(Zawgyi/Unicode)
မြန်မာဘက်က COVID-19 ကူးစက်မှု ဝင်လာနိုင်တဲ့ အခြေအနေကို တားဆီး ဟန့်တားနိုင်ရေး အတွက် မြန်မာနဲ့ နယ်စပ်မှာ တရုတ်ဘက်က ကုတင် ၂၀၀၀ ကျော်ဆန့် သီးခြားခွဲထားမယ့် စင်တာ တခုကို တည်ဆောက်နေပါတယ်။
အိမ်နီးချင်း မြန်မာနဲ့ လာအို နှစ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုက ဆက်ပြီး ရှိနေပြီး တရုတ်ဘက်ကို ဝင်လာနိုင်တဲ့ အန္တရာယ်ကြောင့် ဒီနှစ်နိုင်ငံနဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်ထဲက Meng La ခရိုင်တွင်းမှာ သီးသန့်ခွဲထားမယ့် စင်တာ တခုကို တည်ဆောက်နေကြောင်း တရုတ် အစိုးရ အာဘော် Global Times က ဇန်နဝါရီလ ၁၇ ရက်နေ့က ဖော်ပြပါတယ်။
Quarantine ထားရှိနိုင်ရေး လိုအပ်ချက် ပြည့်မီစေဖို့ အတွက် Meng La ခရိုင်တွင်းမှာ တည်ဆောက်နေတဲ့ စင်တာမှာတော့ အခန်း ၂၀၀၀ နဲ့ ကုတင်က ၂၀၀၁ ခု ထားရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီစင်တာကို စီမံခန့်ခွဲမယ့် ဝန်ထမ်း ၁၁၂ ယောက်ဆန့်မယ့် အခန်း ၅၁ ခန်းကိုလည်း တည်ဆောက်ဖို့ စီစဉ်ထားကြောင်း သတင်းက ဖော်ပြပါတယ်။ တည်ဆောက်ရေး စီမံကိန်းကို တလ အတွင်း ပြီးစီးဖို့လည်း ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ထိ ယူနန် ပြည်နယ်မှာ ပြည်ပက ကူးစက်တဲ့ COVID-19 လူနာ ၅ ဦးရှိပြီး ဒီထဲက သုံးဦးက ရောဂါ လက္ခဏာမပြဘူးလို့ သတင်းက ဖော်ပြပေမယ့် ဘယ်နိုင်ငံက ကူးစက်သလဲဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း တရုတ်နိုင်ငံ ဝူဟန်မှာ စပြီး တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တရုတ်နိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ် ထားနိုင်ပေမယ့် မြန်မာ အပါအဝင် ကမ္ဘာတလွှားမှာတော့ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ တရုတ် ကျန်းမာရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက် အရတော့ တရုတ်နိုင်ငံတွင်း ပြည်ပကနေ COVID-19 ကူးစက်မှု စုစုပေါင်း၂၇၈ ဦး ရှိတယ်လို့ ဖော်ပြပါတယ်။
.............
(Unicode)