ယူကရိန်းအရေး ပြတ်ပြတ်သားသားဆုံးဖြတ်ရမယ် အချိန်ရောက်ပြီ (ကန်ဝန်ကြီး Blinken)
{{Zawgyi/Unicode}}
ယူကရိန်းအရေး ဖြေရှင်းရာမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်တန်ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သတိပေးလိုက်ပါတယ်။ ယူကရိန်းနယ်စပ်ကို ရုရှားက တပ်အင်အား ၁ သိန်းလောက် တိုးမြှင့်ထားတာကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ သတိပေးပြောကြားလိုက်တာပါ။
“၂ နိုင်ငံ ပဋိပက္ခထက် ပိုကြီးမားပါတယ်။ ရုရှားနဲ့ နေတိုးမဟာမိတ်အဖွဲ့ကြား ပဋိပက္ခထက်လည်း ကြီးမားပါတယ်။ ကမ္ဘာတဝှမ်း အကျိုးဆက်တွေကြုံရမယ့် အကျပ်အတည်းပါ။ ဒါကြောင့်လည်း ကမ္ဘာတဝှမ်းက အာရုံစိုက်မှုတွေနဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။” လို့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကြာသပတေးနေ့က ဝန်ကြီးဘလင်ကန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ရုရှားတပ်တွေ ယူကရိန်းနိုင်ငံထဲ ကျုးကျော်ဝင်ရောက်လာခဲ့ရင် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း ပြောပါတယ်။ တချိန်တည်းမှာပဲ သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ရုရှားသမ္မတ Vladimir Putin အနေနဲ့ အခွင့်အလန်းတွေ ရှိနေဆဲဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဆွေးနွေးညှိနှိုင်းမှုတွေ၊ သံတမန်ရေး နည်းလမ်းတွေကို သုံးမလား၊ ထိပ်တိုက်ရင်ဆိုင်တဲ့နည်းကို သုံးမလားဆိုတာ ရုရှားအနေနဲ့ ရွေးချယ်ရမှာ ဖြစ်ကြောင်းလည်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နဲ့ တွေ့ဆုံအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။
ယူကရိန်းအရေး တင်းမာမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ရုရှားတာဝန်ရှိသူတွေ တိုက်ရိုက်ဆွေးနွေးနေရာမှာ သီတင်းတပတ်အတွင်း ၄ ကြိမ်မြောက်အဖြစ် သောကြာနေ့ကျရင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဝန်ကြီးဘလင်ကန်ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ယူကရိန်းနယ်စပ်ကနေ တပ်တွေ ပြန်ရုပ်သိမ်းဖို့ အမေရိကန်နဲ့ မဟာမိတ်တွေက တောင်းဆိုနေတဲ့ တချိန်တည်းမှာပဲ ရုရှားကတော့ ယူကရိန်းကို နေတိုးမဟာမိတ်အဖွဲ့မှာ လက်မခံဖို့နဲ့ အရှေ့ဥရောပမှာ မဟာမိတ်အဖွဲ့ တိုးချဲ့တာတွေ မလုပ်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
........................................
{{Zawgyi/Unicode}}