မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်က သယံဇာတတွေကို ဒေသခံပြည်သူတွေ ခွဲဝေခံစားခွင့်ရဖို့ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးပမ်းနေကြပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဒီကနေ့ ဒေသခံအများအပြားနဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ရမှာ လူထုအတွက် အကျိုးခံစားခွင့်ရဖို့ လွှတ်တော်မှာ တင်ပြလို့ ထူးခြားမလာဘူးဆိုရင် လူထုလှုပ်ရှားမှုတွေနဲ့ တောင်းဆိုအထိ ဆောင်ရွက်သွားဖို့လည်း ဆုံးဖြတ်ခဲ့ကြတာပါ။ လှုပ်ရှားမှုမှာ ပါဝင်တဲ့ ရခိုင်အမျိုးသား လွှတ်တော်အမတ်တွေနဲ့ ဆက်သွယ်မေးမြန်းပြီး အပြည့်စုံကို မအေးအေးမာက တင်ပြထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ်တွင်းမှာ လွှတ်တော်အမတ် ၃၀ ကျော်နဲ့ အနိုင်ရထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး လွှတ်တော်မှာ တင်ပြနိုင်ဖို့အတွက် ရခိုင်ပြည်နယ်တွင်းက သယံဇာတတွေကို လူထုတွေ ခံစားခွင့်ရှိတယ် ဆိုတာကို ရှင်းပြခဲ့တာပါ။ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက -
“အများအားဖြင့်တော့ ကျနော်တို့ ရခိုင်ပြည်နယ်က သဘာ၀ အန္တရာယ်တွေက ပိုပြီး ရင်ဆိုင်နေရတာပေါ့။ မနှစ်ကဆိုရင် လေပြင်းမုန်တိုင်း တိုက်ပြီးတော့ ကျနော်တို့ ရခိုင်ပြည်နယ်မှာရှိတဲ့ သဘာဝပစ္စည်းတွေ၊ တောတောင်တွေ ပြုန်းတယ်ပေါ့ဗျာ။ ရွာတွေ ပျက်စီးတယ်။ အဲဒီလိုမျိုး အများကြီး သဘာဝရဲ့ ဆိုးကျိုးတွေကို ခံရတယ်။ တနည်းအားဖြင့် ပင်လယ်အော်ကပေးတဲ့ ဒုက္ခပေါ့ဗျာ။ ပင်လယ်အော်က ပြန်ပြီးတော့ပေးတဲ့ သုခကိုကျတော့ ကျနော်တို့ ရခိုင်ပြည်သူတွေ မခံစားရဘူး ဆိုတဲ့အပေါ်မှာ ကျနော်တို့ ရခိုင်ပြည်သူတွေက လုံး၀ စိတ်ထဲမှာ စိတ်မချမ်းသာဘူးလေဗျာ။ စိတ်ကျေနပ်မှုလည်း မရှိပါဘူး။ သစ်တောတွေလည်း အကုန်လုံးပြောင်ပါပြီ ရခိုင်ပြည်နယ်ထဲမှာ။ ဘာမှ ကျနော်တို့ ရခိုင်ပြည်သူတွေအတွက် တိုးတက်ရာ တိုးတက်ကြောင်းကို နိုင်ငံတော်အစိုးရက ဘာမှ မလုပ်ဆောင်ပေးခဲ့ဘူး။ အဲဒီအပေါ်မှာ သဘာ၀ ပစ္စည်းတွေလည်း ဆုံးရှုံးမှုတွေ အများကြီး ဖြစ်ခဲ့ပါတယ်။
"အခု ရခိုင်ပြည်ကို သဘာဝဓာတ်ငွေ့ အလုံးအရင်းနဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေမျိုးမှာ ကိုယ့်ပြည်နယ်က ထွက်တဲ့ သဘာဝဓါတ်ငွေ့ အစိတ်အပိုင်း တချို့တဝက်ကိုတောင်မှ ခံစားခွင့် မပေးဘူးဆိုရင် ဒါက လုံး၀ တရားမျှတတဲ့ လမ်းကြောင်းပေါ်မှာ မရှိဘူးလို့ ကျနော်တို့ မြင်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ပြည်သူလူထုတွေကို စည်းရုံးပြီးတော့ ကျနော်တို့ ရှင်းပြမယ်။ လွှတ်တော်မှာ တင် တောင်းမယ်။ လူထုအားနဲ့ တောင်းဆိုမယ်။ နောက်ဆုံးဗျာ လုံးဝမရတဲ့အဆင့်မှာ ဆိုရင်တော့ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့် ဥပဒေကို ကိုင်ပြီးတော့ ပြည်သူလူထုနဲ့ တခဲနက် ကျနော်တို့ တိုက်ပွဲဝင် တောင်းဆိုဖို့အထိ မျှော်မှန်းထားပါတယ်။”
