သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်


လာမယ့်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်ပဲ မဲဆွယ်စည်းရုံးခွင့် ရှိမှာဖြစ်ပြီးတော့ တခြားပုဂ္ဂိုလ်တွေက သူ့အတွက် မဲဆွယ်ပေးတာမျိုး လုပ်ဆောင်ခွင့်မပေးတဲ့ ညွှန်ကြားချက် တစောင်ထုတ်ဖို့ ပြန်ဆင်နေတယ်လို့ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း သူ့ရဲ့ ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောဆိုခဲ့ပါသေးတယ်။

အခုလို ရွေးကောက်ပွဲကော်မရှင်က ပြောဆိုမှုအပေါ်မှာ အတိုက်အခံပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အခြားပါတီတွေက ဘယ်လို သဘောထားကြပါသလဲ။ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

ဒီ ၂၀၁၄ မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေမှာ သက်ဆိုင်ရာ ကိုယ်စားလှယ်ရဲ့ မဲဆန္ဒနယ်မှာ သက်ဆိုင်ရာ ကိုယ်စားလှယ် ကိုယ်တိုင်ကပဲ မဲဆွယ်ရမယ်ဆိုတဲ့အချက်ကို ကန့်သတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးသောင်းလှိုင် က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“ဥက္ကဌကြီးကတော့ သူက ဒီ Campaign နဲ့ပတ်သက်လို့ပေါ့ သူ အဲ့ဒီမှာပြောတဲ့ဥစ္စာကေတော့ လောလောဆယ်ဆယ် သူ အကြမ်းမျဉ်းပေါ့နော် ကျနော်တို့ ကော်မရှင်က ဒီလိုဒီလို ဆောင်ရွက်မယ်ဆိုတဲ့သဘော၊ အဲ့ဒါနဲ့ပတ်သက်လို့ရှိရင် လက်ရှိ Election Campaign နဲ့ပတ်သက်တဲ့ စာ ထပ်ထွက်စရာရှိတယ်။ အဓိကတော့ ညွှန်ကြားချက်ပေါ့နော်။ လောလောဆယ်မှာတော့ မထွက်သေးဘူးပေါ့နော်။ သူက အဲ့ဒီအပေါ်မှာလည်း ဟိုဒင်းဖြစ်တယ်။ နောက်တခါ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဖို့ရှိတယ်။ ဒါပေမဲ့ အဓိကပြောချင်တာကတော့ဗျာ ဟို Election Campaign ကတော့ ဟို ကာယကံရှင်က မဲဆွယ်စည်းရုံးတာ ပိုပြီးတော့ သင့်မြတ်တယ်ပေါ့နော်။ အဲ့ဒါတော့ ဥက္ကဌကြီးက ဒီခရီးစဉ်ထဲမှာသွားရင်းနဲ့ သူ ကျနော်တု့ိ ကော်မရှင်အနေနဲ့ လှည့်ရင်းနဲ့ ဒါကို နှုတ်အားဖြင့်တော့ ထုတ်ပြောတာပေါ့နော်။”

ဒီအချက်နဲ့ ပတ်သက်ပြီးတော့လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း ဧပြီလ ၇ ရက်နေ့တုန်းက ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောခဲ့ပါသေးတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အခုလို ကန့်သတ်မယ့်အချက်ဟာ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံအန့ှံ မဲဆွယ်စည်းရုံးမှုတွေကို ကန့်သတ်မယ့်သဘော ရှိနေတယ်လို့လည်း အများက ရှုမြင်ကြပါတယ်။

ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်အရဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလိုမျိုး NLD ပါတီ အမတ်လောင်းတွေအတွက် လှည့်လည် မဲဆွယ်စည်းရုံးခွင့် ရတော့မှာ မဟုတ်ပါဘူးလို့လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်အချို့က သုံးသပ်နေကြပါတယ်။

ဒီအချက်နဲ့ မဲဆွယ်စည်းရုံးမှုကို ပြောင်ပြောင်တင်းတင်း ကန့်သတ်မယ်ဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံက ရွေးကောက်ပွဲသမိုင်းမှာ တခါမှ မရှိဘူးတဲ့ ကန့်သတ်မှုမျိုး ဖြစ်လာမယ်လို့ ရှုမြင်သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း ဖြစ်ပါတယ်။

