အာတိတ်ဒေသမှာ တရုတ်နဲ့ ရုရှားရဲ့ ရန်စောင်တဲ့ ဆောင်ရွက်ချက်တွေကို အမေရိကန်က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ Donald Trump အစိုးရက တနလာၤနေ့မှာ သတိပေးလိုက်ပါတယ်။ အာတိတ်ဒေသမှာ ပူနွေးလာပြီး ရေခဲတွေ အရည်ပျော်လာတာနဲ့ အတူ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးက လျင်လျင်မြန်မြန် လမ်းပွင့်လာနေပါတယ်။ အာတိတ် ဒေသမှာ အမေရိကန်ဘက်က စစ်ရေးတိုးချဲ့မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက တနလာၤနေ့မှာ ကြေညာခဲ့ပါတယ်။ Nike Ching ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
အာတိတ်ဒေသမှာ တရုတ်နဲ့ ရုရှားတို့ ချဲ့ထွင်လာမှုကို တန်ပြန်ဆောင်ရွက်မှုတွေ အတွင်းမှာဘဲ ဒေသတွင်းမှာ အမေရိကန်ဘက်က စစ်ရေးတိုးချဲ့ချထားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တနလာၤနေ့မှာ ကြေညာလိုက်တာပါ။ ဖင်လန်နိုင်ငံ Rovaniemi မြို့မှာ ၁၁ ကြိမ်မြောက် အာတိတ် ကောင်စီ ဝန်ကြီးများ အဆင့် အစည်းအဝေးတက်ဖို့ ရောက်နေတဲ့ နိုင်ငံခြားရေး ဝန်ကြီး Pompeo က အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဦးဆောင်ဆောင်ရွက်နေပြီး တပ်တွေ ချထားမှုကိုလည်း တိုးချဲ့နေပါတယ်။ နောက် ရေခဲပြင်ခွဲတဲ့ သဘောၤကို ပြန်လည်တင်ဆောက်နေပြီး ကမ်းခြေစောင့်တပ် ရံပုံငွေကိုလည် ပိုတိုးချဲ့နေပါတယ်။ နောက် အာတိတ် ဆက်ဆံရေးအတွက်လည်း အကြီးတန်း စစ်ဘက် ရာထူးနေရာသစ် တခုကို အမေရိကန် စစ်တပ်မှာ ခန့်ထားဖို့ ဆောင်ရွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
“ ဒီဒေသဟာဆိုရင် ကမ္ဘာတလွှား သြဇာအာဏာနဲ့ ယှဉ်ပြိုင်မှု ဒေသတခုဖြစ်လာပြီး အာတိတ်ဒေသ ၈ နိုင်ငံတို့ အနေနဲ့ အနာဂတ်သစ်ကို ဖန်တီးရမှာ ဖြစ်ပါတယ်။ ”
အာတိတ်ဒေသတွင်းမှာ တရုတ်ဘက်က စစ်ရေးတိုးမြှင့်ဖို့ အတွက် အရပ်ဘက်ဆိုင်ရာ သုတေသနတခုကို အသုံးပြုနိုင်ခြေ ရှိနေတယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ အစီရင်ခံစာက ပြောဆိုပြီး ရက်ပိုင်း အကြာမှာဘဲ အခု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ တရုတ်ဘက်ကတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုက မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Geng Shuang က တနလာၤနေ့မှာ ပြောဆိုသွားပါတယ်။
"နှစ်နိုင်ငံစလုံး အတွက် ပူးပေါင်းဆောင်ရွက်မှုက မှန်ကန်တဲ့ ရွေးချယ်မှုပါ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အနေနဲ့ ခေတ်မမီတော့တဲ့ စစ်အေးခေတ် အတွေးအခေါ် အယူအဆတွေ၊ လူမျိုးစွဲတွေကို စွန့်လွှတ်ဖို့နဲ့ တရုတ် အပေါ်မှာရော၊ တရုတ် အမေရိကန် ဆက်ဆံရေးမှာပါ မှန်ကန်တဲ့ ရှုထောင့်ကနေ ရှုမြင်ဖို့ တိုက်တွန်းပါတယ်။"
ဝင်ရိုးစွန်း ဒေသမှာ ပင်လယ်ပြင် ရေခဲတွေ အရည်ပျော်ကျလာနေတာနဲ့ အတူ ရေကြောင်းလမ်းသစ်တွေနဲ့ ကုန်သွယ်ရေး အခွင့်အလမ်းတွေ ထွက်ပေါ်လာမယ့် အနေအထား ရှိနေပါတယ်။
