ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အမေရိကန် ပြည်ထောင်စုမှာ လူဖြူ ရဲအရာရှိတွေရဲ့ ပစ်ခတ်မှုကြောင့် လူမည်း နှစ်ဦး သေဆုံးပြီး၊ လူမည်း တစ်ဦးရဲ့ တုန့်ပြန်ချက်ကြောင့် လူဖြူ ရဲငါးဦး သေဆုံးခဲ့ရပါတယ်။ အခုလို နိုင်ငံအတွင်း လူမျိုးရေး တင်းမာမှုတွေ တိုးလာတာနဲ့ ပက်သက်လို့ သမ္မတ အိုဘားမားက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားကြဖို့ တိုက်တွန်း လိုက် ပါတယ်။ အခုလို သေနတ် ပစ်ခတ်မှုတွေနဲ့ ပက်သက်လို့ သဘောထားအမြင် အမျိုးမျိုး ထွက်ပေါ်နေရာမှာ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားအချို့ရဲ့ အမြင်ကရော ဘယ်လို ရှိပါသလဲ။ အကြောင်းစုံကို ကိုရဲခေါင်က တင်ပြပေးပါမယ်။
အမေရိကန် ပြည်ထောင်စု လူဝီစီးယားနားနဲ့ မင်နီဆိုတာ ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ အပတ်က အာဖရိကန် နွယ်ဖွား အမေရိကန် နှစ်ဦး ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီးတဲ့နောက်၊ အာဖရိကန် နွယ်ဖွား လူမည်းတွေကို လူဖြူ ရဲအရာရှိတွေရဲ့ ကိုင်တွယ်ပုံအပေါ် မကျေနပ်မှုကြောင့် နိုင်ငံ တစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပက်သက်လို့ မကျေနပ်သူ တစ်ဦးက လက်တုန့်ပြန်တဲ့ အနေနဲ့ တက္ကဆပ်ပြည်နယ်၊ ဒါးလတ်စ်မြို့မှာ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြနေစဉ်အတွင်းမှာ ရဲအရာရှိ ငါးဦး ကို ချောင်းမြောင်းပြီး ပစ်သတ်ခဲ့ပါတယ်။
ဒီလို အကြမ်းဖက်မှုတွေ ဖြစ်အပြီးမှာ အမေရိကန် နိုင်ငံသားတွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားကြဖို့ သမ္မတ အိုဘားမားက တိုက်တွန်း လိုက်ပါတယ်။
”မှန်ကန်၊ လေးနက်ပြီး လေးစားမှု ရှိတဲ့ အသုံးအနှုံးကို ထိန်းသိမ်းထားခြင်းဟာ အမေရိကန် လူ့အဖွဲ့အစည်းကို စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်စေမှာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ အဆုံးစွန် ရည်ရွယ်ချက်ပါ။ ”
ဒါကတော့ တနင်္ဂနွေနေ့က စပိန်နိုင်ငံမှာ ရောက်ရှိနေတဲ့ သမ္မတ အိုဘားမား က ပြောသွားတာပါ။
ဒါ့အပြင် အမေရိကန် နိုင်ငံတဝှမ်းမှာ “Black Lives Matter” လူမည်းတွေရဲ့ အသက်ဟာလည်း အရေးကြီးတယ်လို့ အဓိပ္ပါယ်ရတဲ့ လှူပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆန္ဒပြသူတွေနဲ့ ရဲအဖွဲ့အစည်းတွေကို ရည်ညွှန်းပြီး “တစ်ဖက်က ဘာပြောသလဲ ဆိုတာ အခြားတစ်ဖက်က နားထောင်ပေးဖို့ အားလုံးကို ပြောချင်ပါတယ်။” လို့ သမ္မတ အိုဘားမားက ပြောသွားပါတယ်။
ရဲအရာရှိ ငါးဦးကို ချောင်းမြောင်း ပစ်ခတ်ခဲ့သူ Micah Xavier Johnson ဟာ ဒါးလတ်စ် မြို့မှာ ပိုပြီး ပြင်းထန်တဲ့ တိုက်ခိုက် ဖျက်ဆီးမှုတွေ လုပ်ဖို့ စီစဉ်ထား တယ် လို့ ရဲအရာရှိတွေက ပြောပါတယ်။
