စင်္ကာပူနိုင်ငံမှာ သြဂုတ်လ ၂ ရက် ကြာသပတေးကနေ စနေနေ့အထိ ၃ ရက်ကြာ ကျင်းပမယ့် အာဆီယံ - ကနေဒါ ဝန်ကြီးအဆင့် နှစ်ပတ်လည် အစည်းဝေး နဲ့ ARF အာဆီယံ ဒေသတွင်းအစည်းဝေး တွေကို တက်ရောက်မယ့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ဟာ ရိုဟင်ဂျာအရေးနဲ့ မြောက်ကိုရီးယားအရေးကို ဆွေးနွေးမှာ ဖြစ်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြားချက်ကို ကိုးကားပြီး ရေဒီယို - ကနေဒါ နိုင်ငံတကာ သတင်းမှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အရေးအပြင် မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ ဒုံးကျည်လက်နက် အစီအစဉ်တွေကြောင့် ဒေသတွင်း လုံခြုံရေး အခြေအနေအတွက် ခြိမ်းခြောက်မှုတွေ ပေါ်ပေါက်နေတဲ့ ကိစ္စကို ဝန်ကြီး Freeland ဆွေးနွေးဖို့ ရှိတာပါ။
ဒီအစည်းအဝေးမှာ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပြင် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိက၊ Australia ရုရှား နဲ့ ဥရောပသမဂ္ဂ တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ ဝန်ကြီး Freeland ဟာ ရုရှား၊ မြောက်ကိုရီးယားနဲ့ မြန်မာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ အခွင့်အလန်း ရှိနေပေမယ့် ဒီနိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ ၂ နိုင်ငံချင်း သီးသန့် ဆွေးနွေးမှုတွေ လုပ်ဖို့ အစီစဉ် ရှိမရှိတော့ မသိရသေးပါဘုူး။
ARF အစည်းအဝေးကို စနေနေ့မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး ဒါဟာ မြောက်ကိုရီးယားပါဝင် တက်ရောက်တဲ့ နိုင်ငံတကာအစည်းအဝေး အနည်းအကျဉ်းထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ စင်္ကာပူမှာ ကျင်းပမယ့် ဒီအစည်းအဝေးတက်ရောက်ဖို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကို စေလွှတ်မှာ ဖြစ်တဲ့အတွက် ဒီအစည်းဝေးမှာ အမေရိကန်- တရုတ် ကုန်သွယ်ရေး စစ်ပွဲနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးကြမယ်လို့ ခန့်မှန်းကြပါတယ်။
အမေရိကန်ရဲ့ အရေးပါတဲ့ ကုန်သွယ်ဖက် ကနေဒါ နိုင်ငံကလည်း အမေရိကန်နဲ့ ကုန်သွယ်ရေး ဆိုင်ရာ အခြေအတင်ဖြစ်နေချိန်မှာပဲ အခုလို ကနေဒါနိုင်ငံခြားရေးဝန်ကြီး Freeland ရဲ့ ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ လူဦးရေ ၆၃၃ သန်း နေထိုင်ပြီး GDP ခါ် အသားတင်ထုတ်ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၂.၄ ထရီလီယံ ကျော်ရှိနေတဲ့ နိုင်ငံပေါင်း ဆယ်နိုင်ငံပါဝင်တဲ့ အာဆီယံဟာ ကနေဒါ အတွက် ကြီးမားတဲ့ ဈေးကွက်ကြီး တခု ဖြစ်ပါတယ်။