သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ်လုပ်သား ညာမျက်လုံးဆုံးရှုံးမှု သံရည်ကျိုစက်ရုံ တာဝန်ယူမှုလျော့နည်း


(Photo: Citizen Journalist)
(Photo: Citizen Journalist)

ရန်ကုန်တိုင်းအတွင်းက သံရည်ကျိုစက်ရုံတရုံမှာ အသက် ၁၆ နှစ်အရွယ် ကလေးအလုပ်သမားတဦး မျက်စေ့ဆုံးရှုံးတဲ့အထိ ထိခိုက်ဒဏ်ရာရတာနဲ့ ဆက်စပ်ပြီးတော့ ပြည်ထဲရေးဌာနကို တိုင်ထားတာမှာ သီတင်းတပတ်ကြာတဲ့အထိ မေးမြန်းစစ်ဆေးတာတွေ မလုပ်သေးဘူးလို့ လယ်သမား အလုပ်သမားအရေး လုပ်နေတဲ့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ယက် က ပြောပါတယ်။

မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်က စိုးမိုးခိုင်သံရည်ကျိုစက်ရုံမှာ ဒီလဆန်းတုန်းက သံရည်ကျိုနေရင်း ကျည်ဆံလို့ယူဆတဲ့ အရာတခု ပေါက်ကွဲပြီးတော့ အဲဒီကလေးရဲ့မျက်စေ့ ထိခိုက်ပျက်စီးပြီး မျက်စေ့ဆုံးရှုံးသွားတာပါ။ ဒီဖြစ်ရပ်အတွက် စက်ရုံက ကျပ်ငွေ ၁ သိန်းပေးတာကလွဲပြီး တာဝန်မယူတဲ့အပြင် စက်ရုံထဲမှာ ကျည်ဆံတွေရှိနေတဲ့ကိစ္စ ပြည်ထဲရေးဌာနကို တိုင်ထားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အလုပ်သမား ၂၀၀ ကျော်ရှိတဲ့ စိုးမိုးခိုင်သံရေကျိုစက်ရုံမှာ အဲဒီကလေး ကြုံခဲ့ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့အကိုဖြစ်သူက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“အခုအခြေအနေက ကျနော့်ညီလေးက မျက်လုံးထုတ်လိုက်ရတယ်။ လက်တွေမှာလည်း ဒဏ်ရာတွေနဲ့ မီးလောင်ထားတာတွေ၊ သံရည်ပူလောင်ထားတာတွေ ရှိတာပေါ့လေ။ မေးအောက်နေ ပေါက်တာ။ မျက်လုံးထုတ်လိုက်ရတယ်။ သူတို့ကတော့ ၁ သိန်းထုတ်ပေးတယ်။ ကျနော်တို့ကို။ ကျနော်တို့ကလည်း နယ်ကလာရတာဆိုတော့ လုပ်ရင်းကိုင်ရင်းနဲ့ ၂ သိန်းကျော်လောက် ကုန်ထားတယ် ကျနော်တို့လည်း။ ဘာမှလည်းမပြောဘူး။ မပြောဘဲနဲ့ ဆေးရုံကနေဆင်းခိုင်းတယ် မန်နေဂျာ ဦးခိုင်သောင်းက။ ဆေးရုံကဆင်းပြီး တောမှာ အနားပြန်ယူလို့ပြောတယ်။ ၂ နှစ်ရှိသွားပြီဗျ။ အသက် ၁၆ နှစ် ကျနော်တို့ကလည်း မပြေလည်ဘူး စားဝတ်နေရေးက။ သံရည်ကျိုတော့ သူက သံတွေထည့်ပြီး ကော်တွေနဲ့ ကပ်တာတို့ ဘာတို့ရှိတယ်လေ။ အဲဒါကို သူက သွားထိုးရတာ။ ပျော်အောင်လို့ ထိုးချပေးရတာ သံချောင်းနဲ့။ အဲဒီအချိန်မှာ အဲဒါ ပေါက်တာ။ သံတွေထဲမှာ ပါတာပေါ့။ ကျည်ဆံတွေ ဘာတွေက သံတွေပေါက်တော့ အဲဒီမှာ မျက်လုံးထိသွားတာ။ လည်ပင်းဘေးနား မေးအောက်ကနေ ပေါက်သွားတာ။ အဲဒီမှာ မျက်လုံးထိတယ်။ နောက် လက်မောင်းတွေမှာ သံရည်ပူလောင်ထားတာတွေရှိတယ်။ ကျောကုန်းတွေမှာလည်း ရှိတယ်။ သူပြောတာကတော့ ကျည်ဆံလည်းပေါက်တယ်။ သံတွေကလည်း ဖွှားကနည်းကို ထွက်တာ။”

စက်ရုံထဲမှာ အခုလိုမျိုး ပေါက်ကွဲစေနိုင်တဲ့အရာတွေ ထပ်တွေ့ထားတဲ့အတွက် ပြည်ထဲရေးဌာနကို တိုင်ထားတာ တပတ်ကြာပြီ ဖြစ်ပေမဲ့ ခုချိန်ထိ ဘာမှ မေးမြန်းစစ်ဆေးတာ မလုပ်သေးဘူးလို့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ယက် မူဝါဒရေးရာ ဥက္ကဌ ဦးကြည်လွင်က ပြောပါတယ်။

“တကယ် ရပ်တည်ပေးမယ့်အဖွဲ့အစည်း ကျနော်တို့က လိုအပ်နေတဲ့အတွက် ကျနော်တို့က ရဲချုပ်ကိုပဲ လှမ်းပြီး ဖုန်းဆက်ရတာကိုး။ ကျည်ဆံတွေ ရှိနေတယ်ဆိုတာကိုတောင် ပြည်ထဲရေးဌာနကို ကျနော်ကိုယ်တိုင် သတင်းပေးခဲ့တာပါ။ အဲဒါကိုတောင် အခုထိ လာပြီး မကြည့်သေးပါဘူးခင်ဗျ။ ကျနော်က ပြီးခဲ့တဲ့ ၅ ရက်နေ့မှာ ကိုယ်တိုင် ဖုန်းနဲ့ လှမ်းအကြောင်းကြားတာ။ အကြောင်းပြန်ပါ့မယ်ပဲ ပြောပြီးတော့ တပတ်သာကုန်သွားတယ်။ ဘာမှ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူးခင်ဗျ။ တကယ် ဒါကို လုပ် မလုပ် ဆိုတာကတော့ သူတို့ သက်ဆိုင်ရာအာဏာပိုင်တွေမှာ တာဝန်ရှိတာပေါ့နော်။ အခုဖြစ်တဲ့နေရာ ထိတယ်ဆိုတာက ကျည်ဆံက မေးစေ့ရဲ့အောက်မှာ အကွင်းလိုက် ပေါက်ထွက်သွားတဲ့ ဒဏ်ရာရှိတယ်။ ပြီးတော့ မျက်လုံးကို တက်မှန်တယ်။ ဆေးရုံကတော့ ဒါက အစ တခုလို့ပဲ နတ်မောက်လမ်းမှာရှိတဲ့ မျက်စိအထူးကုဆေးရုံကြီးမှာ သွားလုပ်ရတဲ့အတွက် မျက်လုံးကိုရော၊ အဲဒီအစကိုရော ယူထားပါတယ်။ သူ့အကိုဆီမှာ ရှိပါတယ်။”

သံရေကျိုစက်ရုံဟာ အလုပ်သမားတွေဆီကနေ လူမှုဖူလုံရေးကြေးတွေ လစဉ်ကောက်ခံနေပေမဲ့ စက်ရုံတွင်းမှာ အခုလိုမျိုး ထိခိုက်ဒဏ်ရာရသူတွေကို စက်ရုံက အပြည့်အ၀ တာဝန်မယူတာတွေ၊ ဒီရက်ပိုင်းအတွင်းမှာကိုပဲ အလုပ်သမား ၄ ဦးကို အလုပ်ထုတ်ပစ်တာတွေ၊ တနေ့ကို ၁၃ နာရီလောက် အလုပ်လုပ်ရတာတွေကြောင့် နစ်နာမှုတွေအတွက် လျော်ကြေးပေးဖို့ ခုံသမာဓိကောင်စီကို တိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။

ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်က အလုပ်ပြန်ခန့်ပေးဖို့ ဆိုတာပဲပါပြီး အလုပ်သမားတွေ ကျေနပ်လက်ခံနိုင်လောက်တဲ့ အချက်တွေ မပါတာကြောင့် နေပြည်တော်ကောင်စီရုံးအထိ တိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့လည်း ဦးကြည်လွင်က ပြောပါတယ်။ စိုးမိုးခိုင် သံရေကျိုစက်ရုံက တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ သံရေကျိုစက်ရုံကို တရုတ်နိုင်ငံသားတဦး ပိုင်ဆိုင်တယ်လို့ သိထားတဲ့အကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ယက်က ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG