သဘာ၀ တောရိုင်းတိရစ္ဆာန် ဆုံးရှုံးမှုနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဆင့် ကျဆင်းလာမှုတွေကို လျော့ပါးအောင် ပြုလုပ်ကြဖို့အတွက် ကုလသမဂ္ဂ တာဝန်ရှိသူတွေက အရေးပေါ် နိုင်ငံတကာ ဆောင်ရွက်ချက်တခု လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ ဇီဝမျိုးကွဲဆိုင်ရာ သဘောတူညီမှု အဖွဲ့ရဲ့ အမှုဆောင် အတွင်းရေးမှူး အာမက် ဂျိုလပ်က တနင်္လာနေ့က ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ဆွေးနွေးပွဲရဲ့ ဖွင့်ပွဲမှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
သူ့အဆိုအရ ကမ္ဘာကြီး ပူနွေးမှုကြောင့် ဖြစ်ရတဲ့ တင်ကြိုခန့်မှန်းလို့ မရတဲ့ ဇီဝမျိုးကွဲ ဆုံးရှုံးမှု ပြဿနာ ဆိုတာကို ဖြေရှင်းကြဖို့အတွက် ဆွေးနွေးပွဲ တက်ရောက်သူ ၁၅,၀၀၀ ကို တိုက်တွန်းခဲ့ပါတယ်။
ဇီဝမျိုးကွဲ ထိန်းသိမ်းမှုဆိုင်ရာ ဆွေးနွေးပွဲကို ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ နှစ်ပတ်ကြာ ကျင်းပပြီး လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံ ၁၉၀ ကျော်ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးမှာ ညစ်ညမ်းမှုကြောင့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မတူကွဲပြားတဲ့ ဂေဟစနစ်နဲ့ မျိုးနွယ်စုတွေ ရှင်သန်ရေးကို သေချာအောင် ဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။
သဘာ၀ တိုင်းရင်းတိရစ္ဆာန်တွေကို ကာကွယ်နိုင်အောင် လုပ်ငန်းစဉ်တွေ ချမှတ်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲတွေကို လေ့လာ သုံးသပ်ဖို့အတွက် ဒီအစည်းအဝေးကို ပုံမှန် ကျင်းပခဲ့တာ ဖြစ်ပါတယ်။