ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဦးစားပေး လုပ်ဆောင်ပြီးမှ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်ဆောင် သွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုလိုက်ပါတယ်။ အချိန်ကာလ သတ်မှတ်ချက်ကို တိကျစွာ ပြောဆိုတာ မရှိပေမယ့် နိုင်ငံရေးအရ အချိန်ကိုက်ဆောင်ရွက်ဖို့ လိုအပ်တာကြောင့် လုပ်သင့်တဲ့ အချိန်ကာလကို စောင့်ဆိုင်း လုပ်ဆောင်မယ် လို့ ပြောဆိုလိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခကပေးပို့သွားမှာ ပါ။
ဒီကနေ့ ပထမအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွေ ရပ်နား လိုက် ချိန် ပြည်သူ့ လွှတ်တော် လုပ်ဆောင်ချက်အချို့ ကို မီဒီယာများ နဲ့ တွေ့ဆုံဆွေးနွေး ချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အခုလိုဖြေကြားလိုက်တာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မူလကတည်းက ရွေးကောက်ပွဲ ကာလတွေ ကတည်းက ကတိကဝတ်ပြုထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့တော့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အခုလိုပြောပါတယ်။
“ငြိမ်းချမ်းရေးမှာလုပ်နေတဲ့ ထဲထဲဝင်ဝင်လုပ်နေတဲ့ လူတွေတောင်မှ ဘယ်တော့ပြီးမယ်၊ မပြီးမယ်ကို ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ ပြည်တွင်းငြိမ်းချမ်းရေး ရသည်ဖြစ်စေ၊ မရသေးသည်ဖြစ်စေ၊ ရပြီးသည်ဖြစ်စေ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင်ပြီး တယောက်နဲ့တယောက် ယုံကြည်မှုရှိပြီး တယောက်နဲ့တယောက် အပြန်အလှန်နားလည်မှုရှိပြီဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ကျနော်တို့ သွားမှာပဲ။ မသွားဘူးလို့ ကျနော်မပြောဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ကိုယ်တိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချင်နေတာကိုး။
ကျနော်တို့ကိုယ်တိုင်က အခုလုပ်ရကိုင်ရတာကိုက အခက်အခဲ ရှိနေတာပေါ့နော်။ ကျနော်တို့မှာ အကန့်အသတ်တွေ ရှိတာပေါ့။ ဒါကို ဟိုဟာ ရမှ လုပ်မယ်မဟုတ်ဘူး။ ကျနော်ပြောတာ အဲ့လိုမဟုတ်ဘူး။ ကျနော်တို့က ဒါကိုအမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုဦးစားပေးပြီးတော့အခုလုပ်နေတယ်။ ဒါပေမယ့် ကျနော်တို့ သက်တမ်းမှာပေါ့နော်၊ သက်တမ်းမှာဆိုတာ အများကြီးလည်း မဟုတ်ပါဘူး - အချိန်အများကြီး - မြန်နိုင်သမျှမြန်နိုင်အောင် ကျနော်တို့ ဒီ ပြင်ဆင်ရေးကိုလည်း ကျနော်တို့လုပ်မှာပါ။”
ပြည်တွင်းငြိမ်းချမ်းရေးနဲ့အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေး လုပ်ဆောင်ပြီးမှ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်ဆောင် မယ်လို့ပြောဆိုခဲ့တာနဲ့ပတ်သတ်ပြီး အချိန်ကာလ သတ်မှတ်ချက်နဲ့ပတ်သတ်ပြီး တိကျစွာဖြေကြားခဲ့တာတော့ မရှိခဲ့ပါဘူး။
ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အခြေအနေ အချိန်အခါကောင်း စောင့်ရဖို့ လိုမယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။