“အဲ့ဒါကတော့ ကျနော်တို့ ဒီမြန်မာနိုင်ငံ သမိုင်းမှာ အစဉ်အလာ လုံး၀ မရှိဘူး အဲ့ဒါ။ ဒီစကားကြားရတာ ကျနော့်အတွက်တော့ အထူးအဆန်းပဲ။ ဘာလို့လဲဆိုတော့ ၄၈ လွတ်လပ်ရေးရပြီးရော၊ တောက်လျှောက်လုပ်လာတဲ့ ပါလီမန်ရွေးကောက်ပွဲတွေ တောက်လျှောက်ရှိတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ၄၇ မှာလုပ်တယ်။ နောက်ပြီးတော့တခါ လွတ်လပ်ရေး ရပြီးတော့လည်း ဖ.ဆ.ပ.လ အစိုးရလက်ထက်မှာ ၅၂ ခုနှစ်မှာ တခါ လုပ်တယ်။ ၅၆ ခုနှစ်မှာ တခါလုပ်တယ်။ နောက်ပြီးတော့ ၁၉၆၀ မှာလည်း ရွေးကောက်ပွဲလုပ်တယ်။ ၉၀ ခုနှစ်မှာလည်း လုပ်တယ်။ တခါမှ အဲ့လိုကန့်သတ်တာမျိုး မရှိဘူး။ အဲ့လိုကန့်သတ်တာဟာ သဘာဝမကျဘူးလို့ ကျနော် မြင်တာပဲ။ ဒါကတော့ အစဉ်အလာကို ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီ တခုနိုင်ဖို့ဆိုတာက သူ့ခေါင်းဆောင်က အဓိကပဲလေ။ ခေါင်းဆောင်ကိုကြိုက်မှ ပါတီကို ကြိုက်တာကိုး။ ဟိုတုန်းကလည်း သန့်ရှင်း ဖ.ဆ.ပ.လ ဦးနုကို ကြိုက်လို့ တပြည်လုံး မဲ ပေးတာပဲ။ 90 Election မှာလည်း ဒေါ်စုကို ကြိုက်လို့ ပေးတာပဲ။ ကျနော်တု့ိ 2010 မှာလည်း ကျနော်တို့ဝင်တာ ခမောက်ဝင်တာ။ ဒေါ်စုအရှိန်နဲ့ နိုင်တာပဲလေ။ ဒါကတော့ ခေါင်းဆောင်ကိုကြိုက်မှ ပါတီကို ကြိုက်မှာပေါ့ဗျာ။ ပါတီရဲ့မူဝါဒကိုလည်း ကြိုက်မယ်။ ခေါင်းဆောင်ကိုလည်း ကြိုက်ရမှာပေါ့။ ခေါင်းဆောင်က အဓိက Main ပဲလေ။”

ပါတီပိုင်းက ဟောပြောသလို၊ ကိုယ်စားလှယ်လောင်းကလည်း ဟောပြောခွင့်ရှိမှသာ ပါတီမူဝါဒတွေကို ပြည်သူသိအောင် ချပြနိုင်မှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ဒု ခေါင်းဆောင်လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာ အေးမောင် က ရှုမြင်သုံးသပ်ပါတယ်။

“မဲဆွယ်စည်းရုံးတာကတော့ နှစ်ပိုင်းရှိတာပေါ့လေ။ ပါတီအပိုင်းဆိုတာ ရှိတယ်ဗျ။ နောက် ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်တဲ့အပိုင်း ရှိမှာပေါ့။ အဲတော့ မဲဆန္ဒနယ် တခုကို သတ်မှတ်တာက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သလို၊ သက်ဆိုင်ရာ ပြိုင်တဲ့ပါတီကလည်း သတ်မှတ်ပေးရတာကိုး။ ဒီမဲဆန္ဒနယ်မှာ ဘယ်လွှတ်တော်ကိုယ်စားလှယ်လောင်းက ဝင်ပြိုင်တယ်ဆိုတာမျိုး၊ အဲတော့ ပါတီပိုင်းက ဆွေးနွေးပိုင်ခွင့် ပြည်သူလူထုကို တင်ပြပိုင်ခွင့်ကတော့ ရှိတယ်။ ဟုတ်ပြီနော်။ ပါတီပိုင်းက မပါဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာ မဖြစ်လာနိုင်ဘူး။ မဟုတ်ရင် တသီးပုဂ္ဂလဖြစ်သွားမှာပေါ့။ အဲတော့ ပါတီပိုင်းကို မေ့ထားခဲ့လို့ မရဘူး။”

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာမှာ ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ NLD လွှတ်တော် ကိုယ်စားလှယ်လောင်း တွေအတွက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄ ခုမှာ ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်မှာကို စိုးရိမ်တဲ့အတွက် အခု ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင်မှုတွေ လုပ်လာသလားလို့ လွှတ်တော်အမတ်တချို့က သုံးသပ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးမှ ပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲဟာဆိုရင် လွတ်လပ်လွန်း၍ တရားမမျှတသည့် ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်လို့တောင်
ပြောဆိုခဲ့ဖူးပါတယ်။
XS
SM
MD
LG