သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီတွေပါဝင်ဖို့ ဦးသိန်းစိန်တိုက်တွန်း


သမ္မတဦးသိန်းစိန်။
သမ္မတဦးသိန်းစိန်။
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်တွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ပါဝင်ဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတက ဒီကနေ့ နိုင်ငံရေးပါတီ ၁၈ ပါတီ နဲ့တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရေး ပါတီတွေကလည်း ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေရဲ့ အရှိန်ရပ်တန့်ဖို့နဲ့ ရထားတဲ့ ငြိမ်းချမ်းရေးတွေလည်း ခိုင်မာဖို့ အစိုးရအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ ပြန်လည် ပြောဆိုခဲ့တဲ့အကြောင်း ပါတီခေါင်းဆောင်ပိုင်းတွေက ပြောဆိုခဲ့ကြပါတယ်။ ဒီသတင်းအပြည်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံရေးပါတီ ၁၈ ပါတီက ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံခဲ့ကြတာဖြစ်ပြီးတော့ သမ္မတ ဦးသိန်းစိန်က ရှေ့ဆက်ပုံဖော်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ် တည်ဆောက်ရေး လုပ်ငန်းတွေမှာ နိုင်ငံရေးပါတီတွေ နောက်ပိုင်းမှာ ဝိုင်းဝန်းပါဝင်ကြဖို့လိုပြီးတော့ အမျိုးသားရေးပန်းတိုင်ကို ရောက်ဖို့အတွက် နိုင်ငံရေးပါတီတွေရဲ့အားကို လိုတယ်ဆိုပြီး ပြောခဲ့တယ်လို့ အမျိုးသားဒီမိုကေရေစီအင်အားစုပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“အမျိုးသားရေး မျှော်မှန်းချက်တွေပေါ့ဗျာ။ အမျိုးသားရေးပန်းတိုင်တွေကတော့ အားလုံးပါဝင်တဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်ထွန်းလာပြီးတော့၊ အဲဒီမှာ ပါတီများက အဓိက အခန်းကဏ္ဍက ပါဝင်ကြဖို့ ပြောသွားတာဖြစ်ပါ တယ်။”

အစိုးရရဲ့ ၂ နှစ်တာကာလအတွင်းမှာ တိုင်းပြည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အောင်မြင်မှု ရခဲ့တာတွေရှိသလို မအောင်မြင်သေးတဲ့ ဖြစ်စဉ်တွေ လည်းရှိတယ်လို့ နိုင်ငံတော်သမ္မတက ပြောခဲ့ပြီးတော့ ၂ နှစ်အတွင်း အစိုးရအနေနဲ့ တိုင်းပြည်တည်ဆောက်ရေးတွေ လုပ်ရာမှာ နိုင်ငံရေးပါတီတွေ အပါအဝင် အခြားအင်အားစုတွေရဲ့ ကူညီမှုတွေကြောင့် မြန်မြန် ခရီးပေါက်ခဲ့ရတာ ဖြစ်တယ်လို့လည်း ဦးသိန်းစိန်ကပြောခဲ့တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“သမ္မတသက်တမ်း၊ အစိုးရသက်တမ်းပေါ့လေ ၂ နှစ်အတွင်း မှာ တော်တော်များများ အောင်မြင်မှုတွေ ရသလို မအောင်မြင်သေးဘဲ ရှိနေတာတွေလည်း ရှိတာပေါ့။ အဲဒါတွေကို သူတို့ ကျော်လွှားဖို့ ကြိုးစားနေကြတယ်ပေါ့။ အောင်မြင်မှုတွေထဲမှာ ရတာတွေကလည်း၊ ရအောင်လုပ်တဲ့ ရည်ရွယ်ချက်တွေထဲမှာ ဘာတွေလဲ ဆိုတော့ နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်မှု ရအောင် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးရအောင် တည်ဆောက်ရေး။ အဲဒီကိစ္စတွေကို အဓိက ဆောင်ရွက်တယ်လို့ ပြောသွားပါတယ်။ ပြောပြီးတော့ သူက ဒီလိုဆောင်ရွက်တဲ့ကိစ္စတွေမှာ အားလုံးသော နိုင်ငံရေးပါတီတွေရဲ့ ဝိုင်းဝန်းကူညီမှု၊ ပြည်သူတွေရဲ့ ဝိုင်းဝန်းပါဝင်မှု၊ နောက်ပြီးတော့ တပ်မတော်ရဲ့ပါဝင်မှု၊ အစရှိတဲ့ အဲဒီလို ဝိုင်းဝန်းကူညီ ဆောင်ရွက် မှုတွေကြောင့် မြန်မာနိုင်ငံ အခုထိ အောင်မြင်လာတာဖြစ်တယ်လို့ သူက ပြောတယ်ဗျ။”

