သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား အတိုက်အခံ ၁၄ ယောက် ပြန်လည်လွတ်မြောက်


ကမ္ဘောဒီးယား နိုင်ငံမှာ ဖျက်သိမ်းခံရတဲ့ နိုင်ငံရေး ပါတီက ပါတီဝင် ၁၄ ဦးကို အစိုးရက ပြန်လွှတ်ပေးလိုက်ပါတယ်။ ဆယ်စုနှစ် ၃ ခု နိုင်ငံ အာဏာကို ရယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ကို ထပ်ပြီး သက်တမ်းတိုးပေးလိုက်တဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲ နောက်ပိုင်း အခုလို လွှတ်ပေးတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား ဘုရင်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ အင်္ဂါနေ့ အစောပိုင်းမှာ ဖနွမ်းပင်မြို့တော်က Prey Sar ထောင်ကနေ ဒီလူတွေ လွတ်လာတာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အတွက် သပုန်ထမှုနဲ့ သူတို့ကို ပြစ်ဒဏ်ချထားတာ ဖြစ်ပါတယ်။

ထောင်ဒဏ် ၇ နှစ်ကနေ နှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေလည်း ဖြစ်ပါတယ်။ သူတို့ ကျူးလွန်ခဲ့တာတွေ အတွက် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ကြပြီးနောက်မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။ တရားရုံးချုပ် အမိန့်နဲ့ ပြီးခဲ့တဲ့နှစ်မှာ ဖျက်သိမ်းလိုက်တဲ့ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ CNRP က ပါတီဝင်တွေလည်း ဖြစ်ပါတယ်။

အတိုက်အခံ ပါတီကို ဖျက်သိမ်းခဲ့တာကြောင့် ပြီးခဲ့တဲ့လက ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီက လွှတ်တော်နေရာ ၁၂၅ နေရာ စလုံးကို အနိုင်ရသွားစေရေး လမ်းပွင့်သွားစေတာလည်း ဖြစ်ပါတယ်။ ပါတီငယ် ၁၉ ခုတို့ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ကြပေမယ့် အတိုက်အခံ ပါတယ်ဆိုရုံသာ ဖြစ်စေခဲ့တာပါ။ လက်ရှိ အာဏာရ ပါတီက အပြတ်အသတ် အနိုင်ရသွားတာကြောင့် နောက်လထဲ လွှတ်တော်သစ် ဖွဲ့စည်းပြီးရင်တော့ နိုင်ငံ အာဏာကို ၃၃ နှစ်တာ ချုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန် အတွက် နောက်ထပ် သက်တမ်း ထပ်တိုးသွားစေမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG