သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မျိုးဆက်သစ်ကိုလက်ဆင့်ကမ်းပေးဖို့ ဆုံးဖြတ်ခဲ့”သမ္မတ ဘိုင်ဒန်


သမ္မတဂျိုးဘိုင်ဒန်က ရွေးကောက်ပွဲ မဝင်တော့ဖို့ဘာကြောင့် ဆုံးဖြတ်ရသလဲဆိုတာ တိုင်းပြည်ကို ရှင်းလင်းပြတဲ့မိန့်ခွန်းကို သမ္မတအိမ်ဖြူတော်ရုံးခန်းကနေ တိုက်ရိုက် ပြောနေစဥ်။ (ဇူလိုင်လ ၂၄၊ ၂၀၂၄)
သမ္မတဂျိုးဘိုင်ဒန်က ရွေးကောက်ပွဲ မဝင်တော့ဖို့ဘာကြောင့် ဆုံးဖြတ်ရသလဲဆိုတာ တိုင်းပြည်ကို ရှင်းလင်းပြတဲ့မိန့်ခွန်းကို သမ္မတအိမ်ဖြူတော်ရုံးခန်းကနေ တိုက်ရိုက် ပြောနေစဥ်။ (ဇူလိုင်လ ၂၄၊ ၂၀၂၄)

သမ္မတ ဘိုင်ဒန်ဟာ သူ့အနေနဲ့ လာမယ့် ဒုတိယအကြိမ်သမ္မတသက်တမ်းမှာ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အိမ်ဖြူတော်သမ္မတရုံးခန်းကနေ ဝါရှင်တန်စံချိန် ဗုဒ္ဓဟူးနေ့ ည ၈နာရီ၊ မြန်မာစံတော်ချိန် ကြာသပတေးနေ့ မနက် ၆ နာရီခွဲမှာ နိုင်ငံတဝန်းကို တိုက်ရိုက်မိန့်ခွန်းပြောပါတယ်။ အကောင်းဆုံးကတော့ မျိုးဆက်သစ်ကို မီးရှူးတိုင်လက်ဆင့်ကမ်းပေးရမယ်ဆိုတာကို သူအနေနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ ဒါဟာလည်း နိုင်ငံညီညွတ်ရေးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ် သူ့အနေနဲ့ ယူဆတယ်လို့ ပြောပါတယ်။ လူငယ်တွေအသံကို နေရာပေးရမယ် အချိန်ပေးရမယ်လို့လည်း ပြောပါတယ်။

“တခြားအရာတွေထက် ဒီမိုကရေစီကာကွယ်ဖို့က ပိုပြီးအရေးကြီးတယ်၊ အမေရိကန်ပြည်သူတွေအတွက်အလုပ်လုပ်ဖို့ သူ့အနေနဲ့ အားအင် ယူခဲ့ရတယ်၊ ဒါပေမယ့်လည်း ဒီ ပြည်ထောင်ကြီး ပြည့်စုံစေဖို့ဆိုတာဟာ သူ့တဦးတည်းကိစ္စမဟုတ်ဘဲ အမေရိကန်ပြည်သူတွေ အမေရိကန်အနာဂတ်ကိစ္စဖြစ်တယ်” လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။ အမေရိကန်ဖွဲ့စည်းပုံမှာပါတဲ့ WE the People ပြည်သူ ဆိုတဲ့စကားလုံးကို ထည့်သွင်းပြောပါတယ်။ အမေရိကန်ပြည်သူတွေအနေနဲ့ မျှော်လင့်ချက်နဲ့ အမုန်းတရားကို ရွေးချယ်ကြရမယ်လို့လည်း ပြောပါတယ်။

လာမယ့် ၆ လအတွင်းမှာတော့ သူ့အနေနဲ့ သမ္မတ တာဝန်ကို အလေးပေးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ခက်ခက်ခဲခဲရုန်းကန်နေတဲ့ မိသားစုတွေအတွက် ကုန်ကျစရိတ်တွေ နည်းလာအောင်၊ စီးပွားရေး ဖွံ့ဖြိုးလာအောင် ဆက်လုပ်သွားမှာဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုနဲ့ မဲပေးရွေးချယ်ခွင့်ဆိုတဲ့ နိုင်ငံသားအခွင့်အရေးတွေကို ကာကွယ်သွားပါမယ်လို့ ပြောပါတယ်။ တရားရုံးချုပ်စနစ် ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်မှာဖြစ်သလို နိုင်ငံတကာမှာ နေတိုးအပါအဝင် မဟာမိတ်တွေ အားကောင်းရေးကို ဆောင်ရွက်မယ်၊ ဂါဇာစစ်ရပ်စဲအောင်ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

'အမေရိကန်မှာ ကြီးမြတ်တဲ့ကိစ္စကတော့ ဘုရင်တွေ၊ အာဏာရှင်တွေ အုပ်ချုပ်တာမဟုတ်ဘဲ လူထုက အုပ်ချုပ်မှုဖြစ်တယ်လို့ဆိုပြီး သမိုင်းဟာ ခင်ဗျားတို့ လက်ထဲမှာရှိတယ်၊ အာဏာဟာ ခင်ဗျားတို့ လက်ထဲမှာ ရှိတယ်။ အမေရိကန်အတွေးအမြင်အယူအဆဟာ ခင်ဗျားတို့အပေါ်မူတည်တယ်လို့' အမေရိကန်လူထုကို တိုက်ရိုက်ရည်ညွှန်းပြောဆိုသွားပါတယ်။

အမေရိကန်နိုင်ငံရေးသမိုင်းမှာတော့ သမ္မတတွေအနေနဲ့ အရေးကြီးတဲ့မူဝါဒတွေ အရေးကြီးတဲ့စကားတွေကို အိမ်ဖြူတော် သမ္မတရုံးခန်းကနေ အခုလို တိုက်ရိုက်ပြောလေ့ရှိပါတယ်။ ပထမအကြိမ် သမ္မတသက်တမ်းတာဝန်ယူနေတဲ့ သမ္မတ ဘိုင်ဒန်အနေနဲ့ နောက်ထပ်သက်တမ်းတခုအတွက် ရွေးကောက်ပွဲမဝင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အပေါ် အခုလို ရှင်းလင်းပြောဆိုသွားတာဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒန်မိန့်ခွန်းနဲ့ ပတ်သက်လို့ တုံ့ပြန်သုံးသပ်ချက်တွေကို ဗွီအိုအေမြန်မာပိုင်း အစီအစဉ်တွေကနေ ထုတ်လွှင့်သွားဖို့ရှိပါတယ်။

Forum

XS
SM
MD
LG