ဒါးလတ်စ်မြို့ ပစ်ခတ်မှု မဖြစ်ခင် ပြီးခဲ့တဲ့ အင်္ဂါနေ့က လူဝီစီးယားနား ပြည်နယ် Baton Rouge မှာ အသက် ၃၇နှစ်အရွယ် လူမည်း အမျိုးသား Alton Sterling ကို ရဲသားနှစ်ဦးက ပစ်သတ်ခဲ့ပုံကို ဆဲလ်ဖုန်းနဲ့ ရိုက်ထားတဲ့ ဗွီဒီယို ဖိုင် ပေါ်ထွက်လာခဲ့ ပါတယ်။
အဲဒီနောက် နောက်တစ်ရက် ဗုဒ္ဓဟူးနေ့မှာ မင်နီဆိုတာပြည်နယ် စိန့်ပေါလ် မြို့မှာလည်း ယာဉ်စည်းကမ်း ချိုးဖောက်ပြီး ကားမောင်းနှင်လာတဲ့ လူမည်း အမျိုးသားတစ်ဦး Philando Castile ကို ရဲအရာရှိတစ်ဦးက ကားရပ်ခိုင်းပြီး တဲ့နောက် သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်လိုက်ပုံကို ဗွီဒီယိုဖိုင် ထပ်ပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ အမေရိကန် နိုင်ငံ တစ်ဝှမ်းက မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ရာမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ အကြား ထိပ်တိုက် ရင်ဆိုင်မှု တွေ ဖြစ်ပြီး၊ လူ အများအပြား ဖမ်းဆီး ခံခဲ့ရပါတယ်။
အဲဒီ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ မင်နီဆိုတာ ပြည်နယ်၊ စိန့်ပေါမြို့ဟာ မြန်မာ ဒုက္ခသည် တစ်သောင်းကျော် နေထိုင်နေတဲ့ မြို့ဖြစ်ပါတယ်။ စိန့်ပေါလ်မြို့၊ ပထမ မြန်မာ ခရစ်တော် အသင်းတော်က တရားဟောဆရာ Rev Menh Mya Thi က ခုလို သူ့အမြင်ကို ပြောပါတယ်။
“ ကျွန်တော့်ရဲ့ အသင်းတော်မှာ တစ်ခေါက် ပြဿနာ တစ်ခု တက်တယ်။ တက်တယ် ဆိုတာက ကျွန်တော့်ရဲ့ အသင်းသား တစ်ယောက်ကို လူမည်း တစ်ယောက်က သူ့ရဲ့ အိမ်ရှေ့မှာပဲ သူ့ရဲ့ အိတ်ကို လုရင်းနဲ့ပေါ့နော်။ ဟိုလူကတည်း ဆွဲလုတယ်။ ကျွန်တော့်ရဲ့ အသင်းသားကလည်း ပြန်ဆွဲလုရင်းနဲ့ နောက်ဆုံးမှာ အဲဒီလူမည်းက သူ့ကို ပစ်ထည့်လိုက်တာ။ နောက်ပိုင်းမှာ သူ့ကိုယ်မှာ သေနတ် ကျည်ဆန်ရာ တစ်ချက်လား နှစ်ချက်လားမသိ မှန်ပြီးတော့ နောက်ပိုင်း သွေးလွန်ပြီးတော့ ဆုံးသွားတယ်။ ဆိုတော့ ကျွန်တော်တို့ မင်နီဆိုတာ၊ စိန့်ပေါမှာလည်း အဲဒီလိုမျိုး ပြဿနာတွေ နည်းနည်းရှိတယ်ပေါ့နော်။ အဲဒါကြောင့် လူမည်းတွေ အပေါ်မှာ ရဲတွေရဲ့ ဆက်ဆံမှု အပိုင်းကို ကြည့်တဲ့အခါ တခါတရံမှာ သူတို့က အဲဒီလိုမျိုး ဆိုးသွမ်းမှုတွေ ရှိတဲ့အခါမှာ ခုနက အမှုကိစ္စပေါ့နော်။ ဖြစ်သွားခြင်းအပေါ်မှာ လူဖြူရဲက ပစ်လိုက်ခြင်း အထဲမှာ ကျွန်တော်ထင်တယ်။ တစ်စုံ တစ်ခုများ သူရဲ့ အန္တရာယ်ကို ထိခိုက်လာမယ့် action မျိုး ပါသွားလို့ ပစ်လိုက်တဲ့ အနေအထားမျိုးများ ဖြစ်နေမလားပေါ့နော်။ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။ ဒါမျိုးကတော့ မဖြစ်သင့်ဘူးပေါ့နော်။ အခုက