တရုတ်ပြည် အလယ်ပိုင်းနဲ့ တောင်ပိုင်း ပြည်နယ်တွေမှာ မိုးသည်းထန်ခဲ့တဲ့အတွက် လူအသေအပျောက် အနည်းဆုံး ၉၄ ယောက် ရှိခဲ့တယ်လို့ တရုတ် တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အပတ်အတွင်းက ပြည်နယ် ၁၃ ခုမှာ မိုးကြီးပြီး ရေလွှမ်း မြေပြိုခဲ့တာကြောင့် အဲဒီဒေသတွေမှာ နေထိုင်ကြတဲ့ လူဦးရေ ၈,၀၀၀,၀၀၀ မိုးဒဏ် ခံခဲ့ရတယ်လို့ ကယ်ဆယ်ရေးဌာနက တနင်္ဂနွေနေ့က ပြောပါတယ်။ လယ်ဟက်တာ ဧက ၅၀၀,၀၀၀ လည်း ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။
ယန်ဇီမြစ် အလယ်ပိုင်းနဲ့ အနိမ့်ပိုင်း ဒေသတွေမှာ အရေးပေါ် အခြေအနေ အဆင့် ၃ အဖြစ် တနင်္ဂနွေနေ့က သတ်မှတ် ကြေညာထားတယ်လို့ ဆင်ဟွာ သတင်းဌာနက ဆိုပါတယ်။
တနင်္လာနေ့မှာ ဒီနေရာတွေကို ရေလွှမ်းမယ့် အန္တရာယ်နဲ့ မြေပြိုမယ့် အန္တရာယ် ရှိနိုင်တယ်လို့ တာဝန်ရှိသူတွေက ဆိုကြပါတယ်။ ဒေသခံ အာဏာပိုင်တွေနဲ့ မိုးလေဝသဌာနက တာဝန်ရှိသူတွေဟာ ၂၄ နာရီ ရာသီဥတု အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
တောင်ပိုင်း ဂွမ်ဒေါင်း (Guangdong) ပြည်နယ်ကို နွေရာသီ အပူပိုင်းမုန်တိုင်း ပထမဆုံး အကြိမ်အဖြစ် ကျရောက်ခဲ့ပါတယ်။ ဆရီကာ (Sarika) လို့ အမည်ပေးထားတဲ့ မုန်တိုင်းဟာ တနာရီ ၄၂ မိုင်နှုန်းနဲ့ လေပြင်းကျရောက်ခဲ့ပြီး မြောက်ပိုင်းကို ရွေ့လျားသွားတယ်လို့ ဆင်ဟွာက ပြောပါတယ်။ တနင်္ဂနွေနေ့က တရုတ်ပြည် နေရာတော်တော်များများမှာ အသင့်အတင့်ကနေ မိုးထစ်ချုန်းတဲ့အထိ မိုးရွာသွန်းခဲ့ပါတယ်။