သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၁ ကြိမ် ချင်းအမျိုးသားနေ့နဲ့ ပြည်ပရောက်ချင်းတွေရဲ့ မျှော်မှန်းချက်


၇၁ ကြိမ် ချင်းအမျိုးသားနေ့ (မလေးရှား)
၇၁ ကြိမ် ချင်းအမျိုးသားနေ့ (မလေးရှား)

ဒီကနေ့ဟာ ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးပြည်နယ်တခုဖြစ်တဲ့ ချင်းပြည်နယ်ဟာ အခုချိန်ထိ သိသာတဲ့တိုးတက်မှုတွေ ဖြစ်မလာသေးတဲ့အချက်က ချင်းလူထုအတွက် စိတ်မသက်မသာ ဖြစ်စရာအချက်တခုပါ။

ပြည်တွင်းအခြေအနေဆိုးဝါးမှုကြောင့် ပြည်ပကိုထွက်လာခဲ့ကြတဲ့ ချင်းလူဦးရေဟာ ၂သိန်းနီးပါးရှိမယ်လို့ ချင်းအရေးဆောင်ရွက်သူတွေက ခန့်မှန်းကြပါတယ်။ ပြည်ပရောက်ချင်းလူမျိုးတွေကတော့ ၇၁နှစ်မြောက်ချင်း အမျိုးသားနေ့ကို ပြီးခဲ့တဲ့ စနေနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တုန်းက နိုင်ငံတကာအလိုက် ကျင်းပခဲ့ကြပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ချင်းအမျိုးသားနေ့နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် အမေရိကန်မြန်မာ အသင်းရဲ့ ဥက္ကဌ ဒေါက်တာရိုဒင်းရဲ့အမြင်ကိုသိရအောင် ကိုကျော်အောင်လွင် မေးမြန်းထားပါတယ်။

ချင်းအမျိုးသားနေ့တွေကျင်းပလာခဲ့တာ ၇၁နှစ် ရှိလာခဲ့ပေမဲ့လည်း ချင်းဒေသမှာ ထူးခြားတဲ့ပြောင်းလဲမှုတွေရှိမလာနိုင်သေးပဲ နိမ့်ကျတဲ့အခြေအနေမှာ ဆက်ပြီးရှိနေတုန်းပဲလို့ ဒေါက်တာ ရိုဒင်းကပြောပါတယ်။

“ချင်းပြည်နယ်ဆိုတာက ကျနော်တို့ အရင်က တိုင်းနဲ့ ပြည်နယ် ၁၄ ခု မြန်မာပြည်မှာ ရှိတဲ့အထဲမှာ အဆင်းရဲဆုံးပြည်နယ် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးပြည်နယ်ဖြစ်ခဲ့ပါတယ်။ အခုအထိလည်း တဝက်တပျက် ဒီမိုကရေစီ အောက်မှာ အဲဒါတွေက ဆက်ရှိနေသေးတယ်။ အားလုံးနီးပါးက နိမ့်ကျနေသေးတာဖြစ်တယ်။ အဲဒီအထဲမှာ အဓိကတော့ လမ်းပန်းဆက်သွယ်ရေး နိမ့်ကျနေသေးတယ်။ ပညာရေးကလည်း မနှစ်ကဆိုရင် ၁၀ တန်းအောင်ရာခိုင်နှုန်းက ချင်းပြည်နယ်က အနိမ့်ဆုံး နောက်စီးပွားရေးအရရော ကျန်းမာရေးအရရော အဘက်ဘက်က နိမ့်ကျနေသေးတာကို ကျနော်တွေ့ရပါတယ်။”

ချင်းလူထုဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို လိုလားတဲ့လူ့ အဖွဲ့အစည်း ဖြစ်ကြောင်းကိုလည်း ဒေါက်တာရိုဒင်းက ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းနဲ့ယှဉ်ပြီး ရှင်းပြပါတယ်။