ဒီဘက်ခြမ်းက လူဖြူက အဲဒီလိုမျိုး ပစ်လိုက်ခြင်းကို ပြန်ပြီးတော့ အခြား state တွေမှာလည်း လူမည်းတွေက လူဖြူ ရဲတွေကို ပြန်ပြီးတော့ ပစ်ခတ်ရင်းနဲ့ အုံကြွမှုတွေက ပိုဆိုးလာတယ်လေ။ အမေရိကန်ရဲ့ သမိုင်းကြောင်းကို ကြည့်တဲ့ အခါမှာလည်း မာတင်လူသာကင်းက လူဖြူလူမည်းအရေး ဆက်ပြီးတော့ လုပ်ဆောင်သွားခြင်းထဲမှာလဲ အကောင်းဆုံး ကတော့ တည်ဆောက်ရေး ကဏ္ဍအနေနဲ့၊ သူတို့လည်းပဲ ဓမ္မ အမှုတော်ဆောင် တစ်ပါးအနေနဲ့ လုပ်ဆောင်ခဲ့သလိုမျိုးပဲ။ ဒီပဋိပက္ခတွေကို ဆက်ပြီးတော့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုရင် ပိုပြီးတော့မှ ဆိုးဝါးလာမယ့် အနေအထား ရှိတယ်ဆိုတာ ကျွန်တော်တို့လည်း တွေ့တယ်လေ။ ကျွန်တော်တို့ အသင်းတော်အနေနဲ့ လုပ်ဆောင်နိုင်တာကတော့ ကိုယ့်ရဲ့ နိုင်ငံသားတွေဒီ အမေရိကန် နိုင်ငံမှာ ရှိတဲ့ သူတွေ အကုန်လုံး ငြိမ်းြငိမ်းချမ်းချမ်းနဲ့ နေနိုင်ဖို့ သတိရပြီးတော့ ဆုတောင်းပေးမယ်လို့။ ကျွန်တော့်အနေနဲ့ တုန့်ပြန်ချင်ပါတယ်။”
အလားတူပဲ ဒါးလတ်စ်မြို့မှာ ရဲအရာရှိတွေကို ချောင်းမြောင်း ပစ်ခတ်တဲ့ ဖြစ်ရပ် အပြီး၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေး အခြေအနေကို အထူးသတိထားကြဖို့ ထုတ်ပြန်ထားတဲ့အကြောင်း ဗာဂျီးနီးယားပြည်နယ်က မြန်မာ လူမျိုး ရဲအရာရှိ ကိုခင်မောင်လွင်က ခုလို ပြောပြပါတယ်။
“ အခုတော့ ရဲတွေရဲ့ လုံခြုံရေးက ပိုပြီးတော့ တင်းတင်းကြပ်ကြပ် သတိထားရတဲ့ အနေအထား ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီကို တရားဝင်ကော၊ တရားမဝင်ကော အွန်လိုင်းကနေ ခြိမ်းခြောက်တာတို့ ဘာတို့ အနည်းအကျဉ်း ရှိတယ်ပေါ့နော်။ အခြား ပြည်နယ်တော့ မသိဘူး။ ကျွန်တော်တို့ ဆီမှာတော့ရှိတယ်။ လုံခြုံရေးကို အရမ်း သတိထားရတယ်။ အများအားဖြင့်တော့ ရဲကနေ ပစ်ခတ်ပြီးတော့ အရေးယူတဲ့ အမှုမျိုးမှာ သက်ဆိုင်ရာ ရဲဌာနက စုံစမ်း စစ်ဆေးရေး လုပ်ရတယ်။ အဲတော့ စုံစမ်းစစ်ဆေးရေး လုပ်တဲ့ ကြားကာလမှာ ပစ်တဲ့ ရဲကို ချက်ချင်း အလုပ်က ရပ်ဆိုင်းပြီးတော့၊ သူ့ရဲ့ သေနတ်တွေ ဘာတွေ သိမ်းလိုက်တယ်ပေါ့နော်။ သက်ဆိုင်ရာ ဌာနကနေပြီးတော့ စုံစမ်းစစ်ဆေးရေး လုပ်ရတယ်။ အဲဒီတော့ အဲဒါ ပြီးမှပဲ ရဲမှားတာလား၊ ရဲက သူ့ရဲ့ လုပ်ပိုင်ခွင့်အရ ပစ်တာလားဆိုတာကို ဆုံးဖြတ်လို့ ရမယ်လေ။ ရဲမှာ တပ်ထားတဲ့ ကင်မရာတွေ ဘာတွေ စစ်တာက အစပေါ့နော်။ လောလောဆယ်ကတော့ ဘယ်သူ့ အမှားလဲ ဆိုတာ ပြောရခက်တယ်။”
သမ္မတ အိုဘားမားဟာ အင်္ဂါနေ့မှာ ဒါးလတ်စ်မြို့ကို သွားရောက်ပြီး ချောင်းမြောင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ရဲအရာရှိ ငါးဦးတို့အတွက် ပကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။