တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အတွင်း အဂတိလိုက်စားခဲ့တဲ့ အစိုးရဝန်ထမ်း ၃ သိန်းလောက်ကို အပစ်ပေးအရေးယူခဲ့တယ်လို့ အာဏာရ ကွန်မြူနစ်ပါတီ က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အဲဒီထဲက ဝန်ထမ်း ၂ သိန်းလောက်ကို အငယ်စားပစ်ဒဏ်တွေ ချမှတ်ခဲ့ပြီး ၈ သောင်း ၂ ထောင်လောက် ကိုတော့ ပါတီတွင်း ရာထူးချထားတာ အပါအဝင် ပြင်းထန်တဲ့ ပစ်ဒဏ်တွေ ပေးခဲ့တယ်လို့ ပါတီရဲ့ စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
စည်းကမ်းထိမ်းသိမ်းမှု စစ်ဆေးရေး ဗဟိုကော်မတီ လို့ ခေါ်တဲ့ ဒီစောင့်ကြည့်ရေးအဖွဲ့က သူတို့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ အကြမ်းဖျင်း ဖေါ်ပြထားပေမယ့် ကော်မတီရဲ့ လုပ်ထုံးလုပ်နည်း ဒါမှမဟုတ် ဘယ်လို အထောက်ထားကို ကျူးလွန်တယ်လို့ သတ်မှတ်ကြောင်း ကို ရှင်းပြတာမျိုး သိပ်မရှိသလို အသေးစိတ်လည်း တင်ပြမထားပါဘူး။
သမ္မတ ရှီကျင့်ပင်လက်ထက်မှာ ပါတီ၊ အစိုးရဌာန၊ စစ်တပ်နဲ့ အစိုးရဦးစီးတဲ့ စီးပွါးရေးလုပ်ငန်းအားလုံးမှာ တာဝန်ထမ်းဆောင် နေကြတဲ့ ဝန်ထမ်းအားလုံးအတွက် အဂတိလိုက်စားမှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှုတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေအရ ဝန်ထမ်းပေါင်း ၁၅၆၇ ဦးကို ပါတီကထုတ်ပယ်တာ ဒါမှမဟုတ် ပစ်ဒဏ်ပေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။ သမ္မတရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကနေ အရေးယူခဲ့တဲ့ ရာထူး အကြီးဆုံးပုဂ္ဂိုလ်ကတော့ ပါတီတွင်း ပေါလစ်ဗျူရိုအဖွဲ့ဝင် တဦးဖြစ်တဲ့ Zhou Yongkang ပါ။ သူ့ကို အဂတိလိုက်စားမှုနဲ့ မနှစ်က ထောင်ဒဏ်တသက်ချထားခဲ့ပါတယ်။