သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်စည်ပင်ဝန်ကြီး ရာထူးကထွက်


ရာထူးက နုတ်ထွက်သွားတဲ့ စည်ပင်ဝန်ကြီးဟောင်း ဆလိုင်း Salai Isaac Khen (အလယ်)
ရာထူးက နုတ်ထွက်သွားတဲ့ စည်ပင်ဝန်ကြီးဟောင်း ဆလိုင်း Salai Isaac Khen (အလယ်)

ချင်းပြည်နယ်အတွင်းမှာ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည် ဖေါ်မှု နှောင့်နှေး တာကြောင့် ပြည်နယ်ဝန်ကြီး (၃) ဦးကို နေရာပြောင်းလဲပေးဖို့ ပြည်နယ်လွှတ်တော်ကနေ နိုင်ငံတော်သမ္မတထံ တင်ပြချက် အရ ချင်းပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးတဦးကို နုတ်ထွက်ခွင်ြ့ပုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် အနေနဲ့ မိမိသဘော ဆန္ဒအလျှောက် နုတ်ထွက်တယ်လို့ပြောခဲ့သလို ဒီလိုနုတ်ထွက်ရတဲ့ ဖြစ်စဉ်အပေါ် ချင်းနိုင်ငံရေးပါတီတွေနဲ့ ချင်းလူမှုအဖွဲ့အစည်းတွေကြား ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်း ထောက်နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကနေ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်ကို ရာထူးကနေ နုတ်ထွက်ခွင်ြ့ပုကြောင်းထုတ်ပြန်ခဲ့တာပါ။

ချင်းပြည်နယ်အတွင်း စီမံကိန်းအကောင်အထည်ဖေါ်မှု နှောင့်နှေးနေတာတွေ ကြောင့် တာဝန်ကနေ နုတ်ထွက်ခဲ့တာဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

“အဓိက ကျနော်နုတ်ထွက်တာကတော့ဟားခါး မြို့ပြစီမံကိန်းရယ်။ ဟားခါးဈေး တည်ဆောက်မှု ရယ်။ ဖလမ်းရေပေးရေးစီမံကိန်းပေါ့နော်။ ဒီလုပ်ငန်း (၃) ခုမှာ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင် ကျနော်တို့ မဆောင်ရွက်နိုင်တဲ့ကိစ္စမျိုး ပေါ်ပေါက်ခဲ့ တယ်ပေါ့လေ။ အဲဒီအတွက်ကြောင့်မို့ သက်ဆိုင်ရာ ပြည်သူလူထုမှာ အခက်ခဲတွေ ကြုံ လာရတာဖြစ်တဲ့အတွက်ကြောင့်မို့ အထူးသဖြင့် ကျနော့် ကွပ်ကဲမှု အောက်မှာရှိတဲ့ ဌာနတွေမှာ ဖြစ်တဲ့ကိစ္စမှာဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော့်အနေနဲ့ တာဝန်ယူ တာဝန်ခံတဲ့ အနေနဲ့ မိမိသဘောဆန္ဒအလျှောက် နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။”

လမ်းပန်းဆက်သွယ်ရေး၊ စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီးနေရာ ၃ ခုအတွက် အပြောင်း အလဲ လုပ်ပေးဖို့ ပြည်နယ်လွှတ်တော်က နိုင်ငံတော်သမ္မတထံ ဒီလ အစော ပိုင်းက တင်ပြထားရာမှာ စည်ပင် ဝန်ကြီးကို နှုတ်ထွက် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဆလိုင်းအိုက်ဇက်ခင်ဟာ လူထုအခြေပြုအဖွဲ့အစည်းမှာ လှုပ်ရှားတာဝန်ယူခဲ့သူတဦး ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး အနိုင်ရ NLD ပါတီကနေ ချင်းပြည်နယ်စည်ပင် သာယာရေး ဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခံခဲ့ရတာပါ။

စည်ပင်သာယာရေးဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးက အနားပေးခဲ့တာနဲ့ ပက်သက်လို့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး (၂) ဆလိုင်းကျဲအို ဘိထောင်က အခုလိုမြင်ပါတယ်။

“သူနှုတ်ထွက်ရတဲ့အကြောင်းရင်းကို တိတိကျကျ မသိနိုင်တဲ့အခါကျတော့ လူထုတွေက ေ၀ဝါးနေတဲ့ ပုံဗျာ။ ဆိုတော့ အကြောင်းပြချက်အကြောင်းအရင်းအတိအကျကို သိဖို့တော့ လိုလိမ့်မယ်ထင်တယ်။ ဒါ နိုင်ငံရေးပယောဂလား။ ပုဂ္ဂိုလ်ရေး သူတို့အချင်းချင်းကြားထဲမှာ အထူးသဖြင့် လွှတ်တော်အဖွဲ့နဲ့ အစိုးရအဖွဲ့ထဲမှာ မတည့်တာလား။ နောက် လွှတ်တော် ဥက္ကဋ္ဌနဲ့ လည်း သူနဲ့မတည့်ဘူး- ဆိုတဲ့ပုဂ္ဂိုလ်ရေး သက်သက်များဖြစ်နေသလား။ ဒါတွေက ရှင်းရှင်းလင်း လင်း ရှိသင့်တယ်လို့ ကျနော်တို့ ထင်တာပေါ့ဗျာ။ လုပ်ငန်းမနိုင်တာတခု သက်သက်နဲ့ဆိုရင်တော့ သူ့ထက်တောင် ပိုဆိုးမယ့်ဝန်ကြီးတွေတော့ ရှိနေမှာပဲလေ။ ကျနော်တို့ ဒီလိုပဲ ယူဆတာပေါ့ဗျာ။”

