သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာပိုင်တွေရဲ့ မတရားညှဉ်းပန်းမှု အကာကွယ်ပေးဖို့လိုအပ်


လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ ပြဌာန်းချက်ကို မြန်မာအစိုးရက သဘောတူ လက်မှတ်ထိုးဖို့ ပြင်ဆင်နေချိန်မှာပဲ မြန်မာနိုင်ငံတွင်းက အာဏာပိုင်တွေရဲ့ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုတွေကို တရားဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့၊ နောက် တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ကို အရင် လုပ်ဆောင်ရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှု အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ညှဉ်းပန်းနှိပ်စက်မှုတချို့ ရှိနေသေးတယ်ဆိုတာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း လက်ခံထားပြီး နိုင်ငံတွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေကို အသိပညာပေးမှုတွေ လုပ်ပေးဖို့ လိုအပ်နေပါတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

မြန်မာအစိုးရရဲ့ တရားဥပဒေ ထိန်းသိမ်းရေး အာဏာပိုင်တွေအနေနဲ့ အရပ်သားတွေကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးတာတွေ၊ နောက် ဖမ်းဆီးချုပ်နှောင်ထားစဉ်အတွင်း လူမဆန်စွာ နှိပ်စက်ခံရမှုကြောင့် သေဆုံးမှုတွေ ရှိနေပေမဲ့လည်း ဒီလို ကျူးလွန်ကြတဲ့ အာဏာပိုင်တွေကတော့ အဖွဲ့အစည်းဆိုင်ရာ စည်းကမ်းတွေနဲ့ပဲ အရေးယူခံရပြီး ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူခံရမှုကနေ ကင်းလွတ်နေကြတယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင် AHRC က ရှေ့နေကြီး ဦးမင်းလွင်ဦးက ပြောဆိုပါတယ်။

“ဥပမာအားဖြင့် ကျနော်တို့ ပဲခူးမြို့မှာ သေဆုံးသွားတဲ့ ကိုဇင်အောင် ကိစ္စမှာဆိုလို့ရှိရင် အမှုတောင်မှ မဖွင့်နိုင်သေးပါဘူး။ ရဲစခန်းမှာ ဒီဓာတ်ဆီခိုးတယ်ဆိုတဲ့အမှုကို ခေါ်ယူစစ်ဆေးရင်းကနေ လက်လွန်ပြီးတော့ ကိုဇင်အောင် သေဆုံးသွားတာ။ အဲတော့ သေဆုံးသွားတဲ့အတွက် သူတို့ ရဲစည်းမျဉ်းစည်းကမ်းအရ ခုံဖွဲ့ပြီးတော့ စစ်ဆေးတဲ့အခါမှာ လိုအပ်တဲ့ သက်သေခံတွေ လာယူပါတယ်။ အဲ့လိုလာယူတဲ့အခါမှာ မိသားစုဝင်တွေက ပြောရင် ပြောတဲ့အတိုင်း မရေးဘဲ၊ သူတို့ရေးချင်တာတွေ ရေးသွားပြီးတော့ အတင်း လက်မှတ်ထိုးခိုင်းနေတာတွေကိုလည်း ကျနော်တို့ တွေ့ရတယ်။ အဲတော့ ရိုးသားတဲ့ ပြည်သူလူထုတွေအနေနဲ့က ဒီဥစ္စာကို ပြင်ပေးပါ။ မပြင်ပေးနိုင်ဘူး။ ရှင်တို့ လက်မှတ်ထိုးပေးဖို့ လိုတယ်ဆိုပြီးတော့ ရဲစခန်းမှာ ခေါ်ယူလက်မှတ်ထိုးခိုင်းတဲ့ကိစ္စ၊ ခြိမ်းခြောက်ပြီးတော့ လက်မှတ်ထိုးခိုင်းသလိုမျိုး ဖြစ်နေတယ်ဆိုတာတွေကို ကျနော်တို့ တွေ့ရတယ်။ အဲတော့ စုံစမ်းစစ်ဆေးရေး ခုံရုံးတွေအနေနဲ့ တိတိကျကျ လိုက်နာမှုမရှိဘဲနဲ့ မိမိရဲ့ လူတွေ အပြစ်ဒဏ်မခံရဖို့အတွက် ကာကွယ်ပေးနေသလိုမျိုး ဖြစ်နေတယ်ဆိုတာတွေကိုလည်း ကျနော်တို့ တွေ့ရတယ်။ ဒါတွေဟာ မကောင်းတဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ အထူး ကျပ်မတ်ပြီးတော့ ပြင်ဆင်သင့်တယ်ဆိုတာကို ကျနော်တော့ အကြံပြုပါတယ်။”

အာဏာပိုင်တို့ရဲ့ ဖမ်းဆီး ချုပ်နှောင်ခံထားရချိန်အတွင်း သေဆုံးခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်တွေကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ကြားသိထားတဲ့အကြောင်း အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။ ဒါပေမဲ့ ဒီလို အကျင့်အကြံတွေက နိုင်ငံတဝှမ်း ဖြစ်ပွားနေတာ မဟုတ်ဘဲ ရဲဌာနတချို့မှာသာ ဖြစ်ပွားနေတာလို့ သူကပြောပြီး၊ ကျူးလွန်ကြတဲ့ အာဏာပိုင်တွေကို ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးမယူတာကိုတော့ မတွေ့ရဘူးလို့လည်း ဦးစစ်မြိုင်က ပြောပါတယ်။