ပါတီဥက္ကဋ္ဌ ဒေါက်တာဦးအေးမောင် ဦးဆောင်ပြီး လွှတ်တော်ထဲကိုရောက်နေတဲ့ ပြည်နယ်အဆင့့်် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်းပြီး လူထုစည်းဝေးပွဲကို ကျင်းပခဲ့တာပါ။ လွှတ်တော်မှာ တင်ပြတိုင်းမှာ ပယ်ချခံရတာကြောင့် ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ကျေနပ်မှုမရရှိခဲ့တာကြောင့် လူထုအားနဲ့ ထပ်မံတင်ပြဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
“လွှတ်တော်မှာ ကျနော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြပြီတော့ တောင်းဆိုကြတဲ့အခါမှာ ဒီဓာတ်ငွေ့ကို တရုတ်ပြည်ကို ရောင်းစားပြီး ရခိုင်ပြည်နယ်အတွက် သုံးလို့မရဘူးဆိုတဲ့ အခြေအနေမျိုးကို ဝန်ကြီးတွေက ပြန်ကြားတော့၊ အဲဒီအပေါ်မှာ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ပြည်သူတွေရော ကျေနပ်မှုမရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကျနော်တို့ ပြည်သူတွေရဲ့ လိုလားချက်တွေကို နိုင်ငံတော်ကို တင်ပြနိုင်ဖို့အတွက် ကျနော်တို့က အခြေအနေတွေကို ရှင်းပြတယ်။ ပြည်သူလူထုက ဘယ်လိုလုပ်ရမယ်၊ ကျနော်တို့က ဘယ်လိုလုပ်မယ် ဆိုတာမျိုးကို ကျနော်တို့က နိုင်ငံတော်ကို တင်ပြနိုင်ဖို့အတွက် လူထုရဲ့ ဆန္ဒသဘောထားကို ယူတာလည်း တစ်ပိုင်း ပါပါတယ်။”
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ဒေသခံတစ်ဦးကတော့ ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်ကို ကျေနပ်မိတဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်ကထွက်တဲ့ သဘာဝရင်းမြစ်တွေကို မြန်မာပြည်သူတစ်ရပ်လုံး ခံစားစေချင်ကြောင်း ပြောပါတယ်။
“ကျနော်တို့ ပြည်ထောင်စု တစ်ဖွဲ့လုံးပေါ့ဗျာ။ အကုန်လုံးက သုံးစွဲနိုင်ဖို့။ တိုင်းရင်းသား အားလုံးပေါ့နော် ကျနော်တို့ဆီက ထွက်ရှိတဲ့ဟာတွေကို ကျနော်တို့ ပြည်သူတွေ ခံစားနိုင်ဖို့ပေါ့နော်။ ကျနော်တို့ ကိုယ်စားလှယ်တော်ကြီးတွေကို ကျနော်တို့ အားကိုးတယ်။ ကျနော်တို့အတွက်ကို ဆောင်ရွက်ပေးနိုင်မယ်၊ တောင်းဆိုပေးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်ခင်ဗျာ။ ကျနော်တို့ ယုံကြည်ပါတယ်။”
ဒီလို လူထုစည်းဝေးပွဲကို ကျင်းပဖို့အတွက် ခရိုင်ကော်မရှင်ကို ခွင့်တောင်းပြီးမှ ကျင်းပခဲ့တာဖြစ်ပေမဲ့ တမြို့လုံးအနှံ့ ရဲတွေကို လမ်းတိုင်းမှာချထားပြီး လုံခြုံရေးအရ စောင့်ကြပ်ကြည့်ရှုမှုတွေ များတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း လူထုစည်းဝေးပွဲကြီးက ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး လူထုထောက်ခံမှုတွေ ရခဲ့တယ်လို့ ပါတီက တာဝန်ရှိသူတွေက ပြောပါတယ်။