သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ စက်ရုံပေါက်ကွဲမှုကြောင့် အနည်းဆုံး မြန်မာ ၂ ဦးသေဆုံး


Prachinburi ခရိုင်၊ ဘိုတွန်စက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် Chiang Chiang Nan Ferrous Metal Co., Ltd. ခဲရည်ကျိုစက်ရုံ
Prachinburi ခရိုင်၊ ဘိုတွန်စက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် Chiang Chiang Nan Ferrous Metal Co., Ltd. ခဲရည်ကျိုစက်ရုံ

ထိုင်းနိုင်ငံအလယ်ပိုင်း Prachinburi က စက်မှုဇုံမှာရှိတဲ့ စက်ရုံတခုမှာ မတော်တဆ ပေါက်ကွဲမှုဖြစ်ရာက အနည်းဆုံး မြန်မာနိုင်ငံသား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ စက်ရုံမှာ မနေ့တုန်းက ပေါက်ကွဲမှုအတွင်း အလုပ်သမားတွေ ဓာတုအဆိပ်သင့်နိုင်တဲ့ အန္တရာယ်နဲ့လည်း ကြုံခဲ့ရတာပါ။

စက်ရုံမတော်တဆမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ပရကျင်ဘူရီ (Prachin Buri) ဘိုထောင်း မို့နယ်မှာ တရုတ်နိုင်ငံသားပိုင်တဲ့ စက်ရုံမှာ အလုပ်သမား ၂၀၀ ကျော် ရှိနေပြီး အများစုကတော့ မြန်မာ နိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒီစက်ရုံမှာ အောက်တိုဘာလ၂၆ ရက်နေ့မနက်က ဓါတုဆေးရည်ကန် ဘွိုင်လာအိုးတလုံး ပေါက်ကွဲမှု ဖြစ်တာကြောင့် မြန်မာ ၂ ဦးသေဆုံးပြီး၊ မြန်မာအလုပ်သမား ၁၀ ဦးကျော် ဒဏ်ရာတွေရခဲ့ပါတယ်။ စက်ရုံမှာ ပေါက်ကွဲပြီးတဲ့နောက် အခုလို ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဒဏ်ရာရ လူနာတွေကို ကြည့်ရူ့ပေးနေတဲ့ Prachinburi ခရိုင် ဆေးရုံကြီးက ဆရာဝန်ဒေါက်တာ ဝီရဆပ်ကတော့ အခုလို ပြောသွားပါတယ်။

သူပြောသွားတာကတော့ အခုလိုပေါက်ကွဲမူ့ဖြစ်ပြီးနောက် ဓါတုဆေးရည်တွေ ရှူရှိုက်မိလို့ အသက်ရူလမ်းကြောင်းကနေတဆင့် ခန္ဓာကိုယ်တွင်းကို ဝင်ရောက်သွားမယ်ဆိုရင် ခေါင်းကိုက်တာတွေ ဗိုက်အောင့်တာတွေ အော့အန်တာတွေ ဖြစ်လာပါတယ်။ ဒီအတွက် ဒီလိုဖြစ်လာပြီဆိုရင် အလုပ်သမားတွေအနေနဲ့ ဆေးရုံကို အမြန်လာရောက်ကြပါလို့ ပြောဆိုသွားပါတယ်။

စက်ရုံအလုပ်သမား ၂၀၀ ကျော်ထဲ မြန်မာနိုင်ငံသား ၁၃၇ ဦးရှိကြောင်း အခုလို ပေါက်ကွဲတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးခဲ့ပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။ သတင်း ထုတ်ပြန်ချက်ထဲမှာတော့ အခုလို ပေါက်ကွဲခဲ့ရတာဟာ စက်ရုံတစ်ခုအတွင်း ဓာတုဗေဒ ရောစပ် တိုင်ကီ ပေါက်ကွဲမှုဟာ တာ၀န်ကျအလုပ်သမားဟာ ဓါတုရောစပ် ဆေးရည်ကို လိုအပ်တာထက်ပိုပြီး ထည့်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲတဲ့နေရာမှာတင် မြန်မာအလုပ်သမားတဦးပွဲချင်းပြီး သေဆုံးသွားခဲ့သလို ဆေးရုံမှာ နောက်ထပ်မြန်မာတဦး ထပ်မံသေဆုံးသွားခဲ့ပါတယ်။ ထိုင်းသတင်းတွေမှာတော့ သေဆုံးသူ၂ ဦးဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး နာမည်တွေကတော့ သက်ဝေနဲ့ မင်းအောင်တို့ ဖြစ်ကြပြီး နှစ်နိုင်ငံ သဘောတူညီချက် (MOU)နဲ့ လာကြသူတွေ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ လတ်တလောမှာတော့ အဲဒီ ပေါက်ကွဲမှုဖြစ်တဲ့ စက်ရုံကို ယာယီပိတ်ထားဖို့အတွက် အာဏာပိုင်တွေက ညွန်ကြားထားပါတယ်။

Forum

XS
SM
MD
LG