“ဘာလို့လဲ - အခြေအနေအချိန်အခါ ဆိုတာရှိတယ်။ ဒါတခု၊ နိုင်ငံရေးမှာ တိုင်ပင် ( Timing) အရေးကြီးတယ်။ ခင်ဗျားတို့ သင်ရမလား မသင်ရမလား မသိဘူး။ မြန်မာ့နိုင်ငံရေး သမိုင်းမှာ စောလူးမင်း စစ်ကျွံတော့ အကုန် ကုန် တာပေါ့၊ တိုက်ပွဲ ရှုံးတာပေါ့။ ဒါပဲ တိုတိုနဲ့ လိုရင်း ကျနော်ဖြေမယ် ဆိုရင်။”
ဒီ့အပြင်လွှတ်တော်ဥက္ကဌတွေအပါအဝင် သမ္မတနဲ့အစိုးရအဖွဲ့ဝင်အချို့ ကာကွယ်ရေးဦးစီးချုပ်တို့ပါဝင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးကိုတော့ အစိုးရသစ်တက်ပြီးနောက်ပိုင်း ဒီကနေ့အချိန် အထိ ခေါ်ယူနိုင်ခြင်းမရှိသေးပဲ၊ ဘယ်တော့ ခေါ်နိုင်မလဲဆိုတာလည်း သူ့အနေနဲ့ အတိအကျ မသိနိုင်ဘူးလို့ ဦးဝင်းမြင့်က ရှင်းလင်းခဲ့ပါတယ်။
"ဖွဲ့စည်းပုံနဲ့ပြန်ကြည့်လိုက်ပါဦး။ ကာလုံ အစည်းအဝေးဟာ ကျနော်တို့ခေါ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ခေါ်မှ ကျနော်တို့က တက်ရတာ။ အဲဒီတော့ ကျင်းပဖြစ်မယ်၊ မကျင်းပဖြစ်ဘူးဆိုတာ ကျနော် ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒါ ရိုးရိုးလေး ရှင်းရှင်းလေး ကျနော်ပြော တာလေ။ ခေါ်ခွင့်ရှိတဲ့လူက ခေါ်မှ ကျနော်တို့ က အဖွဲ့ဝင် ကျနော်တို့က တက်ရတာ။ ကျင်းပမယ် မကျင်းပဖြစ်မလား ဆိုတာက ခေါ်ခွင့်ရှိတဲ့လူရဲ့ decision - သူ့ decision ကို ကျနော်တို့က အကြားအမြင် မရနိုင်ဘူး။”
ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေအတွင်း နိုင်ငံတကာအတိုင်ပင်ခံပုဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကိစ္စအပါအဝင် လွှတ်တော်တွေ ဆွေးနွေးချက်အချို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ်တွေနဲ့ တပ်မတော် ကိုယ်စားလှယ်တွေ အကြားမှာ တင်းမာမှုအချို့ရှိခဲ့တာပါ။
ဒီနောက်ပိုင်းမှာတော့ လွှတ်တော် ဥက္ကဋ္ဌအနေ နဲ့ အစိုးရပိုင်းနဲ့ပတ်သတ်ပြီး ကာကွယ်ပေးမှုတွေ ရှိခဲ့တယ်လို့ ထောက်ပြဝေဖန်မှုတွေရှိနေပါတယ်။ ဒီအပေါ်မှာတော့ ဦးဝင်းမြင့် ကငြင်းဆန်ထားပါတယ်။ အစိုးရကို ကာကွယ်ပေးမှုမရှိဘဲ ဥပဒေကြောင်းနဲ့ ထိန်းကျောင်းတည့်မတ်သွားဖို့ လုပ်ဆောင်သွားမယ် လို့ ပြောဆိုခဲ့ပေမယ့် ဘယ်လောက်ထိထိန်းကျောင်းနိုင်မလဲ ဘယ်လောက်ထိ ထိန်းကျောင်းသွား နိုင်မလဲဆိုတာမျိုးကိုတော့ အတိအကျဖြေကြားခဲ့တာ မရှိခဲ့ပါဘူး။
လွှတ်တော်အနေနဲ့ မေးခွန်းတွေ အဆိုတွေမေးမြန်းတာမှာ ပိတ်ပင်တားဆီးထားမှု မရှိဘဲ နည်းစနစ်အရ ဥပဒေတိုင်း လိုက်နာကာ မေးမြန်းစေတာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေကို ဥပဒေနဲ့ညီလုပ်ဆောင်နိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ် တွေဖြစ် ဖို့ ထိန်းကျောင်းသွားတာဘဲရှိတယ်လို့ ဦးဝင်းမြင့် ကဖြေပါတယ်။
လက်ရှိမှာ တိုင်းရင်းသားပါတီအချို့ကတင်လာတဲ့ အဆိုတွေကို မေးခွန်း အနေနဲ့ ပြောင်းလဲမေးစေခဲ့တာ၊ နောက် မေးခွန်းမေးမြန်းတာမှာ အစိုးရဘက်ကို ကာကွယ်တာတွေရှိနေတယ်လို့ လွှတ်တော်ဥက္ကဋ္ဌကို ဝေဖန်နေတာတွေရှိနေပါတယ်။