အမေရိကန် အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) က မြန်မာနိုင်ငံကို ရှေ့လ ဒီဇင်ဘာလထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သွားရောက်မယ့်ခရီးစဉ်အတွက် ကြိုဆိုလိုက်ပါတယ်။ အမတ် ဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံက အဆင့်ဆင့် ပြောင်းလဲလာမှုတွေ အတွက် ကြိုဆိုလိုက်ပြီး ဒါဟာ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်လာဖို့အတွက် ယုံကြည်မှုရှိလာအောင် ပြသနိုင်တဲ့ အခွင့်လမ်းကောင်း တစ်ရပ်ဖြစ်တယ်လို့ သောကြာနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ဒီအချိန်ဟာ အသွင်ကူးပြောင်းကာလရဲ့ အဓိကကျတဲ့အချိန်မို့ လူမှုလူ့အဖွဲ့အစည်း အသီးသီးနဲ့ အစိုးရ ခေါင်းဆောင်ပိုင်းကြားမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းကြီးတရပ် ဖြစ်သလို အစိုးရမှာရော၊ စစ်တပ်မှာပါ အပြောင်းအလဲတွေ လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်လာနေတာကို အရှိန်ပိုပြီးမြှင့်စေဖို့ ရည်ရွယ်ပြီး သမိုင်းဝင် သံတမန်ရေး အစပျိုးတဲ့အနေနဲ့ သွားရောက်မယ့် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ ခရီးစဉ်ဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လထဲမှာ ဆယ်စုနှစ်နဲ့ချီ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရလက်ကနေ အရပ်သားတွေပါဝင်တဲ့ လွှတ်တော်နဲ့ ပြောင်းလဲအုပ်ချုပ်လာတဲ့ မြန်မာအစိုးရဆီက တိုးတက်မှုအလင်းရောင် အစအနတွေ မြင်တွေ့လာရတာကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ဝန်ကြီးကလင်တန်ကို စေလွှတ်တာလို့ သမ္မတ အိုဘားမားက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးညီလာခံမှာ သောကြာနေ့က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးကလင်တန်ဟာ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ တိုးတက်မှုတွေ ရှိလာစေဖို့ အမေရိကန်နိုင်ငံဘက်က လုပ်ဆောင်ပေးနိုင်တဲ့ အချက်အလက်တွေကို စူးစမ်းရှာဖွေဖို့ ရှိတယ်လို့ဆိုပါတယ်။
ဝန်ကြီးကလင်တန်ဟာ မြန်မာနိုင်ငံကို ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ သွားရောက်မှာဖြစ်ပြီး ရန်ကုန်နဲ့ နေပြည်တော်ကို သွားဖို့ရှိပါတယ်။
မတ်လထဲမှာ အရပ်သားအစိုးရ လွှတ်တော်တရပ်နဲ့ အုပ်ချုပ်လာတဲ့နောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ တင်းကျပ်တဲ့ နိုင်ငံရေးထိန်းချုပ်ထားမှုတွေကို တဖြည်းဖြည်း ဖြေလျှော့ပေးလာတာ တွေ့ရပါတယ်။ အစိုးရသစ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စတင် ဆွေးနွေပြောဆိုမှုတွေ လုပ်လာသလို နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွှတ်ပေးပြီး နိုင်ငံရေးဝန်းကျင် ဖွင့်ပေးမယ့်ပုံ ပြလာပါတယ်။ ဒါပေမဲ့ ဒီပြောင်းလဲမှုခြေလှမ်းတွေ အတွက် သမ္မတအိုဘားမားက သတိနဲ့ထောက်ခံခဲ့ပြီး အမေရိကန်-မြန်မာ ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်ဖို့ အတွက် မြန်မာအစိုးရက ခုထက်ပိုပြီး ပြောင်းလဲလုပ်ဆောင်ဖို့ လိုတယ်လို့ ပြောပါတယ်။
သောကြာနေ့ အစောပိုင်းမှာ သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရရဲ့ တိုက်ရိုက်ဆက်ဆံရေးကို ထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။