သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတနဲ့ သမ္မတ Biden နောက်ဆုံးတွေ့ဆုံပွဲ


တရုတ်သမ္မတ Xi နဲ့ အမေရိကန်သမ္မတ Biden (ပုံဟောင်း ၂၀၂၃ APEC Summit in California)
တရုတ်သမ္မတ Xi နဲ့ အမေရိကန်သမ္မတ Biden (ပုံဟောင်း ၂၀၂၃ APEC Summit in California)

အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီမှာ အာဏာလွှဲပေးရတော့မယ့် သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဒီနေ့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပီရူးနိုင်ငံ၊ လီမားမြို့မှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီး ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ ခေါင်းဆောင် ၂ ယောက် သီးခြား တွေ့ဆုံကြမှာပါ။

အမေရိကန်သမ္မတသစ်အဖြစ် Donald Trump တက်လာပြီးရင် ကမ္ဘာကြီးမှာ အခြေအနေတွေ ကမောက်ကမ ဖြစ်နိုင်တယ်လို့ ခေါင်းဆောင် ၂ ယောက်လုံးက APEC ညီလာခံမှာ သောကြာနေ့က ပြောကြားခဲ့ကြပါတယ်။ Trump ရဲ့ ဒုတိယသမ္မတသက်တမ်းအတွင်း တရုတ်နဲ့ ကုန်သွယ်ရေး တင်းမာမှုတွေ ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ သမ္မတ Biden နဲ့ သမ္မတ Xi တို့ တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာ ၂ ရက်ကျင်းပတဲ့ APEC ထိပ်သီးညီလာခံမှာလည်း ရှေ့နှစ်ဆန်း ဇန်နဝါရီ ၂၀ ရက်နေ့မှာ Trump အာဏာလွဲပြောင်းယူပြီးတဲ့နောက်ပိုင်း ဖြစ်လာနိုင်ခြေရှိတဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးမှာ တိုးတက်မှုတွေ ရှိလာတဲ့ လက္ခဏာအဖြစ် ဒီနေ့တွေ့ဆုံမှုကို သတ်မှတ်နိုင်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ဒီနေ့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်မှာ အတိမ်းအစောင်း မခံနိုင်တဲ့ အာဏာအလွှဲပြောင်းမှု ချောမွေ့ရေးနဲ့ တရုတ်နဲ့ ပြိုင်ဆိုင်မှုတွေကနေ ပဋိပက္ခဖြစ်တဲ့ လမ်းကြောင်းဆီရောက်စေဖို့ တရုတ်သမ္မတနဲ့ ရည်ရွယ်တွေ့ဆုံတာ ဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေအပါအဝင် မကြာသေးခင် လပိုင်းတွေအတွင်း အမေရိကန်အစိုးရရဲ့ ဆက်သွယ်ရေးစံနစ်ကို တရုတ်က Cyber အွန်လိုင်းကနေ ထိုးဖောက်နှောက်ယှက်ခဲ့တာ၊ ထိုင်ဝမ်အပေါ် တရုတ်ဘက်က ဖိအားပေးမှုတွေ အရှိန်မြင့် လုပ်ဆောင်လာနေတာတွေဟာ လတ်တလော အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

သမ္မတ Biden အစိုးရက ကုန်သွယ်ရေးကဏ္ဍမှာ တရုတ်အပေါ် တင်းမာတဲ့ ပေါ်လစီတွေ ချမှတ်ဆောင်ရွက်လာတာနဲ့ တရုတ်မှာ ရင်းနှီးမြှုပ်နှံမယ့် အမေရိကန်ကုမ္ပဏီတွေအပေါ် တင်းကြပ်မှုတွေ လုပ်ဆောင်လာတာတွေဟာ တရုတ်ဘက်က စိုးရိမ်မှု ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေ ဖြစ်နေပါတယ်။

Forum

XS
SM
MD
LG