အခုရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံ နေရာတော်တော်များများမှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဟင်္သာတမြို့မှာတော့ မိုး ၂ ရက်ဆက်တိုက် ရွာသွန်းပြီး ရေကြီးခဲ့တာကြောင့် လမ်းတွေ၊ လူနေအိမ်တွေ၊ ဈေးတွေ ရေနစ်မြုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ စာသင်ကျောင်းတွေ၊ ဇရပ်တွေမှာ သွားနေခဲ့ရပြီး မြို့လယ်ခေါင်က ဈေးတချို့နဲ့ စာသင်ကျောင်းတချို့လည်း ပိတ်ခဲ့ရပါတယ်။ ဒီကနေ့မှာ ရေအနည်းငယ်ပြန်ကျသွားခဲ့ပေမဲ့ ရပ်ကွက်တချို့မှာ ရေလောင်း အိမ်သာတွေ ပျက်ဆီးခဲ့ တာကြောင့် အညစ်အကြေးတွေနဲ့ အနံ့အသက်တွေရဲ့ ဆိုးရွားတဲ့ဒဏ်ကို ရပ်ကွက်နေလူထုက အတော်လေး ဆိုးဆိုးရွားရွား ရင်ဆိုင်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။
မြန်မာနိုင်ငံ နေရာတော်တော်များများမှာ မိုးဆက် တိုက်ရွာသွန်းခဲ့တာကြောင့် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အစရှိတဲ့ဒေသတွေမှာ ရေကြီးမှုတွေနဲ့ ကြုံခဲ့ရတာပါ။ ဒီလို ရေကြီးမှုနဲ့ကြုံခဲ့ရတဲ့အထဲ ဧရာဝတီတိုင်း ဟင်္သာတမြို့မှာဆိုရင် အရင်က တခါမှ မကြုံဖူးလောက်အောင် ရေကြီးမှုမျိုးကို ကြုံခဲ့ရတာဖြစ်တယ်လို့ မြို့ခံတချို့က ပြောပါတယ်။ ၁၉ ရက်နေ့ ညကနေ ၂၀ ရက်နေ့ခင်းအထိ မိုးဆက်တိုက် ရွာခဲ့တာကြောင့် ရေဟာ ပေါင်လယ်ကနေ ခါးအထိ တက်ခဲ့ပြီး မြို့လယ်ခေါင်က ဌေးဝင်းဈေး၊ ပဒေသာဈေးနဲ့ အားကာဈေး တို့ကို ၂ ဆက်တိုက် ပိတ်ပစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
စာသင်ကျောင်းတချို့လည်း ကြာသပတေးနေ့ကစလို့ ပိတ်ခဲ့ရပြီး ရေနစ်မြုပ်တဲ့ရပ်ကွက်က လူထုတွေဟာ စာသင်ကျောင်းတွေနဲ့ ဇရပ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ သွားရောက် နေထိုင်ခဲ့ကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရေဘေးဒုက္ခသည်တွေကိုလည်း ထမင်းထုပ်တွေ ဝေရတာမျိုးလည်း ရှိခဲ့တယ်လို့ ဟင်္သာတမြို့ခံတဦးက ဗွီအိုအေက အခုလို ပြောပြခဲ့တာပါတယ်။
“အေးမြသာယာ တို့၊ မြဝတီ တို့ ရပ်ကွက်တွေကတော့ ၄ ပေလောက်အထိ ရေတက်တဲ့အခါကျတော့ ထမင်းထုပ်တွေဘာတွေ ဝေရတဲ့အဆင့်အထိ ရောက်သွားတယ်။ စာသင်ကျောင်း တို့ ဇရပ်တွေပေါ်ကို လူတွေကိုတင်ပေါ့။ ရပ်ကွက်အတွင်းရေးမှူးက ထမင်းထုပ်တို့ ရေသန့်ဘူး တို့ဝေတယ်။ လူမှုရေး အသင်းအဖွဲ့တွေကလည်း ရေသန့်ဘူးတွေ ထမင်းထုပ်တွေ ဝေတယ်။ လှေတစင်းနဲ့ အဲဒီလှေပေါ်တင်ပြီးတော့ တွန်းကြတာပေါ့ဗျာ။ အဲဒီရပ်ကွက်က စာသင်ကျောင်းတွေကို ပိတ်ထားရတာပေါ့ဗျာ။ ကျနော်တို့ ဟင်္သာတ မြို့လယ်ခေါင်မှာ အ.လ.က (၁) ဆိုတဲ့ကျောင်းတောင် ပိတ်ထားရတယ်။ ၂၀ ရက်နေ့ကတည်းက စပိတ်တာ။ မြို့တော်ခန်းမမှာတောင်မှ အခုထက်ထိ ရေက ဒူးခေါင်းလောက် ရှိတယ်။ မြို့တော်ခန်းမထဲမှာ။ မိုးရေကြီးတာကို စနစ်တကျ ရေနုပ်မြောင်း မဖောက်တဲ့အတွက် ယာယီပေါ့ဗျာ၊ တရက်နှစ်ရက်လောက် မြို့ပေါ်မှာ ရေကြီးတဲ့သဘောဆိုတော့ လျှပ်စစ်မီးပြတ်တောက်လောက်အောင် အထိတော့ မဖြစ်ဘူး။”
စနေနေ့မှာ ရေအနည်းငယ်ပြန်ကျသွားပြီဆိုပေမဲ့ ခြေသလုံးလောက်အထိတော့ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ စည်ပင်သာယာနဲ့ မြို့နယ်အာဏာပိုင်တွေကတော့ မြို့လယ်ခေါင်က ရေကျပြီးနောက်ပိုင်း ကျန်နေတဲ့ အညစ်အကြေးတွေ၊ ရေနုပ်မြောင်းတူးဖော်တာတွေကို ဦးစားပေးလုပ်ဆောင်နေပြီး ရပ်ကွက်တွေမှာတော့ ရေကြီးမှုကြောင့် ပျက်ဆီးခဲ့ရတဲ့ အိမ်သာတွေကနေ ထွက်လာတဲ့ အညစ်အကြေး အမှိုက်သရိုက်တွေကြောင့် သွားလာရတာ အတော်လေး ဒုက္ခရောက်ပြီး အနံ့အသက်ဆိုးရွားမှုဒဏ်ကိုလည်း ဆိုးဆိုးရွားရွားကို ကြုံတွေ့နေရတယ်လို့ အဲ့ဒီမြို့ခံကပဲ အခုလို ဆက်ပြောပြပါတယ်။
“ရပ်ကွက်ကတော့ ရေကျသွားပြီဆိုပေမဲ့ ရေက ခြေကျင်းဝတ်လောက် ကျန်သေးတယ်။ ၆ လက်မလောက် ကျန်သေးတယ်ဆိုတော့ ရေတွေကညစ်ပတ်လို့ နံစော်နေတာပေါ့။ ရပ်ကွက်ထဲမှာ ပုပ်စော်နံနေတာပေါ့ဗျာ၊ အေးနန္ဒာတို့ မြဝတီတို့ ရပ်ကွက်တွေက နည်းနည်းလေ အိမ်ခြေစိပ်တယ်လေ။ အိမ်လေးတွေက သေးသေးလေးတွေ ဆောက်တော့။ သူတို့က အိမ်တွေအကုန်လုံးကရှိတဲ့ အိမ်သာ အညစ်အကြေးတွေက ပေါလောတွေ ပေါ်ပြီးတော့ လဲနေတာပေါ့။ သွားစရာမရှိတော့။ ရေကျတော့လည်း အဲဒါတွေက ပြန်တင်နေတာပေါ့။ ဟိုအိမ်ရှေ့တင် ဒီအိမ်အောက်တင်နဲ့။ တော်တော် ဆိုးဆိုးရွားရွား ဖြစ်တာပေါ့။ တချို့အိမ်ကလူတွေဆို တော်တော်အနံ့အသက် မခံနိုင်လောက်အောင်အထိ ဖြစ်နေတယ်။”
ဒါကတော့ ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ မိုးဆက်တိုက်ရွာလို့ ရေကြီးပြီး လူတွေ ဒုက္ခရောက်နေကြရတဲ့ အခြေအနေပါ။ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ဂွမြို့တွေမှာလည်း မိုးကြီးလို့ ချောင်းရေတက်တာ တောင်ကျရေ များတာတွေ ဖြစ်ခဲ့တာကြောင့် ကျေးရွာတချို့ နေအိမ်တွေ ရေနစ်မြုပ်တာမျိုး၊ ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်ရတာမျိုးတွေ ဖြစ်ခဲ့ပါသေးတယ်။ ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်ဘက်မှာ ရေပြန်ကျသွားပြီလို့ သိရပါတယ်။