ပြီးခဲ့တဲ့ လတုန်းကဘဲ ရုရှားက မြောက်ပိုင်း ပင်လယ်လမ်းကြောင်းကို တရုတ်ရဲ့ ရေကြောင်း ပိုးလမ်းမကြီးနဲ့ ချိတ်ဆက်မယ့် အစီအစဉ်ကို ကြေညာလိုက်ပြီး ဒါဟာဆိုရင် အာရှနဲ့ ဥရောပ မြောက်ပိုင်းကို သဘောၤခုတ်မောင်းတဲ့ လမ်းကြောင်းသစ် တခုဖော်မယ့် ဆောင်ရွက်ချက်လို့ ရှုမြင်ထားကြတာပါ။ တဆက်တည်းမှာဘဲ ဒီဘက်နှစ်ပိုင်းတွေ အတွင်းမှာ တရုတ်က အာတိတ် ဒေသအပေါ် ပိုပြီး စိတ်ဝင်စားလာနေပါတယ်။ အာတိတ်ဒေသ သဘောၤ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ဖွံ့ဖြိုးအောင် လုပ်ပြီး ဝင်ရိုးစွန်း ပိုးလမ်းမကြီး တည်ဆောက်ဖို့ သက်ဆိုင်သူ အားလုံးနဲ့ အတူပူးပေါင်းဆောင်ရွက်နိုင်ရေး တရုတ်က မျှော်လင့်တယ်ဆိုပြီး တရုတ်ရဲ့ အာတိတ် ဆိုင်ရာ မူဝါဒမှာ ဖော်ပြထားပါတယ်။ တရုတ်ရဲ့ ရည်မှန်းချက်ထွက်ပေါ်လာချိန်မှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကတော့ ဝင်ရိုးစွန်း ဒေသမှာ အာတိတ်ဒေသက မဟုတ်တဲ့ နိုင်ငံတွေရဲ့ ကြားဝင်ဆောင်ရွက်မှုတွေကို ပယ်ချလိုက်ပါတယ်။
"တရုတ်နိုင်ငံနဲ့ အာတိတ်ဒေသကြား အတိုဆုံး လမ်းက မိုင် ၉၀၀ ကျော် ဝေးပေမယ့် တရုတ်က အာတိတ် နိုင်ငံဆိုပြီး တရုတ် အစိုးရက ပြောဆိုနေတာပါ။ ဒီမှာက အာတိတ်ဒေသ နိုင်ငံတွေနဲ့ အာတိတ် ဒေသက မဟုတ်တဲ့ နိုင်ငံတွေဆိုပြီးဘဲ ရှိပါတယ်။ တတိယ အမျိုးအစား သတ်မှတ်ချက် မရှိပါဘူး။ တရုတ်ဘက်က တဖက်သတ် ပြောနေပေမယ့် အရာမရောက်ပါဘူး။ ဒီလို ပြောတာက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မလိုလားဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ တရုတ်ရဲ့ အမျိုးသား လုံခြုံရေး ရည်ရွယ်ချက် မဟုတ်တဲ့ စီးပွားရေး အကျိုးစီးပွားကိုဘဲ ထင်ဟပ်တဲ့ ပွင့်လင်းမြင်သာမှု ရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အမေရိကန်ဘက်ကရော အာတိတ် နိုင်ငံတွေဘက်ကရော ကြိုဆိုပါတယ်။"
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလက ရုရှားရဲ့ Vostok စစ်ရေးလေ့ကျင့်မှုက ဆားဘီးယား၊ ရုရှားရဲ့ အရှေ့စွန်ပိုင်း၊ နောက် အာတိတ်နဲ့ ပစိဖိတ် သမုဒ္ဒရာ အထိပါ ချဲ့ထွင်ခဲ့ပြီး တရုတ်ကိုလည်း ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ ပထမဆုံး အကြိမ်အဖြစ် ဖိတ်ကြားခဲ့တာပါ။ ဒီနောက်ပိုင်းမှာလည်း နှစ်နိုင်ငံတို့ အနေနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ပုံမှန် ဆောင်ရွက်သွားဖို့ ရည်ရွယ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အိုက်စလန်နိုင်ငံရဲ့ ကူညီမှုနဲ့ ၂၀၁၃ ခုနှစ် မေလထဲမှာ တရုတ်က အာတိတ် ကောင်စီမှာ လေ့လာသူ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ အိုက်စလန်နိုင်ငံ Karholl မှာ တရုတ် - အိုက်စလန်တို့ အာတိတ် သုတေသန စောင့်ကြည့်လေ့လာရေး အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ အာတိတ် ဒေသဟာဆိုရင် မထုတ်ရသေးတဲ့ ကမ္ဘာ့ရေနံ ပမာဏရဲ့ ၁၃ ရာခိုင်နှုန်း၊ နောက် ကမ္ဘာ့ သဘာ၀ ဓာတ်ငွေ့ ၃၀ ရာခိုင်နှုန်းရှိနေပြီး ယူရေနီယံ၊ ရှားပါး သတ္တုတွေ၊ နောက် မဖော်ထုတ်ရသေးတဲ့ ငါးဖမ်းဧရိယာကလည်း စတုရန်း ကီလိုမီတာ သန်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။