“ကျနော်တို့ လေ့လာတွေ့ရှိရသလောက်တော့ အဲ့လို ချုပ်နှောင်ထားစဉ် သေဆုံးတယ်ဆိုတဲ့ ဖြစ်စဉ်တွေကိုတော့ ကျနော်တို့ တွေ့ပါတယ်။ ကျနော်တို့ တိုင်ကြားချက်၊ တိုင်စာတွေမှာလည်း ပါတာ တွေ့ပါတယ်။ ဒီမှာတော့တင် ကျနော် သတိပြုမိတာ တချက်က ဆရာဝန်ရဲ့ ဆေးစစ်ချက်က အဓိက ကျပါတယ်။ အဲတော့ ဆရာဝန်ရဲ့ ဆေးစစ်ချက်အပေါ်မှာ မူတည်ပြီးတော့ ဥပဒေအရ အရေးယူတဲ့အပိုင်းက ထိရောက်မှု ပြင်းထန်မှုက အဲ့ဒီမှာ ကွာခြားသွားပါတယ်။ အရေးမယူတာမျိုးတော့ ကျနော်တော့ မတွေ့ပါဘူး။ ဟို အရေးယူတာမျိုးတော့ ဆောင်ရွက်လေ့ရှိတာကို တွေ့ရပါတယ်။ အဓိကကတော့ ဆရာဝန်ရဲ့ မှတ်ချက်က အဓိကကျပါတယ်။”

CAT လို့ခေါ်တဲ့ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းဆိုင်ရာ ကုလသမဂ္ဂ ပြဌာန်းချက်ကို မြန်မာတို့ လက်မှတ်ရေးထိုးနိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နဲ့ ညှိနှိုင်းနေကြတာမှာ တကယ်တမ်း အကောင်အထည်ဖော်လိုစိတ်နဲ့ အာဏာပိုင်တို့ဘက်က လုပ်ဆောင်ဖို့ လိုတယ်လို့ AHRC က ရှေ့နေကြီး ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“အဲတော့ လွှတ်တော်မှာ မေးမြန်းတဲ့အခါမှာ ဒေါက်တာအောင်မိုးညို တင်သွင်းတဲ့အခါမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက လာရောက် ရှင်းလင်းတယ်။ ရှင်းလင်းတဲ့အခါမှာ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းတဲ့အထိ လုပ်ဆောင်တာမရှိပါဘူး။ ကြိမ်ဒဏ်ပေးတာတွေကို ကျနော်တို့ ပယ်ဖျက်ထားပါတယ် ဆိုပြီးတော့ ဒီ တရားရုံးချုပ်ဘက်ကနေပြီးတော့ လာရောက် ရှင်းလင်းတာရှိတယ်။ အဲ့ဒီလိုပြောတဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအတွင်းက ကြိမ်ဒဏ်ပေးခြင်းဥပဒေကို ပယ်ဖျက်ထားခြင်း မရှိသေးပါဘူး။ အဲ့ဒီလိုပြောပြီးတော့ နောက်တလလောက်နေမှ ကြိမ်ဒဏ်ပေးခြင်းဥပဒေကို တရားဝင် ပယ်ဖျက်လိုက်တာ ဖြစ်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ လက်မှတ်ထိုးမယ်ဆိုရင်တောင်မှ ဒီဥစ္စာကို အကောင်အထည်ဖော်ဖို့ တော်တော် ယောင်တိယောင်ဝါး ဖြစ်ဦးမယ့် အခြေအနေဖြစ်တယ်လို့ ကျနော်တော့ မြင်တယ်။”

ညှဉ်းပန်းနှိပ်စက်မှုဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်ဆိုတာကို နားလည်လက်ခံလာအောင် အသိပညာပေး ပြုပြင်ပြောင်းလဲဖို့ လိုတယ်ဆိုတာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင်ကလည်း အသိအမှတ်ပြုပါတယ်။

“ဆိုတော့ ဒီ torture နဲ့ ပတ်သက်လို့ ကျနော်တို့ အသိပညာ ပေးတာလေးကတော့ ကျယ်ကျယ်ပြန့်ပြန့်လေး နှံ့နှံ့စပ်စပ်လေး လုပ်ဖို့ လိုနေသေးတယ်လို့ ကျနော်တော့ ဒီလို မြင်ပါတယ်။”

မေး။ ။ ရဲတွေအတွက်ပေါ့နော် ဆရာ။

ဖြေ။ ။ “အဓိကကတော့ ရဲရယ်၊ တပ်ရယ်၊ နောက် ကျနော်တို့ အကျဉ်းဦးစီးရယ်ပေါ့”

လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ပညာပေးလုပ်ငန်းတွေ လုပ်ဖို့ အစီအစဉ်တွေ ရှိနေပေမဲ့လည်း အကောင်အထည် မဖော်နိုင်သေးဘူးလို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

XS
SM
MD
LG