဝဥဿုံထောက်ခံနေတာကို တွေ့ရပါတယ်။ လူတချို့ကသာ ဘယ်လိုဖြစ်တယ် ဘာညာအမျိုးမျိုး ဝေဖန်ပြောနေတာကို အွန်လိုင်းမှာ တွေ့ရပါတယ်။ သို့ပေမဲ့ သူတို့နဲ့ ဒီနေရာမှာ မဆန်ကျင်ဘူးလို့ပဲ ပြောရမှာပါ။
မေး ။ ။ အဲဒီတော့ ရှမ်းမြောက်အပြင် တခြားဒေသတွေမှာလည်း တိုက်ပွဲတွေက ရှိနေပါတယ်။ ဒါကော တရုတ်နဲ့ ပတ်သက်နေပါသလား။
ဖြေ ။ ။ အဓိကတော့ ရှမ်းမြောက်ဒေသက အဓိက ဖြစ်ပါတယ်။ ဒါပေမဲ့ တိုတိုပြောရရင်တော့ တရုတ်နဲ့ ပတ်သက်တဲ့ အခြား တရုတ် စိတ်ဝင်စားတဲ့ဒေသတခုက ရခိုင်ဒေသ ဖြစ်ပါတယ်။ သူတို့မှာ ရခိုင်မှာ သူတို့ရဲ့ အထူးစီးပွားရေးဇုန်တို့၊ ရထားလမ်းတို့ လမ်းဖောက်နေတာတွေ ရှိတယ်ဆိုတော့။ သို့သော်လဲပဲ တရုတ်ကတော့ အခုအချိန်အထိ စိုးရိမ်ကြောင်း ပြသတာ မတွေ့ရပါဘူး။ အိန္ဒိယဘက်ကသာလျှင် မြန်မာနိုင်ငံနဲ့ နယ်စပ်ကို ပိတ်မယ်၊ ခြံစည်းရိုးကာမယ်တို့၊ ဝင်ခွင့်တားဆီးမယ်ဆိုတာတို့ကို ပြောနေပါတယ်။ နယ်စပ်ဖြတ် ပြဿနာတွေ ရှိလာလို့။ တရုတ်နဲ့တော့ နယ်စပ်ဖြတ်ပြဿနာ လောလောဆယ် မရှိပါဘူး။ သူတို့ အကျိုးစီးပွားကို ထိခိုက်လေမလားသာ ကြည့်တယ်။
မေး ။ ။ အဲဒီတော့ တရုတ်က မြန်မာနိုင်ငံ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မှာကို မလိုလားဘူး။ နောက် တိုင်းရင်းသားတွေ ကိုယ်ပိုင်အခွင့်ရေး ရသွားမှာကို မလိုလားဘူးဆိုပြီး တချို့က သုံးသပ်ပါတယ်။ ဒီအပေါ် ဘယ်လိုသဘောရပါသလဲ။
ဖြေ ။ ။ မှန်ပါတယ်။ တကယ်တော့ တရုတ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားသွားလို့ တရုတ်ပြည်မှာ ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ကျယ်ပြန့်လာလေမလားဆိုတာကတော့ သံသယရှိစရာ ဖြစ်ပါတယ်။ ကျနော်က ဟိုတုန်းက ပြောခဲ့တာ၊ သုံးသပ်ချက်တွေမှာ ထိုင်းမှာ ရိုတ်ခတ်နိုင်တယ်။ ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ စစ်ကောင်စီကို ဆန့်ကျင်ပြီးတော့ အိုးတွေခွက်တွေတီး ဆန္ဒပြတာ။ ထိုင်းမှာလည်း အစိုးရကို စစ်အစိုးရကို အလားတူပဲ အဲဒီလို ဆန္ဒပြကြတယ်။ ဖြစ်နိုင်တယ်။ တရုတ်ကိုတော့ အဲဒီလောက်ထိ မဖြစ်နိုင်ဘူး။ တရုတ်ပြည်က ကြီးကျယ်လွန်ပါတယ်။ မြန်မာပြည်က ဖြစ်လာတဲ့ ရေပွက်ကလေးလောက်ကို သူတို့ အဲဒီလောက်ထိ စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမဲ့ အခုနကိစ္စနဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေ သုံးသပ်သူတွေက သုံးသပ်ကြတယ်။ အမေရိကန် ရှုထောင့်ကနေ သုံးသပ်စဉ်းစားကြတာ ဖြစ်မယ်လို့ ထင်ပါတယ်။ တလောတုန်းက ဝါရှင်တန်ပို့စ် သတင်းစာက အမေရိကန် နိုင်ငံရေးမှာ သိပ်သြဇာကြီးတဲ့ သတင်းစာကြီးက အယ်ဒီတာအာဘော်မှာ ရေးပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို တော်လှန်ရေးဖြစ်တော့ - သူက တရုတ်ကိုတော့ မပြောဘူး၊ ဒါပေမဲ့ တိုင်းပြည်က Failed State ဖြစ်သွားမယ်။ အဓိက စိုးရိမ်စရာနှစ်ခု ထောက်ပြတယ်။ မူးယစ်ဆေးတွေ ကမ္ဘာပျံ့လာမယ်။ နောက် လူကုန်ကူးမှုတွေ ဖြစ်လာမယ်။ အဲဒီနှစ်ခုအတွက် အမေရိကန်က လက်ပိုက်ကြည့်မနေသင့်ဘူး။ အမေရိကန်က အဓိကပြောတာကတော့ NUG တို့ဘက်ကို ပြတ်ပြတ်သားသား ထောက်ခံပြီးတော့၊ လုပ်ပြီး ပြင်ဆင်ထားဖို့ လိုပြီဆိုပြီး ပြောတယ်။ အဲဒီလိုပြောတာနဲ့ ပတ်သက်ပြီးတော့ နောက်ပညာရှင်တချို့ တုံ့ပြန်ရေးကြတယ်။ အဲဒီလိုပြောတာ၊ လုပ်တာထက် ဒါဟာ တဘက်သတ် ဖြစ်တယ်။ တရုတ်နဲ့ အမေရိကန် နှစ်ဘက်ပေါင်းပြီးတော့ လုပ်နိုင်ရင် မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်မယ်အလားအလာ ရှိတယ်ဆိုပြီးတော့ ပြောကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အခုနပြောတဲ့ လူကုန်ကူးမှုနဲ့ မူးယစ်ကိစ္စကို တရုတ်လည်း စိုးရိမ်တာပဲ။ အမေရိကန်ကလည်း ဒါကို စိုးရိမ်တယ်ဆိုရင် တရုတ်လည်း ဒီကိစ္စတွေကို စိုးရိမ်တယ်ဆိုရင် ဒီနှစ်ခုကို ပူးပေါင်းပြီးတော့ လုပ်နိုင်ရင်ကောင်းမယ်ဆိုပြီးတော့ အကြံပေးရေးသားတာတွေကို တွေ့ရပါတယ်။
မေး ။ ။ အဲဒီတော့ နောက်ဆုံးမေးချင်တာက တရုတ်နဲ့ အမေရိကန်တို့ မြန်မာနိုင်ငံပေါ် ပြိုင်ဆိုင်မှု၊ ဒီအပေါ် ဘယ်လိုသဘောရပါသလဲ။
ဖြေ ။ ။ အခုနမေးခွန်းနဲ့ တဆက်တည်းပါပဲ။ မြန်မာနိုင်ငံမှာ သူတို့လိုချင်တဲ့ဟာ နှစ်ခု တူနေတယ်။ ဥပမာအားဖြင့် နယ်စပ်ဖြတ်ပြီးတော့ - နယ်စပ်ဖြတ်တာထက် လူမှောင်ခိုကူးမှု Human Trafficking နဲ့ မူးယစ်ဆေး ပျံ့နှံ့လာမယ့်ကိစ္စ။ ဒီနှစ်ခုကို တရုတ်လည်း လိုလားတယ်။ အမေရိကန်လည်း လိုလားတယ်။ ဒီလိုလားချက်တွေအပေါ် မူတည်ပြီးတော့ မျှမျှတတဖြစ်အောင် ဆောင်ရွက်မယ်ဆိုရင် နှစ်ဘက်စလုံးအကျိုးကို မထိခိုက်နိုင်ပါဘူး။ အမေရိကန်နဲ့ အဓိကပြိုင်ဆိုင်တာက ထိုင်ဝမ်ကိစ္စ ဖြစ်မယ်။ တောင်တရုတ်ပင်လယ်ကိစ္စ ဖြစ်မယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အကျိုးယုတ်စရာလည်း မရှိပါဘူးဆိုတော့ အဲဒီကိစ္စတွေကို မထိခိုက်နိုင်တဲ့ မြန်မာနိုုင်ငံအရေးကိုတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြဿနာတွေ ပြေလည်အောင် လုပ်ပေးလိုက်မယ်ဆိုရင် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိနိုင်တယ်လို့ ပညာရှင်တချို့က အကြံပြုရေးသားလာတာတွေကို တွေ့ရပါတယ်ဆိုတော့ အဲဒီလို ဖြစ်နိုင်ရင်တော့ အကောင်းဆုံးလို့ပဲ ပြောရမှာပေါ့ မမြသဇင်။
မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။