ဆီးရီးယားအစိုးရအနေနဲ့ ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့တာ ဟုတ်မဟုတ် သက်သေခံပစ္စည်းတွေရှာဖွေစစ်ဆေးဖို့၊ OPCW ခေါ် ကုလသမဂ္ဂ ဓာတုလက်နက်ဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေ ပြင်ဆင်နေပါပြီ။
ဒီ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့အနေနဲ့ မြေသားတွေ၊ ထိခိုက်သေကျေခဲ့သူတွေရဲ့ သွေးနမူနာအပါအဝင် ဇီဝကျန်းမာရေးဆိုင်ရာ အထောက်အထားတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နမူနာပစ္စည်းတွေကို လိုက်စုစစ်ဆေးကာ၊ ဓာတုလက်နက်သုံးမသုံးကို အဆုံးအဖြတ်ပေးမှာသာဖြစ်ပြီး၊ ဘယ်သူက လုပ်ခဲ့တယ်ဆိုတာကို အဆုံးအဖြတ်ပေးမှာ မဟုတ်ပါဘူး။
ဆီရီးယားမြို.တော် ဒမတ်စကတ်မြို့စွန်က Ghouta အရှေ့ပိုင်း Douma အရပ်မှာ စနေတုံးက ဖြစ်ခဲ့တဲ့၊ ဒီ ဓာတုလက်နက်သုံးခဲ့တယ်လို့ သံသယရှိထားတဲ့ တိုက်ခိုက်မှုအတွင်း၊ အနဲဆုံး လူ ၄၀ သေဆုံးပြီး၊ ရာနဲ့ချီ ဖျားနာနေကြပါတယ်။
ဆီးရီးယား အစိုးရကတော့ ဓာတုလက်နက်သုံး တိုက်ခိုက်မှု မကျုးလွန်ခဲ့ကြောင်း ငြင်းဆန်ထားချိန်မှာ၊ ဆီရီးယားကို ကျောထောက်နောက်ခံပေးထားတဲ့ ရုရှားကတော့ ဗြိတိန်နိုင်ငံအနေနဲ့ အတုအယောင် ဓာတုလက်နက်တိုက်ခိုက်မှု ဇာတ်လမ်းဆင်နေတယ်လို့ စွတ်စွဲလိုက်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Igor Konashenkov က၊ ဗြိတိန်နိုင်ငံအနေနဲ့ ဆီရီယားနိုင်ငံထဲ သူပုန်တွေထိန်းချုပ်ရာဒေသက ဆီရီးယားပြည်သူ့စစ်တွေနဲ့ အရံ စေတနာရှင်တပ်တပ်သားတွေကို ခုလိုတိုက်ခိုက်မှုဖြစ်လာအောင် ဖိအားပေးရန်စနေတယ်လို့ စွတ်စွဲလိုက်ပါတယ်။