“ကျနော်တို့ ချင်းအမျိုးသားနေ့ဆိုတာ သမိုင်းဂုဏ်အင်မတန်ရှိတဲ့ အမျိုးသားနေ့တရပ်ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ မြန်မာပြည်က အင်္ဂလိပ် လက်အောက်ကနေ လွတ်လပ်ရေးရတယ်။ အဲဒီအချိန်အထိက Chin Hills Regulation Act ၁၈၉၆ က ရေးဆွဲခဲ့တဲ့ အက်အရ အုပ်ချုပ်ခဲ့တာဖြစ်တယ်။ လွပ်လပ်ရေးရပြီးတော့ ၁ လအတွင်းမှာ ဖလမ်းမြို့တော်မှာ ချင်းလူထုအစည်းအဝေးကို ဒီမိုကရေစီနည်းကျကျ ဖော်ဆောင်ခဲ့တယ်။ မြန်မာနိုင်ငံတော်သမ္မတကြီး စပ်ရွှေသိုက် ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့တယ် ချင်းအမျိုးသား ၅၀၀၀ လောက်က ပဒေသရာဇ် စနစ်ကို ပယ်ဖျက်ပြီးတော့ ဒီမိုကရေစီကျကျအုပ်ချုပ်ဖို့ ချင်းရေးရာကောင်စီအဆိုပြုချက်နဲ့ ဖြစ်လာတဲ့ ချင်းရေးရာစုံစမ်းရေးကော်မတီမှာ မဲပေးဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ လူ ၅၀၀၀ အနက် ကန့်ကွက်မဲပေးတာက ၁၇ ယောက်ပဲရှိတယ်ဆိုတော့ ၊ ဒါက သမိုင်းအောင်ပွဲတရပ်ဖြစ်ပါတယ်။ ဒါကြောင့် ချင်းအမျိုးသားများဟာ လွတ်လပ်မှု ဒီမိုကရေစီစနစ်ကို မြတ်နိုးတယ်ဆိုတာ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံကနေ သက်သေခံနေပါတယ်။”

ချင်းလူထုအပါအဝင် မြန်မာနိုင်ငံတိုးတက်ထွန်းကားရေးက မြန်မာ့ဒီမိုကရေစီရေးနဲ့ ဆက်စပ်နေတာကြောင့် ဒီမိုကရေစီမဆန်တဲ့ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးမှာ ချင်းအမျိုးသားတွေ ပူးပေါင်းပါဝင်ကြဖို့လည်း ဒေါက်တာရိုဒင်းက တိုက်တွန်းပါတယ်။

“ချင်းအမျိုးသားများ အားလုံး တိုးတက်ဖို့အတွက် ဒီနေ့ ဒီအချိန်မှာ ဒီမိုကရေစီအပြည့်အ၀ မရရှိသေးပါဘူး။ စည်းလုံးမှုနဲ့ ဒီမိုကရေစီအပြည့် ပန်းတိုင်ရရှိအောင် အခုကျနော်တို့ တိုက်ပွဲဝင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီစစ်တပ်ကနေ ရေးဆွဲခဲ့တဲ့ စံမမှီတဲ့ ဒီမိုကရေစီအနှစ်သာရ မပါတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို အားတက်သရော ပူးပေါင်းဆောင်ရွက်ကြဖို့ လိုမယ်လို့ ကျနော်မှာကြားချင်ပါတယ်။”

အမေရိကန်ပြည်ထောင်စုမှာရောက်ရှိ နေကြတဲ့ ချင်းလူမျိုးက ၆၀၀၀၀ ကျော် လောက်ရှိမယ်လို့ ဒေါက်တာရိုဒင်းကခန့်မှန်းပါတယ်။ မလေးရှားနိုင်ငံ ရောက်ချင်းလူ မျိုးတွေကလည်း ၆သောင်းလောက်ရှိတယ်ဆိုတာကြောင့် ပြည်ပရောက်ချင်း လူမျိုးတွေအများဆုံး ရှိကြတာကတော့ အမေရိကန်နဲ့ မလေးရှားပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ ချင်းလူမျိုးဦးရေ ၂သန်း နီးပါးရှိမယ်လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG