(၈) လေးလုံး အရေးတော်ပုံ( ၃၅) နှစ်မြောက် အထိမ်းအမှတ်နေ့ကို မြန်မာပြည်တွင်းမှာသာမက ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာတွေလည်း စုဝေးကျင်းပခဲ့ကြပြီး ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့မှာတော့ သြဂုတ်လ ၈ ရက်နေ့က မြန်မာကျောင်းသားတွေ စုစည်းထားတဲ့ Friends Against Dictatorship - FAD ကဦးဆောင်ပြီး ချင်းမိုင်တက္ကသိုလ်ထဲမှာ ညသပိတ်အဖြစ် လှုပ်ရှားခဲ့ပါတယ်။
ဒီသတင်းကို ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
၈၈၈၈ အရေးတော်ပုံ ၃၅နှ စ်ပြည့်အထိမ်းအမှတ်ဖြစ် စစ်အာဏာရှင် တော်လှန်ရေးညသပိတ် လှုပ်ရှားမှုကို ချင်းမိုင်တက္ကသိုလ်ထဲမှာ မြန်မာ ကျောင်းသားကျောင်းသူတွေက ည ၇ နာရီခွဲကစတင်ပြီး ကျင်းပခဲ့ကြတာပါ ။
ရည်ရွယ်ချက်နဲ့ပတ်သက်လို့ သပိတ်လှုပ်ရှားမှုမှာပါတဲ့ ကျောင်းသားတဦးကအခုလိုပြောပါတယ်။
"ချင်းမိုင်တက္ကသိုလ်ရှေ့မှာစုပြီး အစီအစဉ်ကိုအသေးစိတ်ပြောပြတယ်။ ဘာတွေလုပ်မယ်ဆိုတာ ချင်းမိုင်တက္ကသိုလ်ကျောင်းရှေ့မှာ လူစုကြပါတယ်။ ကျနော်တို့အဓိက လုပ်တာကတော့ '၈၈ ကနေ စပြိး အခုထိ နွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်သူရဲကောင်းတွေကို လွမ်းဆွတ်သတိရစွာနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ကျဆုံးထိတိုင် ကျနော်တို့လုပ်ပါမယ်' ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့လုပ်ခဲ့တာပါ"
ဒီပွဲကို မြန်မာကျောင်းသားကျောင်းသူတွေ စုစည်းထားတဲ့ Friends Against Dictatorship - FAD က ဦးဆောင်ကမကထ လုပ်ခဲ့တာဖြစ်ပါတယ်။
အဓိကရည်ရွယ်ချက်က ၈၈၈၈ အထိမ်းအမှတ်နဲ့ ကျဆုံးသွားတဲ့အာဇာနည်များကို အလေးပြုပြီး စစ်အာဏာရှင်စနစ်ကို ရရာနည်းလမ်းတွေနဲ့ အမြစ်ပြတ် တော်လှန်ကြမယ်ဆိုပြီး ရည်ရွယ်ကြတယ်လို့ဆိုပါတယ် ။
ချင်းမိုင်တက္ကသိုလ်ဝင်ပေါက်ကနေ စပြီး ဖယောင်းတိုင်ထွန်းပြီး လမ်းလျှောက်ချီတက်ခဲ့ပါတယ်။ သူတို့ရဲ့ ညသပိတ်လှုပ်ရှားမှုမှာတော့ ခေတ်အဆက်ဆက် ကျဆုံးသွားသူတွေကို အလေးပြုတာ၊ ဂုဏ်ပြုကဗျာတွေရွတ်ဆိုတာနဲ့ အဖိနှိပ်ခံ လူငယ် တွေနဲ့ သွေးစွန်းလူငယ်တွေဟာ စစ်အာဏာရှင်က အမျိုးမျိုးဖိနှိပ်တဲ့ကြားကနေ အလျှော့မပေးပဲ ကြိုးစားတွန်းလှန်ကြတဲ့ နမိတ်ပုံတွေ၊ အသက်ပေးခဲ့ရတဲ့ သွေးစွန်းပုံရိပ်တွေကို သရုပ်ဖော်ပြသကြပါတယ်။
ဒီပွဲကို ကျောင်းသားကျောင်းသူတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းက လူ့အခွင့်ရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံခြားသားတွေလည်းတက်ရောက်ခဲ့ကြပါတယ်။