ချင်းပြည်နယ်လွှတ်တော်ကနေ ဝန်ကြီး (၃) ဦးကို ပြောင်းလဲပေးဖို့ သမ္မတကိုတင်ပြထား ရာ မှာ စည်ပင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကိုသာ နုတ်ထွက်ခွင့်ပြုတာကြောင့် ကျန်တဲ့ ဝန်ကြီးနှစ်ဦးကို နေရာလဲသွားဖို့ အစီအစဉ်ရှိကြောင်း သတင်းတွေပေါ်ထွက်နေပါတယ်။

ဒီလိုသတင်းထွက်နေတဲ့အပေါ် ချင်းပြည်နယ်အစိုးရစိုက်ပျိူးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်း ဒါလ်းက အခုလိုပြောပါတယ်။

“အဲဒါကတော့ ကျနော် မသိဘူး။ ဒီနေ့ု သတင်းစာထဲမှာ ထုတ်တဲ့ဟာနဲ့ ဒီအတိုင်းပါပဲ။ ကျနော်တို့ ဘာမှ ထပ်ရှင်းဖို့ မရှိပါဘူးနော်။”

စည်ပင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်ကနေ နုတ်ထွက်တဲ့ဖြစ်ရပ်နဲ့ ပက်သက်ပြီး ချင်းလူထု အခြေပြု အဖွဲ့တွေအကြား မေးခွန်းထုတ်စရာအနေအထားမှာရှိနေပါတယ်။

တီးတိန်မြို့က လူငယ်အသင်းဥက္ကဋ္ဌ ကိုနူမ်ရှမ်းသွင်ရဲ့အမြင်ကတော့

“လုပ်ငန်းတာဝန်မကျေဘူးဆိုတာကတော့ ကျနော့်အနေနဲ့ပြောလို့ဖြစ်ရင်လုပ်ငန်းတာဝန် မကျေတဲ့သူ အရမ်း အများကြီးရှိမှာပဲ။ သူ့ကိုဘာဖြစ်လို့ ထွက်ခိုင်းတာလဲဆိုတာ ကျနော် ကတော့မသိဘူး။ ဒါပေမဲ့ သူကလည်း တက်ကြွတယ်၊ လန်းဆန်းတယ်။ နေရာတိုင်းမှာ ထိပ်မှာနေတယ်ဆိုတော့- တချို့အတွက်နဲ့ မနာလိုဖြစ်မှာပေါ့။”

ချင်းပြည်နယ်ဝန်ကြီးတွေအနက် NLD ပါတီဝင်မဟုတ်သူ ဆလိုင်းအိုက်ဇက်ခင်ဟာ အရပ်ဖက် လူမှု အဖွဲ့အစည်းကဖြစ်ပြီး လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်ကတော့ ဇီုမီးဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပါတယ်။

ဘယ်ပါတီဝင်ဖြစ်ဖြစ် ချင်းပြည်နယ်အတွက်တကယ်အလုပ်လုပ်တဲ့သူတွေကို တာဝန်ခန့် အပ်ဖို့ လိုလားကြောင်း ကိုနုမ်ရှမ်းသွင်က ပြောပါတယ်။

သမ္မတသစ် ဦးဝင်းမြင့်တာဝန်ယူနေတဲ့ကာလအတွင်းမှာ ပထမဆုံး ပြည်နယ်ဝန်ကြီးတဦး တာဝန် ကနေ နုတ်ထွက်ရတဲ့ဖြစ်စဉ်တခုဖြစ်သလိုပြည်ထောင်စုဝန်ကြီး ၆ ဦးနှင့် ပြည်နယ် ဝန်ကြီးချုပ် ၃ ဦး အပြောင်းအလဲ ရှိနိုင်မယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါတယ်။

သမ္မတဦးဝင်းမြင့်ရဲ့ မြန်မာနှစ်သစ်ကူးမိန့်ခွန်း ပြောကြားရာမှာတော့ ပြုပြင်ပြောင်းလဲရေးနဲ့ အံမဝင်ခွင်မကျတဲ့ နေရာတွေမှာ လိုအပ်ရင်လိုအပ်သလို သွက်လက်ထက်မြက်ပြီး အရည် အသွေးရှိတဲ့ လူစားလဲသွားမှာ ဖြစ်ကြောင်းလည်း ကတိပြုပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG