ဗြိတိန်နိုင်ငံက လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီအတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲမှာ Boris Johnson အနိုင်ရသွားပြီဖြစ်တာကြောင့် သူဟာ ဗြိတိန်ရဲ့ ဝန်ကြီးချုပ် အသစ် ဖြစ်ကြောင်း ပါတီက ဒီကနေ့ ကြေညာလိုက်ပါတယ်။
တနင်္လာနေ့ညမှာ ပြီးဆုံးသွားတဲ့ မဲဆန္ဒပေးပွဲမှာ မဲရလဒ် ၆၆ ရာခိုင်နှုန်း ရရှိခဲ့တဲ့ Boris Johnson က မဲရလဒ် ၃၄ ရာခိုင်နှုန်း ရခဲ့တဲ့ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကို အနိုင်ရလိုက်တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအနိုင်ရကြောင်း ကြေငြာချက်ထွက်လာပြီးတဲ့နောက်မှာတော့ မစ္စတာ Johnson က တိုင်းပြည် စည်းလုံးရေးနဲ့ တိုးတက်အောင်မြင်မှုတွေအတွက် ရှေ့တိုး ဆောင်ရွက်သွားမယ့်အကြောင်း ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဥရောပသမဂ္ဂနေ ဗြိတိန်နိုင်ငံခွဲထွက်ဖို့ လုပ်ဆောင်သွားမယ်လို့ ကတိပြု ပြောဆိုသွားသလို ပညာရေး၊ အခြေခံအဆောက်အအုံနဲ့ ရဲတပ်ဖွဲ့ကို အားပေးမြှင့်တင်ပြီး နိုင်ငံပေါင်းစည်းရေး လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
Boris Johnson ဟာ မနက်ဖြန်ဗုဒ္ဓဟူးနေ့မှာတော့ ဝန်ကြီးချုပ် Theresa May ထံကနေ တရားဝင် ရထူးပြေားလဲ လက်ခံရယူတော့မှာပါ။
ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ရေးကိစ္စ ဆွေးနွေးညှိနှိုင်းမှုတွေ အကြိမ်ကြိမ် မအောင်မမြင်ဖြစ်ခဲ့တဲ့အတွက် ဝန်ကြီးချုပ် May ရာထူးက နုတ်ထွက်သွားတာဖြစ်ပြီး ဝန်ကြီးချုပ်သစ် မရွေးချယ်ခင်စပ်ကြား ယာယီ တာဝန်ယူထားပေးတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် May အနေနဲ့ နိုင်ငံနဲ့ ပါတီအပေါ် သူမတူအောင် တာဝန် ထမ်းဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင့် မစ္စတာ Johnson ဟာ သူ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Boris Johnson ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း အမေရိကန်သမ္မတ Donald Trump ကလည်း Twitter ကနေ ရေးသားခဲ့ပါတယ်။