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီကနေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲဟာ သူ့အနေနဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ရာထူးက အနားယူပြီးရက်ပိုင်းအတွင်း မှာ တွေ့ဆုံခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ ပြည်မက နိုင်ငံရေးပါတီတွေသာမက တိုင်းရင်းသား ပါတီတွေလည်း တက်ရောက်ခဲ့ကြတာပါ။ ပြည်ထောင်စုအစိုးရနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တို့အကြား အပစ်ရပ်စဲမှု လုပ်ငန်းတွေ မပြီးပြတ်သေးချိန်မှာပဲ ရှမ်းပြည်မြောက်ပိုင်း လွတ်မြောက်ရေး တပ်မတော်နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်နေတာတွေကို အမြန်ဆုံး ရပ်စဲနိုင်ဖို့တွေလည်း အဓိကထား ဆောင်ရွက်သင့်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဆွေးနွေးခဲ့တာပါ။

ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပြီးတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး စစ်ပွဲတွေကို အမြန်ဆုံး အဆုံးသတ်သင့်တဲ့ အကြောင်းတွေနဲ့ ရှမ်းပြည်နယ်ထဲက တိုက်ပွဲတွေ အကြောင်း SNLD က ဦးဆောင်ဆွေးနွေးသွားတယ်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောပါတယ်။

“ဦးခွန်ထွန်းဦး ဆွေးနွေးပြီးတော့၊ RCSS နဲ့ KIA တို့၊ နောက် ဒီဘက်က တအောန်းလွတ်မြောက်ရေး တပ်မတော်တို့က ရှမ်းမြောက်ဘက်မှာဖြစ်နေတဲ့ ဟာလေးတွေကိုပြောတယ်။ ဒါတွေလည်းပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါတာကိုး။”

ဒီနေ့သမ္မတနဲ့တွေ့ဆုံခဲ့တဲ့ ပါတီ ၁၈ ခု ထဲမှာ အင်အားကြီးပါတီ ၂ ခု ဖြစ်တဲ့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ နိုင်ငံရေးပါတီတွေနဲ့ သမ္မတ တွေ့ဆုံနိုင်ဖို့ စီစဉ်ပေး ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ က အကြံပေးဦးလှမောင်ရွှေကတော့ အဲဒီပါတီ ၂ ပါတီ ဒီဆွေးနွေးပွဲမှာ မပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အဲဒီအဖွဲ့တွေက သီးခြားတွေ့လို့ရနေတော့ မတွေ့ဖြစ်တဲ့သူတွေ ကို တွေ့တယ်လို့ပဲ ကျနော် နားလည်ပါတယ်။”

နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ၊ မြန်မာအမျိုးသား ကွန်ကရက်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီ၊ မြန်မာ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ ချင်းအမျိုးသားပါတီ (CNP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဖလုံစဝေါ်ပါတီနဲ့ ကရင်ပြည်သူ့ ပါတီ တွေဖြစ်ပါတယ်။
XS
SM
MD
LG