[[Zawgyi/Unicode]]
စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေး CDF အဖွဲ့တို့ ဒီဇင်ဘာ ၁၉ ရက် တနင်္ဂနွေနေ့က ၂ နေရာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ CDF အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့်ဒေသခံတွေ စစ်ဘေး ရှောင်တိမ်းနေကြရပါတယ်။ မင်းတပ်မြို့နယ်ထဲမှာ စစ်ဆေးမှုတွေ၊ ရိက္ခာပို့ဆောင်တဲ့ လမ်းကြောင်းပိတ်ပင်မှုတွေရှိနေ တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက စစ်တပ်နဲ့ ချင်းကာကွယ်ရေး CDF အဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ နေရာ ၂ ခုမှာ တိုက်ပွဲဖြစ်ခဲ့တာနဲ့ပတ်သက်လို့ မင်းတပ် CDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမာန်က ခုလိုပြောပါတယ်။
“မနေ့ကတိုက်ပွဲဖြစ်တယ်။ နှစ်နေရာမှာပေါ့။ ဒီ ရှစ်မွှေးရွာနဲ့လာပန်းရွာမှာ တိုက်ပွဲဖြစ် တာပေါ့နော်။ လာပန်းရွာမှာကျတော့ နေ့လယ် (၁၂) နာရီကျော်ကျော် (၁) နာရီလောက်မှာစတာပေါ့နော်။ ရှစ်မွေးတိုက်ပွဲ ညနေဖြစ်တာပေါ့နော်။ လာပန်းရွာ စကစတွေကတော့ ရွာထဲကနေထွက်သွားပြီးတော့ တောထဲကို ပြေးသွားတယ်ပေါ့။ ဘယ်ဘက်ကိုသွားသလဲဆို ပြန်လိုက် ရှာနေတုန်း။"
စစ်ကောင်စီတပ်ဖွဲ့ဘက်ကနေ စစ်ကြောင်း (၂) ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် CDF မင်းတပ်အဖွဲ့နဲ့ နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ မနေ့က ဖြစ်ပွါးတဲ့ တိုက်ပွဲတွေအတွင်းနှစ်ဘက်လုံး ထိခိုက်မှုရှိခဲ့တယ်လို့ ဆလိုင်းယောမာန်ကပြောပါတယ်။
“လာပန်းထိခိုက်မှုက စကစတွေ ဒဏ်ရာရတယ်။ အသေအဆုံးတော့ကျနော်တို့ အတည်မပြုနိုင်ဘူးပေါ့နော်။ CDF ကတော့ တဦးဒဏ်ရာရတယ်။ ရှစ်မွေးရွာမှာတော့ စကစ တဦးကျတယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရ သူတဦးတယောက်မှမရှိဘူး။"
မင်းတပ်မြို့နယ်အတွင်း မနေ့က ဖြစ်ပွါးတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရသူရှိတယ်လို့ မင်းတပ် CDF ဘက်ကပြောပေမယ့် သီးခြား အတည် မပြုနိုင်သေးပါဘူး။ မနေ့က မင်းတပ်မြို့နယ်အတွင်းတိုက်ပွဲအခြေအနေနဲ့ပက်သက် လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။
“မင်းတပ်ဘက်တော့ အဝေးကပစ်တာတို့ဘာတို့ကတော့ ရှိကောင်းတော့ရှိနိုင်တာပေါ့။"
ပြီးခဲ့တဲ့ဒီဇင်ဘာ (၁၇) ရက်နေ့ကလည်း မင်းတပ်မြို့နယ် ဘုရားစခန်းကျေးရွာဘက် ကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံ CDF အဖွဲ့နဲ့ တိုက်ပွဲဖြစ် ပွါးခဲ့သလို ဒေသခံရွာသားတွေလည်း ရွာကနေတိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီတပ်နဲ့ CDF မင်းတပ်အဖွဲ့တို့ကြားတိုက်ပွဲကြောင့် ရွာသားသောင်းချီ တိမ်းရှောင် နေကြရတယ်လို့ မင်းတပ်စစ်ရှောင်ကော်မီတီဝင်တဦးကပြောပါတယ်။
“တိမ်းရှောင်အရေအတွက်တော့ သောင်းဂဏန်း ရှိမှာပါပဲ။ ကျနော်တို့အကုန်လုံးပေါ့နော်။ ရွာဘက်တွေဆီက အခု လောလောဆယ် ဒီတရက် နှစ်ရက်အတွင်းမှာ သူတို့ စစ်ကြောင်းနှစ်ကြောင်းထိုးနေတဲ့အတွက် ရွာကဟာတွေ အကုန်လုံးက တိမ်းရှောင်နေရတယ်။"
မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဘက်က လုံခြုံရေးအရ စီစစ်မှုများလို့ ဒေသခံတွေ အခက်တွေ့နေတယ်လို့ အဆိုပါ စစ်ဘေးရှောင် ကော်မီတီဝင်ကပဲ ဆက်ပြောပါတယ်။
“မြို့ထဲမှာက လုံခြုံရေးအရဆိုပြီးမှလမ်းဆုံလမ်းခွတွေမှာ စစ်ဆေး ရဲတပ်ရင်းတွေထားတယ်ပေါ့နော်။ မြို့ထဲသွား တယ်လာတယ်ဆိုရင် သူတို့စစ်ဆေးတာတွေရှိတယ်။ နောက် ဆန်သယ်ယူခွင့်တွေဘာတွေဆိုလည်း ပိတ်ထားလိုက်ပြီ။ နောက် ဒီ စက်သုံးဆီပေါ့နော် ။ အဲဒါတွေလည်း သယ်လို့မရဘူး။ ဆန်သယ်ယူခွင့်ဆိုတာကလည်း မကွေးတိုင်းထဲက သယ်တာပေါ့လေ။ တော်တော်လေးကို အခက်ခဲရှိတယ်။"
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်လောက်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ မင်းတပ်မြို့ပေါ်က ဒုက္ခသည်စခန်းနေ ပြည်သူတွေကို အစားအစာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် နယ်စပ် ဘက်မှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကတော့ အစားအစာနဲ့ ကူညီထောက်ပံ့မှုတွေမရရှိခဲ့ကြပါဘူး။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ဧပြီလ ၂၄ ရက်နေ့ကစပြီး ချင်းပြည်နယ် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။
လက်ရှိမှာ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း စတဲ့မြို့ နယ်တွေက ချင်းကာကွယ်ရေးအဖွဲ့ CDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက် ပွဲတွေဖြစ်နေပွားပါတယ်။
===========
[[Zawgyi/Unicode]]
#MyanmarViolence #MyanmarMilitary #MyanmarCDF #VOABurmese
===========